အခန်း​ငါး

ရွေးဖိုး​—‏ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်

ရွေးဖိုး​—‏ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်

၁၊ ၂။ (က) ဘယ်​လို​လက်​ဆောင်​မျိုး​ဟာ အဖိုး​တန်​သလဲ။ (ခ) ရွေး​ဖိုး​ဟာ အဖိုး​ထိုက်​ဆုံး ဘု​ရား​ပေး​လက်​ဆောင်​လို့ ဘာ​ကြောင့် ပြော​နိုင်​သလဲ။

သင်ရခဲ့​ဖူး​တဲ့ လက်​ဆောင်​တွေ​မှာ အကောင်း​ဆုံး လက်​ဆောင်​ဟာ ဘာ​လဲ။ တန်​ဖိုး​ရှိ​တဲ့ လက်​ဆောင်​ဖြစ်​ဖို့ စျေး​ကြီး​စ​ရာ မလို​ပါ​ဘူး။ လက်​ဆောင်​တစ်​ခု​ဟာ သင့်​ကို ပျော်​ရွှင်​စေ​တယ်၊ တ​ကယ်​လို​အပ်​တဲ့​အရာ ဖြစ်​တယ်​ဆို​ရင် သင့်​အတွက် အလွန်အဖိုး​တန်​တယ်။

ဘု​ရား​ပေး​လက်​ဆောင်​တွေ​ထဲ​မှာ ကျွန်​တော်​တို့ အလို​အပ်​ဆုံး လက်​ဆောင်​တစ်​ခု ရှိ​တယ်။ အဲ​ဒါ​ဟာ လူ​တွေ​ကို ဘု​ရား​ပေး​တဲ့ အဖိုး​ထိုက်​ဆုံး လက်​ဆောင်​ပဲ။ ကျွန်​တော်​တို့ ထာ​ဝ​စဉ် အသက်​ရှင်​နိုင်​ဖို့ သား​တော်​ယေရှု​ခ​ရစ်​ကို ယေဟောဝါ စေ​လွှတ်​ခဲ့​တဲ့​အကြောင်း ဒီ​အခန်း​မှာ လေ့​လာ​ကြ​မယ်။ (မဿဲ ၂၀:၂၈ ကို​ဖတ်​ပါ။) ယေရှု​ကို ရွေး​ဖိုး​အဖြစ် မြေကြီး​ပေါ် စေ​လွှတ်​တာ​က ကျွန်​တော်​တို့​ကို ယေဟောဝါ ဘယ်​လောက်​ချစ်​မှန်း သက်​သေထူ​တယ်။

ရွေး​ဖိုး​ဆို​တာ ဘာ​လဲ

၃။ လူ​တွေ ဘာ​ကြောင့် သေရ​တာ​လဲ။

ရွေး​ဖိုး​ဆို​တာ လူ​တွေ​ကို အပြစ်​နဲ့ သေခြင်း​က​နေ လွတ်​မြောက်​အောင် ယေဟောဝါ​လုပ်​ဆောင်​တဲ့​နည်း​လမ်း ဖြစ်​တယ်။ (ဧဖက် ၁:၇) ရွေး​ဖိုး​လို​အပ်​တဲ့​အကြောင်း နား​လည်​ဖို့ လွန်​ခဲ့​တဲ့ နှစ်​ပေါင်း​များ​စွာ​က ဧ​ဒင်​ဥ​ယျာဉ်​မှာ ဖြစ်​ပျက်​ခဲ့​တာ​တွေ​ကို သိ​ဖို့​လို​တယ်။ ကျွန်​တော်​တို့​ရဲ့ ကနဦး​မိ​ဘ အာ​ဒံ​နဲ့ ဧ​ဝ အပြစ်​လုပ်​ခဲ့​ကြ​တယ်။ အဲဒီ​အပြစ်​ကြောင့် သူတို့ သေရ​တယ်။ အာ​ဒံ​နဲ့ ဧ​ဝ​ဆီ​က အမွေ​ရခဲ့​တဲ့ အပြစ်​ကြောင့် ကျွန်​တော်​တို့​လည်း သေရ​တယ်။—ရှင်း​လင်း​ချက် ၉ ကို​ကြည့်​ပါ။

