မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း​ခု​နစ်

သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်

သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်

၁-၃။ ကျွန်​တော်​တို့​အားလုံး ဘယ်​ချုပ်​နှောင်​မှု​အောက် ရောက်​နေ​ကြ​သလဲ။ ယေဟောဝါ​က ဘယ်​လို လွတ်​မြောက်​စေ​မလဲ။

ကိုယ်မကျူး​လွန်​တဲ့ ရာ​ဇ​ဝတ်​မှု​အတွက် ထောင်​ဒဏ် တစ်​သက်​တစ်​ကျွန်း ကျ​နေ​တယ် ဆို​ပါ​စို့။ လွတ်​လမ်း မရှိ​တော့​ဘူး။ ရှေ့​ရေး​အတွက် မျှော်​လင့်​ချက်​မဲ့​ပြီး ဘာ​ဆို​ဘာ​မှ မတတ်​နိုင်​တဲ့​အခြေ​အနေ ရောက်​နေ​ပြီ။ မျှော်​လင့်​ချက်​အားလုံး ပျက်​သုဉ်း​နေ​ချိန်​မှာ သင်​လွတ်​မြောက်​အောင် စွမ်း​ဆောင်​နိုင်​သူ​ရှိ​မှန်း၊ ကူညီ​မယ်​လို့ သူ​ကတိ​ပေး​မှန်း သိ​လိုက်​ရ​တယ် ဆို​ပါ​စို့။ သင် ဘယ်​လို​ခံစား​ရ​မလဲ။

ကျွန်​တော်​တို့​အားလုံး သေခြင်း​တ​ရားရဲ့ ချုပ်​နှောင်​မှု​အောက် ရောက်​နေ​ကြ​တယ်။ ဘယ်​လောက်​ပဲ ကြိုး​စား​ပါ​စေ လွတ်​လမ်း မရှိ​ဘူး။ ဒါ​ပေမဲ့ ယေဟောဝါ​မှာ သေခြင်း​က​နေ လွတ်​မြောက်​စေ​နိုင်​တဲ့ အစွမ်း​တန်ခိုး ရှိ​တယ်။ “နောက်​ဆုံး​ရန်​သူ​ဖြစ်​တဲ့ သေခြင်း​ဟာ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်” လို့​လည်း ကိုယ်​တော် ကတိ​ပေး​တယ်။—၁ ကော​ရိန္သု ၁၅:၂၆

သေရ​မှာ​ကို တွေး​ပူ​စ​ရာ မလို​တော့​ဘူး​ဆို​ရင် ဘယ်​လောက် စိတ်​ချမ်း​သာ​စ​ရာ​ကောင်း​မလဲ။ ယေဟောဝါ​က သေခြင်း​ကို ဖယ်​ရှား​ပေး​ရုံ​တင် မက​ဘူး၊ သေလွန်​သူ​တွေ​ကို​ပါ အသက်​ပြန်​ရှင်​စေ​မယ်။ ဒါ​ဟာ သင့်​အတွက် ဘာ​အဓိပ္ပာယ်​လဲ​ဆို​တာ စဉ်း​စား​ကြည့်​ပါ။ “လူ​သေတွေ ပြန်​ရှင်​လာ​မယ်” လို့ ကိုယ်​တော် ကတိ​ပေး​တယ်။ (ဟေ​ရှာ​ယ ၂၆:၁၉) ဒါ​ကို ကျမ်း​စာ​မှာ ရှင်​ပြန်​ထ​မြောက်​ခြင်း​လို့ ခေါ်​ထား​တယ်။

ချစ်​ရ​သူ​တစ်ဦး သေဆုံး​တဲ့​အခါ

၄။ (က) မိသား​စု​ဝင် ဒါ​မှ​မဟုတ် မိတ်ဆွေ​တစ်ဦး သေဆုံး​တဲ့​အခါ ဘယ်​က​နေ နှစ်​သိမ့်​မှု ရ​နိုင်​မလဲ။ (ခ) ယေရှု​ရဲ့ မိတ်ဆွေ​ကောင်း​တ​ချို့​ဟာ ဘယ်​သူ​တွေ​လဲ။