၄။ အာ​ဒံ​ဟာ ဘယ်​သူ​လဲ၊ ဘယ်​လို​အသက်​တာ​မျိုး ရ​ထား​သလဲ။

ပထ​မလူ​သား အာ​ဒံ​ကို ယေဟောဝါ ဖန်​ဆင်း​ချိန်​မှာ တ​ကယ်​အဖိုး​ထိုက်​တဲ့​အရာ၊ ပြည့်​ဝ​စုံလင်​တဲ့ အသက်​ကို ပေး​ခဲ့​တယ်။ ကိုယ်​စိတ်​နှစ်​ပါး ပြည့်​ဝ​စုံလင်​တဲ့​အတွက် အို​ခြင်း၊ နာ​ခြင်း၊ သေခြင်း ကြုံရ​မှာ မဟုတ်​ဘူး။ ယေဟောဝါ​ဘု​ရား​က အာ​ဒံ​ကို ဖန်​ဆင်း​ခဲ့​တာ​ဖြစ်​လို့ အာ​ဒံ​အတွက် ဖခင်​တစ်​ယောက်​လို​ပါ​ပဲ။ (လုကာ ၃:၃၈) ယေဟောဝါ​က အာ​ဒံ​နဲ့ မှန်​မှန် စကား​ပြော​လေ့​ရှိ​တယ်။ သူ့​ကို ဘာ​လုပ်​စေ​ချင်​သလဲ​ဆို​တာ ရှင်း​ရှင်း​လင်း​လင်း ပြော​ပြပြီး ကျေ​နပ်​စ​ရာ​ကောင်း​တဲ့ အလုပ်​တာဝန် ပေး​ထား​တယ်။—ကမ္ဘာဦး ၁:၂၈-၃၀။ ၂:၁၆၊ ၁၇

၅။ အာ​ဒံ​ကို “ဘု​ရား​သခင့် ပုံ​သဏ္ဌာန်​အတိုင်း​” ဖန်​ဆင်း​ထား​တယ်​လို့ ကျမ်း​စာ​ပြော​တာ​ဟာ ဘာ​ကို​ဆိုလို​တာ​လဲ။

အာ​ဒံ​ဟာ “ဘု​ရား​သခင့် ပုံ​သဏ္ဌာန်​အတိုင်း” ဖန်​ဆင်း​ခံ​ခဲ့ရ​တယ်။ (ကမ္ဘာဦး ၁:၂၇) ယေဟောဝါ​ဟာ ချစ်​ခြင်း​မေတ္တာ၊ ဉာဏ်​ပညာ၊ တ​ရား​မျှ​တ​မှု၊ တန်ခိုး​အပါ​အဝင် သူ့​မှာ​ရှိ​တဲ့ အရည်​အသွေး​တွေ​ကို အာ​ဒံ​ဆီ ထည့်​သွင်း​ဖန်​ဆင်း​ထား​တယ်။ လွတ်​လပ်​စွာ ရွေး​ချယ်​ပိုင်​ခွင့် ပေး​ထား​တယ်။ သူ​ဟာ စက်​ရုပ် မဟုတ်​ဘူး။ အမှား​အမှန်​ကို ကိုယ်​တိုင် ရွေး​ချယ်​နိုင်​အောင် ဘု​ရား​ဖန်​ဆင်း​ထား​တယ်။ အာ​ဒံ​သာ ဘု​ရား​သခင်​ကို နာ​ခံ​ဖို့ ရွေး​ချယ်​ခဲ့​မယ်​ဆို​ရင် မြေကြီး​ပရ​ဒိ​သု​မှာ ထာ​ဝ​စဉ် အသက်​ရှင်​နိုင်​မယ်။

၆။ ဘု​ရား​သခင်​ကို မနာ​ခံ​တဲ့​အတွက် အာ​ဒံ ဘာ​ဆုံး​ရှုံး​ခဲ့ရ​သလဲ။ ကျွန်​တော်​တို့​ကို ဘယ်​လို ထိ​ခိုက်​သလဲ။