မိသား​စု​ဝင် ဒါ​မှ​မဟုတ် မိတ်ဆွေ​ရင်း​ချာ​တစ်​ယောက် သေဆုံး​တဲ့​အခါ ဖြေမဆည်​နိုင်​အောင် ဝမ်း​နည်း​ကြေ​ကွဲ​ရ​တယ်။ ကူ​မယ့်​သူ၊ ကယ်​မဲ့​သူ မရှိ​ဘူး​လို့ ခံစား​ရ​တယ်။ သူ အသက်​ပြန်​ရှင်​လာ​အောင် ဘာ​မှ​မလုပ်​ပေး​နိုင်​ဘူး။ ဒါ​ပေမဲ့ ကျမ်း​စာ​က​နေ နှစ်​သိမ့်​မှု ရ​နိုင်​တယ်။ (၂ ကော​ရိန္သု ၁:၃၊ ၄ ကို​ဖတ်​ပါ။) ယေဟောဝါ​နဲ့ ယေရှု​က ကျွန်​တော်​တို့ ချစ်​ရ​တဲ့​သူ​တွေ​ကို အသက်​ပြန်​ရှင်​စေ​ချင်​မှန်း ဖော်ပြတဲ့ ပုံ​န​မူ​နာ​တစ်​ခု​ကို သုံးသပ်​ကြည့်​ရ​အောင်။ ယေရှု မြေကြီး​ပေါ်​မှာ ရှိ​တုန်း​က လာ​ဇ​ရု၊ မာ​သ၊ မာ​ရိ​တို့ မောင်​နှ​မဆီ သွား​လည်​ပတ်​လေ့​ရှိ​တယ်။ သုံး​ယောက်​စ​လုံး​ဟာ ယေရှု​ရဲ့ မိတ်ဆွေ​ကောင်း​တွေ​ပဲ။ “ယေရှု​က မာ​သ၊ မာ​ရိ​နဲ့ လာ​ဇ​ရု​တို့​ကို ချစ်​ခင်” တယ်​လို့ ကျမ်း​စာ​မှာ​ပြော​တယ်။ တစ်​နေ့​ကျ​တော့ လာ​ဇ​ရု သေဆုံး​သွား​တယ်။—ယောဟန် ၁၁:၃-၅

၅၊ ၆။ (က) လာ​ဇ​ရုရဲ့​မိသား​စု​ဝင်​တွေ၊ မိတ်ဆွေ​တွေ ကြေ​ကွဲ​နေ​တာ​ကို မြင်​တဲ့​အခါ ယေရှု ဘယ်​လို​ဖြစ်​ခဲ့​သလဲ။ (ခ) သေခြင်း​နဲ့​ပတ်​သက်​ပြီး ယေရှု​ရဲ့​ခံစား​ချက်​ကို သိ​ရ​တာ ဘာ​ကြောင့် အား​ရှိ​စ​ရာ​ကောင်း​သလဲ။

မာ​သနဲ့ မာ​ရိ​ကို နှစ်​သိမ့်​ဖို့ ယေရှု​ထွက်​လာ​တယ်။ မာ​သက ယေရှု​လာ​နေ​ပြီဆို​တာ ကြား​တဲ့​အခါ မြို့​ပြင် ထွက်​ကြို​တယ်။ ယေရှု​ကို​မြင်​တော့ ဝမ်း​သာ​အား​ရ​နဲ့ “သခင်​သာ ဒီ​မှာ​ရှိ​ခဲ့ရင် ကျွန်​မရဲ့​မောင် သေမှာ​မဟုတ်​ဘူး” လို့​ပြော​တယ်။ ယေရှု အလာ​ကောင်း​ပေမဲ့ အခါ​နှောင်း​သွား​ပြီလို့ မာ​သ ထင်​နေ​တာ။ မာ​ရိ​လည်း ငို​နေ​တယ်။ သူတို့ ဝမ်း​နည်း​နေ​တာ​ကို မြင်​တော့ ယေရှု စိတ်​ထိ​ခိုက်​ပြီး မျက်​ရည်​ကျ​လာ​တယ်။ (ယောဟန် ၁၁:၂၁၊ ၃၃၊ ၃၅) ချစ်ရသူ​တစ်ယောက်​ကို ဆုံး​ရှုံး​လိုက်​ရ​တဲ့​အခါ ကျွန်​တော်​တို့ အလွန်​ဝမ်း​နည်း​ကြေ​ကွဲ​သလို ယေရှု​လည်း ထပ်​တူ​ကြေ​ကွဲ​ခဲ့​တယ်။

သေခြင်း​နဲ့​ပတ်​သက်​လာရင် ကျွန်​တော်​တို့​လို​ပဲ ယေရှု ခံစား​ရ​မှန်း သိ​လိုက်​ရ​တော့ အား​ရှိ​စ​ရာ​ပဲ။ ယေရှု​ဟာ သူ့​ဖခင်​နဲ့​တူ​တဲ့​အတွက် သူ့​ဖခင် ယေဟောဝါ​လည်း ကျွန်​တော်​တို့​နဲ့​ထပ်​တူ ခံစား​ရ​မယ်​ဆို​တာ သိ​နိုင်​တယ်။ (ယောဟန် ၁၄:၉) ယေဟောဝါ​မှာ သေခြင်း​ကို ထာ​ဝ​စဉ် ဖယ်​ရှား​ပေး​နိုင်​စွမ်း ရှိ​တယ်၊ မကြာ​ခင် ဖယ်​ရှား​ပေး​တော့​မယ်။

‘လာ​ဇ​ရု၊ ထွက်​လာခဲ့’

၇၊ ၈။ ဂူ​ဝ​မှာ​ရှိ​တဲ့ ကျောက်​တုံး​ကြီး​ကို မာ​သ ဘာ​လို့ မဖယ်​စေ​ချင်​တာ​လဲ။ ယေရှု ဘာ​လုပ်​ပေး​ခဲ့​သလဲ။

လာ​ဇ​ရုရဲ့​အလောင်း​ကို ထား​တဲ့ သင်္ချိုင်း​ဂူ​ကို ယေရှု ရောက်​လာ​တယ်။ ဂူ​ဝ​ကို ကျောက်​တုံး​ကြီး​နဲ့ ပိတ်​ထား​တဲ့​အတွက် “ကျောက်​တုံး​ကို ဖယ်​လိုက်​ပါ” လို့​ပြော​တယ်။ လာ​ဇ​ရု​အလောင်း ထည့်​ထား​တာ လေး​ရက်​ရှိ​ပြီဖြစ်​လို့ မာ​သက မဖယ်​စေ​ချင်​ဘူး။ (ယောဟန် ၁၁:၃၉) သူ့​မောင်​ကို ယေရှု ဘာ​လုပ်​ပေး​တော့​မယ်​ဆို​တာ မသိ​လို့​ပဲ။

လာ​ဇ​ရု အသက်​ပြန်​ရှင်​လာ​တဲ့​အခါ မိသား​စု​ဝင်​တွေ၊ မိတ်ဆွေ​တွေ ဘယ်​လောက်​ဝမ်း​သာ​မယ်​ဆို​တာ မြင်​ယောင်​ကြည့်​ပါ။—ယောဟန် ၁၁:၃၈-၄၄