အာ​ဒံ​ဟာ ဘု​ရား​သခင်​ကို မနာ​ခံ​လို့ သေဒဏ်​ချ​မှတ်​ခံ​ရ​ချိန်​မှာ အလွန်​တန်​ဖိုး​ကြီး​တဲ့​အရာ​ကို ပေး​ဆပ်​လိုက်​ရ​တယ်။ ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး၊ ပြည့်​ဝ​စုံလင်​တဲ့​အသက်၊ ပရ​ဒိ​သု​စံ​အိမ်​ကို​ပါ ဆုံး​ရှုံး​လိုက်​ရ​တယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) ဘု​ရား​သခင်​ကို မနာ​ခံ​ဖို့ ရွေး​ချယ်​ခဲ့​တဲ့​အတွက် အာ​ဒံ​နဲ့ ဧ​ဝ ဘာ​မျှော်​လင့်​ချက်​မှ မရှိ​တော့​ဘူး။ အာ​ဒံ​ကြောင့် ‘အပြစ်​ဟာ လူ့​လော​က​ထဲ ရောက်​လာ​တယ်။ အပြစ်​ကြောင့် သေခြင်း​လည်း ပေါ်​ပေါက်​လာ​တယ်။ ဒါ​ကြောင့် လူ​အားလုံး​ဟာ အပြစ်​ရှိ​သူ​တွေ ဖြစ်​သွား​တဲ့​အတွက် သေဆုံး​ကြ​ရ​တယ်။’ (ရော​မ ၅:၁၂) အာ​ဒံ အပြစ်​လုပ်​တဲ့​အခါ ကိုယ်​တိုင်​နဲ့ ကျွန်​တော်​တို့​ကို အပြစ်​နဲ့ သေခြင်း​ရဲ့ ကျွန်​ဘဝ​ရောက်​အောင် “ရောင်း​စား​” ခဲ့​တယ်။ (ရော​မ ၇:၁၄) ဒီ​တော့ ကျွန်​တော်​တို့​အတွက် မျှော်​လင့်​ချက် ရှိ​သေး​ရဲ့​လား။ ရှိ​ပါ​တယ်။

၇၊ ၈။ ရွေး​ဖိုး​ဆို​တာ ဘာ​လဲ။

ရွေး​ဖိုး​ဆို​တာ ဘာ​လဲ။ အခြေ​ခံ​အား​ဖြင့် အချက်​နှစ်​ချက် ပါ​ဝင်​တယ်။ ပထ​မ၊ တစ်​စုံ​တစ်​ယောက် လွတ်​မြောက်​ဖို့၊ တစ်​စုံ​တစ်​ခု​ကို ပြန်​ဝယ်​ယူ​ဖို့ ပေး​ရ​တဲ့ အဖိုး​အခ​ကို ဆိုလို​တယ်။ ဒုတိ​ယ၊ ဆုံး​ရှုံး​သွား​တဲ့ အရာ​တစ်​ခု​ကို ပြန်​ရ​ဖို့ ပေး​ရ​တဲ့ တန်​ရာ​တန်​ကြေး​ကို ဆိုလို​တယ်။

အာ​ဒံ အပြစ်​လုပ်​ပြီး ကျွန်​တော်​တို့​ကို သေခြင်း​ရဲ့​ကျွန်​ဘဝ ရောက်​စေ​ခဲ့​ချိန်​မှာ သူ့​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ ဆုံး​ရှုံး​နစ်​နာ​မှု​ကြီး​အတွက် ဘယ်​လူ​သား​က​မှ မပေး​ဆပ်​နိုင်​ဘူး။ ဒါ​ပေမဲ့ ယေဟောဝါ​က အပြစ်​နဲ့ သေခြင်း​လက်​က​နေ ကျွန်​တော်​တို့ လွတ်​မြောက်​နိုင်​ဖို့ နည်း​လမ်း ပြင်​ဆင်​ပေး​တယ်။ ရွေး​ဖိုး​က ဘာ​ကို ဖြစ်​မြောက်​စေ​တယ်၊ ရွေး​ဖိုး​က​နေ ဘာ​အကျိုး​ကျေး​ဇူး ရ​နိုင်​တယ်​ဆို​တာ လေ့​လာ​ကြည့်​ရ​အောင်။

ရွေး​ဖိုး​ကို ယေဟောဝါ ပြင်​ဆင်​ပေး​ပုံ

၉။ ရွေး​ဖိုး​ကို ဘယ်​လို ပေး​နိုင်​သလဲ။

အာ​ဒံ​ဆုံး​ရှုံး​ခဲ့​တဲ့ ပြည့်​ဝ​စုံလင်​တဲ့​အသက်​ကို ပြန်​ရ​အောင် ဘယ်​သူ​မှ မရွေး​နိုင်​ဘူး။ ဘာ​ကြောင့်​လဲ။ ကျွန်​တော်​တို့​အားလုံး ပြည့်​ဝ​စုံလင်​သူ​တွေ မဟုတ်​လို့​ပဲ။ (ဆာလံ ၄၉:၇၊ ၈) ပြည့်​ဝ​စုံလင်​တဲ့ လူ့​အသက်​နဲ့ ပြန်​ရွေး​မှ ရ​မယ်။ ဒါ​မှ “ညီ​မျှ​တဲ့ ရွေး​ဖိုး​” လို့​ခေါ်​နိုင်​မယ်။ (၁ တိမောသေ ၂:၆) ရွေး​ဖိုး​ဟာ အာ​ဒံ​ဆုံး​ရှုံး​ခဲ့​တဲ့ အသက်​နဲ့ တန်​ဖိုး​ညီ​ရ​မယ်။