ယေရှု​က “ထွက်​လာခဲ့” ဆို​ပြီး လာ​ဇ​ရု​ကို အော်​ခေါ်​လိုက်​တယ်။ မြင်​လိုက်​ရ​တဲ့ မြင်​ကွင်း​ကြောင့် မာ​သနဲ့ မာ​ရိ အံ့​သြသွား​တယ်။ လာ​ဇ​ရု​ဟာ “ခြေ​လက်​တွေရော မျက်​နှာ​မှာ​ပါ အဝတ်​တွေ ပတ်​စည်း​လျက်​သား ထွက်​လာ​တယ်။” (ယောဟန် ၁၁:၄၃၊ ၄၄) လာ​ဇ​ရု အသက်​ပြန်​ရှင်​လာ​တာ​ကိုး။ မိသား​စု​ဝင်​တွေ၊ မိတ်ဆွေ​တွေ​နဲ့ ပြန်​ဆုံ​စည်း​ရ​ပြီ။ သူ့​ကို ပွေ့​ဖက်​ထိ​တွေ့​နိုင်​ပြီ၊ စကား​ပြော​နိုင်​ပြီ။ အံ့​သြစ​ရာ​ကြီး​ပါ​လား။ လာ​ဇ​ရု အသက်​ပြန်​ရှင်​လာ​အောင် ယေရှု လုပ်​ပေး​လိုက်​ပြီ။

“မိန်း​က​လေး၊ ကျွန်​တော်​ပြော​မယ်။ ထ​ပါ”

၉၊ ၁၀။ (က) ရှင်​ပြန်​ထ​မြောက်​အောင် လုပ်​နိုင်​တဲ့တန်ခိုး​ကို ဘယ်​သူ့​ဆီ​က ယေရှု​ ရ​တာ​လဲ။ (ခ) ရှင်​ပြန်​ထ​မြောက်​ခြင်း​အကြောင်း ဖတ်​ရ​တာ ဘာ​ကြောင့် အကျိုး​ရှိ​သလဲ။

ယေရှု​က လူ​တွေ ထ​မြောက်​အောင် သူ့​အစွမ်း​တန်ခိုး​နဲ့ လုပ်​ပေး​ခဲ့​တာ​လား။ မဟုတ်​ပါ​ဘူး။ လာ​ဇ​ရု အသက်​ပြန်​ရှင်​လာ​အောင် မလုပ်​ပေး​ခင် ယေဟောဝါ​ဆီ ယေရှု ဆုတောင်း​တယ်။ လာ​ဇ​ရု ထ​မြောက်​လာ​အောင် လုပ်​နိုင်​တဲ့ တန်ခိုး​ကို ယေဟောဝါ​ပေး​ခဲ့​တာ။ (ယောဟန် ၁၁:၄၁၊ ၄၂ ကို​ဖတ်​ပါ။) လာ​ဇ​ရု​တစ်​ယောက်​ပဲ ရှင်​ပြန်​ထ​မြောက်​ခဲ့​တာ မဟုတ်​ဘူး။ အသည်း​အသန် ဖျား​နေ​တဲ့ ၁၂ နှစ်​သမီး​အကြောင်း ကျမ်း​စာ​မှာ​ပါ​တယ်။ ကြံ​ရာ​မရ ဖြစ်​နေ​တဲ့ ဖခင်​ယာ​အိ​ရု​က တစ်ဦး​တည်း​သော သမီး​လေး​ကို ကု​သပေး​ဖို့ ယေရှု​ကို အသနား​ခံ​တယ်။ အဲဒီ​အချိန်​မှာ လူ​တ​ချို့ ရောက်​လာ​ပြီး “သမီး​လေး ဆုံး​သွား​ပါ​ပြီ။ ဆ​ရာ့​ကို ဒုက္ခ​မပေး​ပါ​နဲ့​တော့” လို့​ပြော​တယ်။ ယေရှု​က “ဘာ​မှ​မစိုး​ရိမ်​ပါ​နဲ့။ ယုံ​ကြည်​ခြင်း​သာ​ရှိ​ပါ။ သမီး​လေး အသက်​ရှင်​လာ​လိမ့်​မယ်” လို့​ပြော​တယ်။ အဲဒီ​နောက် ယာ​အိ​ရု​အိမ်​ကို လိုက်​သွား​တယ်။ အိမ်​နား​ရောက်​တဲ့​အခါ လူ​တွေ ငို​နေ​ကြ​တာ​ကို မြင်​တော့ ယေရှု​က “မငို​ကြ​နဲ့​တော့။ ဒီ​မိန်း​က​လေး သေတာ​မှ မဟုတ်​ပဲ။ အိပ်​ပျော်​နေ​တာ” လို့​ပြော​တယ်။ ယေရှု ဘာ​ကို​ဆိုလို​မှန်း မိ​ဘ​တွေ သိ​ချင်​နေ​ကြ​မှာ​ပဲ။ ယေရှု​က အားလုံး​ကို ထွက်​သွား​ခိုင်း​ပြီး​နောက် မိ​ဘ​နှစ်​ပါး​ကို ခေါ်​ပြီး မိန်း​က​လေး​ရှိ​တဲ့ အခန်း​ထဲ ဝင်​သွား​တယ်။ အဲဒီ​နောက် မိန်း​က​လေး​ရဲ့​လက်​ကို ကိုင်​ပြီး “မိန်း​က​လေး၊ ကျွန်​တော်​ပြော​မယ်။ ထ​ပါ” လို့​ပြော​တယ်။ မိန်း​က​လေး ချက်​ချင်း​ပဲ ထ​လာ​ပြီး လမ်း​လျှောက်​တဲ့​အခါ မိ​ဘ​တွေ ဝမ်း​သာ​လုံး​ဆို့​သွား​တယ်။ သမီး​လေး​ကို ယေရှု ရှင်​ပြန်​ထ​မြောက်​ပေး​လိုက်​ပြီ။ (မာကု ၅:၂၂-၂၄၊ ၃၅-၄၂။ လုကာ ၈:၄၉-၅၆) အဲဒီ​အချိန်​က​စ​ပြီး သမီး​လေး​ကို မြင်​တိုင်း ယေရှု​က​တစ်ဆင့် ယေဟောဝါ လုပ်​ပေး​ခဲ့​တာ​ကို အမှတ်​ရ​နေ​ကြ​မှာ​ပဲ။ *

၁၀ အသက်​ပြန်​ရှင်​အောင် ယေရှု​လုပ်​ပေး​ခဲ့​သူ​တွေ​ဟာ နောက်​ပိုင်း​မှာ ပြန်​သေသွား​ကြ​တယ်။ ဒါ​ပေမဲ့ သူတို့​အကြောင်း ဖတ်​ရ​တော့ စစ်​မှန်​တဲ့​မျှော်​လင့်​ချက် ရှိ​လာ​တဲ့​အတွက် အကျိုး​ရှိ​တယ်။ သေလွန်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​လာ​အောင် လုပ်​ပေး​ချင်​တဲ့​ဆန္ဒ ယေဟောဝါ​ဆီ​မှာ ရှိ​တယ်။ လုပ်​လည်း လုပ်​ပေး​မယ်။

ရှင်​ပြန်​ထ​မြောက်​ခြင်း​မှတ်​တမ်း​တွေ​က​နေ ဘာ​သိ​ရ​သလဲ

ခရစ်ယာန်အမျိုးသမီး ဒေါ်ကာကို တမန်တော်ပေတရု ရှင်ပြန်ထမြောက်ပေးခဲ့တယ်။ —တမန်တော် ၉:၃၆-၄၂

မုဆိုးမရဲ့သားကို ဧလိယ ရှင်ပြန်ထမြောက်ပေးခဲ့တယ်။ —၁ ဘုရင်များ ၁၇:၁၇-၂၄

၁၁။ လာ​ဇ​ရု​နဲ့​ပတ်​သက်​လို့ ဒေ​သနာ ၉:၅ က​နေ ဘာ​သိ​ရ​သလဲ။

၁၁ “သေလွန်​သူ​က​တော့ ဘာ​မှ​မသိ​ဘူး” လို့ ကျမ်း​စာ​မှာ ရှင်း​ရှင်း​ပဲ ပြော​ထား​တယ်။ ဒါ​မှန်​တယ်​ဆို​တာ လာ​ဇ​ရုရဲ့ ဖြစ်​ရပ်​က ဖော်ပြတယ်။ (ဒေ​သနာ ၉:၅) ယေရှု​ပြော​တဲ့​အတိုင်း လာ​ဇ​ရု အိပ်​ပျော်​နေ​တဲ့​အလား ဖြစ်​ခဲ့​တယ်။ (ယောဟန် ၁၁:၁၁) သင်္ချိုင်း​ဂူ​ထဲ​မှာ ရှိ​နေ​တုန်း လာ​ဇ​ရု ‘ဘာ​ဆို​ဘာ​မှ မသိ​ဘူး။’