၁၀။ ရွေး​ဖိုး​ကို ယေဟောဝါ ဘယ်​လို ပြင်​ဆင်​ပေး​ခဲ့​သလဲ။

၁၀ ယေဟောဝါ​က ရွေး​ဖိုး​ကို ဘယ်​လို ပြင်​ဆင်​ပေး​ခဲ့​သလဲ။ တန်​ဖိုး​အထား​ရ​ဆုံး သား​ကို မြေကြီး​ပေါ် စေ​လွှတ်​ခဲ့​တယ်။ အဲဒီ​သား​တော် ယေရှု​ဟာ ဘု​ရား​သခင် ဦး​ဆုံး ဖန်​ဆင်း​ခဲ့​တဲ့​သူ​ပဲ။ (၁ ယောဟန် ၄:၉၊ ၁၀) ယေရှု​က ဖခင်​နဲ့ ကောင်း​ကင်​စံ​အိမ်​ကို လို​လို​လား​လား စွန့်​ခွာ​ခဲ့​တယ်။ (ဖိ​လိပ္ပိ ၂:၇) ယေဟောဝါ​က ယေရှု​ကို ကောင်း​ကင်​က​နေ မြေကြီး​ပေါ် ပြောင်း​ရွှေ့​ပေး​ပြီး အပြစ်​မရှိ၊ ပြည့်​ဝ​စုံလင်​တဲ့ လူ​သား​အဖြစ် မွေး​ဖွား​စေ​တယ်။—လုကာ ၁:၃၅

ယေဟောဝါက တန်ဖိုးအထားရဆုံး သားတော်ကို ကျွန်တော်တို့အတွက် ရွေးဖိုးအဖြစ် ပေးခဲ့

၁၁။ လူ​တစ်​ယောက်​က လူ​အားလုံး​အတွက် ရွေး​ဖိုး ဘယ်​လို ပေး​နိုင်​သလဲ။

၁၁ ပထ​မလူ​သား အာ​ဒံ​က ယေဟောဝါ​ကို မနာ​ခံ​တဲ့​အတွက် လူ​အားလုံး ပြည့်​ဝ​စုံလင်​တဲ့​အသက် ဆုံး​ရှုံး​သွား​တယ်။ အာ​ဒံ​ရဲ့ သား​သမီး​အားလုံး​အတွက် သေခြင်း​ကို ဖယ်​ရှား​ပေး​နိုင်​သူ ရှိ​သလား။ ရှိ​ပါ​တယ်။ (ရော​မ ၅:၁၉ ကို​ဖတ်​ပါ။) တစ်​ခါ​မှ အပြစ်​မလုပ်​ဖူး​တဲ့ ယေရှု​က သူ့​ရဲ့ ပြည့်​ဝ​စုံလင်​တဲ့​အသက်​ကို ရွေး​ဖိုး​အဖြစ် ပေး​ခဲ့​တယ်။ (၁ ကော​ရိန္သု ၁၅:၄၅) အဲဒီ​ပြည့်​ဝ​စုံလင်​တဲ့​အသက်​က အာ​ဒံ​ရဲ့ သား​သမီး​အားလုံး​အတွက် သေခြင်း​ကို ဖယ်​ရှား​ပေး​နိုင်​တယ်။—၁ ကော​ရိန္သု ၁၅:၂၁၊ ၂၂