၁၂။ လာ​ဇ​ရု တ​ကယ်​ရှင်​ပြန်​ထ​မြောက်​ခဲ့​တယ်​ဆို​တာ ဘယ်​လို​သိ​နိုင်​သလဲ။

၁၂ လာ​ဇ​ရု ရှင်​ပြန်​ထ​မြောက်​လာ​အောင် ယေရှု​လုပ်​ပေး​တာ​ကို လူ​အများ​ကြီး မြင်​တယ်။ ယေရှု အဲဒီ​အံ့​ဖွယ်​အမှု လုပ်​တယ်​ဆို​တာ ရန်​သူ​တွေ​လည်း သိ​ကြ​တယ်။ လာ​ဇ​ရု အသက်​ရှင်​နေ​ပြီ၊ ဒါ​ဟာ သူ တ​ကယ်​ရှင်​ပြန်​ထ​မြောက်​ခဲ့​တယ်​ဆို​တဲ့ အထောက်​အထား​ပဲ။ (ယောဟန် ၁၁:၄၇) လူ​အများ​ကြီး​က လာ​ဇ​ရု​ကို တွေ့​ချင်​လို့ ရောက်​လာ​တယ်။ ယေရှု​ဟာ ဘု​ရား​သခင်​စေ​လွှတ်​သူ​ဖြစ်​မှန်း သူတို့ ယုံ​ကြည်​လာ​ကြ​တယ်။ ဒါ​ကို​မလို​လား​တဲ့ ရန်​သူ​တွေ​က ယေရှု​ကို​ရော လာ​ဇ​ရု​ကို​ပါ သတ်​ဖို့ ကြံ​စည်​ကြ​တယ်။—ယောဟန် ၁၁:၅၃။ ၁၂:၉-၁၁

၁၃။ သေလွန်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​အောင် ယေဟောဝါ​လုပ်​ပေး​မယ်​ဆို​တာ ဘာ​ကြောင့် စိတ်​ချ​နိုင်​သလဲ။

၁၃ “သင်္ချိုင်း​ဂူ​တွေ​မှာ ရှိ​နေ​သူ​အားလုံး” ရှင်​ပြန်​ထ​မြောက်​လာ​ကြ​မယ်​လို့ ယေရှု​ပြော​တယ်။ (ယောဟန် ၅:၂၈) ဒါ​ဟာ ယေဟောဝါ အမှတ်​ရ​တဲ့​သူ​အားလုံး အသက်​ပြန်​ရှင်​လာ​မယ်​ဆို​တဲ့ အဓိပ္ပာယ်​ပဲ။ သေလွန်​သူ​တစ်ဦး​ကို အသက်​ပြန်​ရှင်​အောင် လုပ်​ပေး​ဖို့​ဆို​ရင် သူ​နဲ့​ပတ်​သက်​တာ​မှန်​သမျှ မှတ်​မိ​နေ​ဖို့ လို​တယ်။ ယေဟောဝါ တ​ကယ်​ပဲ မှတ်​မိ​နိုင်​ပါ့​မလား။ စ​ကြ​ဝ​ဠာ​မှာ ကြယ်​တွေ သန်း​ထောင်​နဲ့​ချီ ရှိ​တယ်။ ကြယ်​တစ်​လုံး​စီ​ရဲ့​နာ​မည်​ကို ယေဟောဝါ​သိ​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ (ဟေ​ရှာ​ယ ၄၀:၂၆ ကို​ဖတ်​ပါ။) ကြယ်​တစ်​လုံး​စီ​ရဲ့ နာ​မည်​ကို​တောင် မှတ်​မိ​တယ်​ဆို​ရင် အသက်​ပြန်​ရှင်​စေ​မယ့်​သူ​တွေ​အကြောင်း အသေး​စိတ် မှတ်​မိ​ဖို့​ဆို​တာ ဘု​ရား​အတွက် လုံး​ဝ မခက်​ဘူး။ ယေဟောဝါ​ဟာ အရာ​အားလုံး​ကို ဖန်​ဆင်း​တဲ့​ဘု​ရား​ဆို​တော့ လူ​တွေ​ကို အသက်​ပြန်​ရှင်​စေ​နိုင်​တဲ့ အစွမ်း​တန်ခိုး ရှိ​တယ်​ဆို​တာ ကျွန်​တော်​တို့ သိ​တယ်။