၁၂။ ယေရှု ဘာ​လို့ ဒီ​လောက် ဝေ​ဒ​နာ​ခံ​ဖို့ လို​တာ​လဲ။

၁၂ ယေရှု မသေဆုံး​ခင် ဘယ်​လောက်​တောင် ဝေ​ဒ​နာ​ခံစား​ခဲ့ရ​တဲ့​အကြောင်း ကျမ်း​စာ​မှာ ဖော်ပြတယ်။ ကျာ​ပွတ်​နဲ့ မညှာ​မတာ ရိုက်​နှက်​ခံ​ရ​တယ်၊ သစ်​တိုင်​ပေါ်​မှာ သံ​နဲ့​ရိုက်​ထား​ခံ​ရ​တယ်၊ ဝေ​ဒ​နာ တ​မြေ့မြေ့ခံစား​ပြီး​မှ သေဆုံး​သွား​တယ်။ (ယောဟန် ၁၉:၁၊ ၁၆-၁၈၊ ၃၀) ယေရှု ဘာ​လို့ ဒီ​လောက် ဝေ​ဒ​နာ​ခံ​ဖို့ လို​တာ​လဲ။ အပြင်း​အထန် စမ်း​သပ်​ခံ​ရ​တဲ့​အခါ ဘယ်​လူ​သား​မှ ဘု​ရား​အပေါ် သစ္စာ​ရှိ​မှာ မဟုတ်​ဘူး​ဆို​ပြီး စာ​တန် စွပ်​စွဲ​ခဲ့လို့​ပဲ။ ပြည့်​ဝ​စုံလင်​တဲ့​လူ​ဟာ အကြီး​အကျယ် ဝေ​ဒ​နာ​ခံစား​ရ​တာ​တောင် ဘု​ရား​အပေါ် သစ္စာ​ရှိ​နိုင်​တယ်​ဆို​တာ ယေရှု သက်​သေထူ​ခဲ့​တယ်။ ယေရှု​အတွက် ယေဟောဝါ ဘယ်​လောက် ဂုဏ်​ယူ​မလဲ​ဆို​တာ မြင်​ယောင်​ကြည့်​လိုက်​ပါ။—ပညာ​အလိမ္မာ ၂၇:၁၁ရှင်း​လင်း​ချက် ၁၅ ကို​ကြည့်​ပါ။

၁၃။ ရွေး​ဖိုး​ကို ဘယ်​လို ပေး​ခဲ့​တာ​လဲ။

၁၃ ရွေး​ဖိုး​ကို ဘယ်​လို ပေး​ခဲ့​တာ​လဲ။ ဂျူး​ပြက္ခ​ဒိန်​အရ အေဒီ ၃၃၊ နိ​သန်​လ ၁၄ ရက်​မှာ ယေရှု အသေခံ​ဖို့ ယေဟောဝါ ခွင့်​ပြု​ခဲ့​တယ်။ (ဟီ​ဘ​ရူး ၁၀:၁၀) သုံး​ရက်​ကြာ​ပြီး​နောက် ယေဟောဝါ​က ယေရှု​ကို လူ​သား​အဖြစ် မဟုတ်​ဘဲ ဝိညာဉ်​ပု​ဂ္ဂိုလ်​အဖြစ် အသက်​ပြန်​ရှင်​စေ​တယ်။ အဲဒီ​နောက် ယေရှု​က ကောင်း​ကင်​မှာ​ရှိ​တဲ့ ဖခင်​ဆီ ပြန်​တဲ့​အခါ သူ့​ရဲ့ ပြည့်​ဝ​စုံလင်​တဲ့ လူ​သား​အသက်​ကို ရွေး​ဖိုး​အဖြစ် ယေဟောဝါ​ကို ပေး​ခဲ့​တယ်။ (ဟီ​ဘ​ရူး ၉:၂၄) ရွေး​ဖိုး​ပေး​လိုက်​ပြီဖြစ်​လို့ အပြစ်​နဲ့ သေခြင်း​လက်​က​နေ လွတ်​မြောက်​ဖို့ ကျွန်​တော်​တို့​အတွက် လမ်း​စ​ပွင့်​သွား​ပြီ။—ရော​မ ၃:၂၃၊ ၂၄ ကို​ဖတ်​ပါ။

ရွေး​ဖိုး​က​နေ အကျိုး​ကျေး​ဇူး ရ​နိုင်​ပုံ

၁၄၊ ၁၅။ အပြစ်​တွေ ခွင့်​လွှတ်​ခံ​ရ​ဖို့ ဘာ​လုပ်​ရ​မလဲ။

၁၄ ဘု​ရား​ပေး​တဲ့ အဖိုး​ထိုက်​ဆုံး​လက်​ဆောင်​က​နေ ကျွန်​တော်​တို့ အကျိုး​ကျေး​ဇူး ခံစား​နေ​ရ​ပြီ။ အခု​ရော အနာ​ဂတ်​မှာ​ပါ အကျိုး​ကျေး​ဇူး ခံစား​နိုင်​ပုံ​ကို ကြည့်​ကြ​ရ​အောင်။

၁၅ ကျွန်​တော်​တို့​ရဲ့ အပြစ်​တွေ ခွင့်​လွှတ်​ခံ​ရ​တယ်။ မှန်​ရာ​လုပ်​ဖို့ အမြဲ မလွယ်​ဘူး။ အမှား​တွေ ပြော​မိ၊ လုပ်​မိ​ကြ​တယ်။ (ကောလောသဲ ၁:၁၃၊ ၁၄) ဘယ်​လို​နည်း​နဲ့ ခွင့်​လွှတ်​မှု ရ​နိုင်​သလဲ။ လုပ်​မိ​တဲ့ အမှား​တွေ​အတွက် အမှန်​တ​ကယ် ဝမ်း​နည်း​ပြီး ခွင့်​လွှတ်​ပေး​ဖို့ ယေဟောဝါ​ဆီ နှိမ့်​ချ​စွာ တောင်း​ပန်​သင့်​တယ်။ ဒါ​ဆို​ရင် အပြစ်​တွေ ခွင့်​လွှတ်​ခံ​ရ​မယ်​ဆို​တာ စိတ်​ချ​နိုင်​တယ်။—၁ ယောဟန် ၁:၈၊ ၉

၁၆။ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ် ရှိ​အောင် ဘာ​လုပ်​ရ​မလဲ။

၁၆ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ် ရှိ​နိုင်​တယ်။ အမှား​အမှန်​သိ​စိတ်​က အမှား​လုပ်​မိ​ပြီလို့ အသိ​ပေး​တဲ့​အခါ အပြစ်​ရှိ​တယ်​လို့ ကျွန်​တော်​တို့ ခံစား​ရ​တယ်။ မျှော်​လင့်​ချက်​မရှိ၊ တန်​ဖိုး​မရှိ​ဘူး​လို့​တောင် ခံစား​ရ​နိုင်​တယ်။ ဒါ​ပေမဲ့ လက်​မလျှော့​လိုက်​ပါ​နဲ့။ ခွင့်​လွှတ်​မှု​ရ​ဖို့ ယေဟောဝါ​ဆီ အသနား​ခံ​မယ်​ဆို​ရင် ကျွန်​တော်​တို့ အသနား​ခံ​တာ​ကို နား​ထောင်​ပြီး ခွင့်​လွှတ်​မယ်​ဆို​တာ စိတ်​ချ​နိုင်​တယ်။ (ဟီ​ဘ​ရူး ၉:၁၃၊ ၁၄) ဘယ်​ပြဿ​နာ၊ ဘယ်​အား​နည်း​ချက်​မဆို ကျွန်​တော်​တို့ ပြော​ပြတာ​ကို ယေဟောဝါ လို​လား​တယ်။ (ဟီ​ဘ​ရူး ၄:၁၄-၁၆) ဒီ​နည်း​နဲ့ ဘု​ရား​သခင်​နဲ့ ကျွန်​တော်​တို့ ပြန်​လည်​သင့်​မြတ်​နိုင်​မယ်။

၁၇။ ယေရှု အသေခံ​ခဲ့လို့ ကျွန်​တော်​တို့ ဘယ်​ကောင်း​ချီးတွေ ခံစား​နိုင်​သလဲ။

၁၇ ထာ​ဝ​စဉ် အသက်​ရှင်​ဖို့ မျှော်​လင့်​ချက်​ရှိ​တယ်။ ‘အပြစ်​က​ပေး​တဲ့ အခ​ဟာ သေခြင်း​ပဲ။ ဘု​ရား​သခင်​ပေး​တဲ့ ဆု​လက်​ဆောင်​က​တော့ သခင်​ခ​ရစ်​တော် ယေရှု​အား​ဖြင့် ထာ​ဝ​ရ​အသက်​ပဲ။’ (ရော​မ ၆:၂၃) ယေရှု အသေခံ​ခဲ့လို့ ကျွန်​တော်​တို့ ဒေါင်​ဒေါင်​မြည် ကျန်း​မာ​ပြီး ထာ​ဝ​စဉ် အသက်​ရှင်​နိုင်​မယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) အဲဒီ​ကောင်း​ချီးတွေ ခံစား​ရ​ဖို့ ဘာ​လုပ်​ရ​မလဲ။

ရွေး​ဖိုး​ကို သင် လက်ခံ​မလား

၁၈။ ကျွန်​တော်​တို့​ကို ယေဟောဝါ​ချစ်​တယ်​ဆို​တာ ဘယ်​လို​သိ​နိုင်​သလဲ။

၁၈ တစ်​ယောက်​ယောက်​ဆီ​က​နေ လက်​ဆောင်​လှလှ​လေး ရ​တဲ့​အခါ စိတ်​လှုပ်​ရှား​သွား​တယ် မဟုတ်​လား။ ရွေး​ဖိုး​ဟာ တန်​ဖိုး​အကြီး​ဆုံး လက်​ဆောင်​ဖြစ်​လို့ ယေဟောဝါ​ကို လှိုက်​လှိုက်​လှဲ​လှဲ ကျေး​ဇူး​တင်​သင့်​တယ်။ ‘ဘု​ရား​သခင်​က လူ့​လော​က​ကို အလွန်​ချစ်​တယ်။ ဒါ​ကြောင့် မိမိ​ရဲ့ တစ်ဦး​တည်း​သော​သား​ကို​တောင် ပေး​အပ်​ခဲ့​တယ်​’ လို့ ယောဟန် ၃:၁၆ မှာ ပြော​ထား​တယ်။ ကျွန်​တော်​တို့​ကို ယေဟောဝါ အလွန်​ချစ်​တဲ့​အတွက် တန်​ဖိုး​အထား​ရ​ဆုံး သား​တော်​ယေရှု​ကို ပေး​ခဲ့​တယ်။ ယေရှု​က​လည်း ကျွန်​တော်​တို့​ကို ချစ်​လို့ ကျွန်​တော်​တို့​အတွက် လို​လို​လား​လား အသက်​စွန့်​ခဲ့​တယ်။ (ယောဟန် ၁၅:၁၃) ရွေး​ဖိုး​ဆို​တဲ့ လက်​ဆောင်​က သင့်​ကို ယေဟောဝါ​နဲ့ ယေရှု သိပ်​ချစ်​တယ်​ဆို​တာ စိတ်​ချ​စေ​တယ်။—ဂလာ​တိ ၂:၂၀

ယေဟောဝါအကြောင်း သိလာတဲ့အခါ ဘုရားမိတ်ဆွေဖြစ်လာပြီး ဘုရားကို ပိုချစ်လာမယ်

၁၉၊ ၂၀။ (က) ယေဟောဝါ​ရဲ့​မိတ်ဆွေ ဘယ်​လို​ဖြစ်​နိုင်​သလဲ။ (ခ) ယေရှု​ရဲ့ ရွေး​ဖိုး​ပူ​ဇော်​သက္ကာ​ကို လက်ခံ​ကြောင်း ဘယ်​လို​ပြနိုင်​သလဲ။

၁၉ ဘု​ရား​သခင်​ရဲ့ မေတ္တာ​ကြီး​မား​ပုံ​ကို သိ​ခဲ့ရ​ပြီ။ ဒါ​ဆို​ရင် ဘု​ရားရဲ့​မိတ်ဆွေ ဘယ်​လို​ဖြစ်​နိုင်​သလဲ။ ကိုယ်​မသိ​တဲ့​သူ​ကို ချစ်​ဖို့​ဆို​တာ မဖြစ်​နိုင်​ဘူး။ ဒါ​ပေမဲ့ ယောဟန် ၁၇:၃ မှာ ယေဟောဝါ​ကို ကျွန်​တော်​တို့ သိ​ကျွမ်း​နိုင်​တယ်​လို့ ပြော​ထား​တယ်။ ဘု​ရား​အကြောင်း သိ​လာ​တဲ့​အခါ ဘု​ရား​ကို ပို​ချစ်​လာ​မယ်၊ ဘု​ရား​စိတ်​နဲ့​တွေ့​တဲ့​သူ ဖြစ်​ချင်​လာ​ပြီး ဘု​ရားရဲ့​မိတ်ဆွေ ဖြစ်​လာ​မယ်။ ဒါ​ကြောင့် ကျမ်း​စာ​လေ့​လာ​ပြီး ယေဟောဝါ​အကြောင်း ဆက်​သင်​ယူ​ပါ။—၁ ယောဟန် ၅:၃

၂၀ ယေရှု​ရဲ့ ရွေး​ဖိုး​ပူ​ဇော်​သက္ကာ​ကို လက်ခံ​ပါ။ “​ဘု​ရားရဲ့​သား​ကို ယုံ​ကြည်​သက်​ဝင်​သူ​ဟာ ထာ​ဝ​ရ​အသက် ရ​လိမ့်​မယ်​” လို့ ကျမ်း​စာ​က ပြော​တယ်။ (ယောဟန် ၃:၃၆) ယုံ​ကြည်​သက်​ဝင်​တယ်​ဆို​တာ ဘာ​ကို ဆိုလို​တာ​လဲ။ ယေရှု​သွန်သင်​တဲ့​အတိုင်း လိုက်​နာ​တာ​ကို ဆိုလို​တယ်။ (ယောဟန် ၁၃:၁၅) ယေရှု​ကို ယုံ​တယ်​လို့ ပြော​ရုံ​နဲ့ မပြီး​ဘူး။ ရွေး​ဖိုး​ကို လက်ခံ​ဖို့ ယုံ​ကြည်​ခြင်း​နဲ့​အညီ ကျွန်​တော်​တို့ လုပ်​ဆောင်​ရ​မယ်။ ‘လုပ်​ရပ်​မပါ​တဲ့ ယုံ​ကြည်​ခြင်း​ဟာ အသေပဲ’ လို့ ယာကုပ် ၂:၂၆ မှာ ပြော​ထား​တယ်။

၂၁၊ ၂၂။ (က) ခ​ရစ်​တော်​ရဲ့ သေခြင်း အောက်​မေ့​ရာ​ပွဲ​ကို ဘာ​လို့ နှစ်​စဉ် တက်​ရောက်​သင့်​သလဲ။ (ခ) အခန်း ၆ နဲ့ ၇ မှာ ဘာ​အကြောင်း လေ့​လာ​မလဲ။

၂၁ ခ​ရစ်​တော်​ရဲ့ သေခြင်း အောက်​မေ့​ရာ​ပွဲ​ကို တက်​ပါ။ ယေရှု မသေဆုံး​ခင်​ည​မှာ သူ့​ရဲ့​သေခြင်း အောက်​မေ့​ရာ​ပွဲ​ကို ကျင်း​ပဖို့ မှာ​ကြား​ခဲ့​တယ်။ နှစ်​စဉ်​ကျင်း​ပတဲ့ အဲဒီ​ပွဲ​ကို အောက်​မေ့​ရာ​ပွဲ၊ “သခင့်​ည​စာ​စား​ပွဲ” လို့​ခေါ်​တယ်။ (၁ ကော​ရိန္သု ၁၁:၂၀။ မဿဲ ၂၆:၂၆-၂၈) ယေရှု​က သူ့​ရဲ့ ပြည့်​ဝ​စုံလင်​တဲ့​အသက်​ကို ရွေး​ဖိုး​အဖြစ် ပေး​ခဲ့​တယ်​ဆို​တာ အောက်​မေ့​စေ​ချင်​တယ်။ “ကျွန်​တော့်​ကို အောက်​မေ့​တဲ့​အနေ​နဲ့ ဒီ​လို အမြဲလုပ်​ကြ​ပါ” လို့ သူ​ပြော​ခဲ့​တယ်။ (လုကာ ၂၂:၁၉ ကို​ဖတ်​ပါ။) အောက်​မေ့​ရာ​ပွဲ တက်​တဲ့​အခါ ရွေး​ဖိုး​ကို​သာ​မက ယေဟောဝါ​နဲ့ ယေရှု​ရဲ့ ကြီး​မား​တဲ့​မေတ္တာ​ကို​ပါ အမှတ်​ရ​ကြောင်း ဖော်ပြရာရောက်​တယ်။—ရှင်း​လင်း​ချက် ၁၆ ကို​ကြည့်​ပါ။

၂၂ ရ​နိုင်​သမျှ လက်​ဆောင်​တွေ​ထဲ​မှာ အဖိုး​ထိုက်​ဆုံး လက်​ဆောင်​ဟာ ရွေး​ဖိုး​ပဲ။ (၂ ကော​ရိန္သု ၉:၁၄၊ ၁၅) ကွယ်​လွန်​သူ သန်း​ပေါင်း​များ​စွာ​လည်း ဒီ​အဖိုး​ထိုက်​ဆုံး လက်​ဆောင်​က​နေ အကျိုး​ခံစား​ရ​ပါ​လိမ့်​မယ်။ ဘယ်​လို​နည်း​နဲ့​လဲ​ဆို​တာ အခန်း ၆ နဲ့ ၇ မှာ ရှင်း​ပြပါ​လိမ့်​မယ်။

[စာမျက်နှာ ၅၇ ပါ ရုပ်ပုံ]

ယေဟောဝါ​က တန်​ဖိုး​အထား​ရ​ဆုံး သား​တော်​ကို ကျွန်​တော်​တို့​အတွက် ရွေး​ဖိုး​အဖြစ် ပေး​ခဲ့