၁၄၊ ၁၅။ ယောဘ​ရဲ့​စကား​က​နေ ရှင်​ပြန်​ထ​မြောက်​ခြင်း​အကြောင်း ဘာ​သိ​ရ​သလဲ။

၁၄ သေလွန်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​လာ​မယ်​ဆို​တာ သစ္စာ​ရှိ​သူ​ယောဘ ယုံ​ကြည်​တယ်။ “လူ​ဟာ သေဆုံး​သွား​ရင် အသက်​ပြန်​ရှင်​နိုင်​ဦး​မလား” လို့​မေး​ပြီး​တဲ့​နောက် “ကိုယ်​တော် ခေါ်​တဲ့​အခါ ပြန်​ထူး​ပါ့​မယ်။ ကိုယ်​တော်​ဟာ ဖန်​ဆင်း​ထား​တဲ့​လက်​ရာ​ကို ပြန်​မြင်​ချင်​စိတ် ပြင်း​ပြနေ​လိမ့်​မယ်” လို့ ယေဟောဝါ​ကို ယောဘ ပြော​ခဲ့​တယ်။ လူ​သေတွေ​ကို ရှင်​ပြန်​ထ​မြောက်​ပေး​ရ​မယ့်​အချိန်​ကို ယေဟောဝါ မျှော်​လင့်​တ​ကြီး စောင့်​နေ​မှန်း ယောဘ​သိ​တယ်။—ယောဘ ၁၄:၁၃-၁၅

၁၅ ရှင်​ပြန်​ထ​မြောက်​ခြင်း မျှော်​လင့်​ချက်​ကြောင့် သင် ဘယ်​လို​ခံစား​ရ​သလဲ။ ‘သေဆုံး​သွား​တဲ့ မိသား​စု​ဝင်​တွေ၊ မိတ်ဆွေ​တွေ​ကော အသက်​ပြန်​ရှင်​လာ​မလား’ ဆို​တာ သင် သိ​ချင်​နေ​မှာ​ပဲ။ သေလွန်​သူ​တွေ​ကို ယေဟောဝါ တ​ကယ် အသက်​ပြန်​ရှင်​စေ​ချင်​မှန်း သိ​ရ​တာ​ဟာ စိတ်​ချမ်း​သာ​စ​ရာ​ပါ။ ဘယ်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​လာ​မလဲ၊ သူတို့ ဘယ်​မှာ​နေ​ကြ​မလဲ ဆို​တာ​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​သွန်သင်​တာ​ကို သုံးသပ်​ကြ​စို့။

‘သား​တော်​ရဲ့​အသံ​ကို ကြား​ပြီး ထွက်​လာ​မယ်’

၁၆။ ကမ္ဘာ​ပေါ် ရှင်​ပြန်​ထ​မြောက်​လာ​မယ့်​သူ​တွေ ဘယ်​လို​အသက်​တာ​နဲ့ နေ​ထိုင်​ရ​မလဲ။

၁၆ တစ်​ချိန်​တုန်း​က ရှင်​ပြန်​ထ​မြောက်​ခဲ့​သူ​တွေ​ဟာ မိသား​စု​ဝင်​တွေ၊ မိတ်ဆွေ​တွေ​နဲ့ ဒီ​ကမ္ဘာ​ပေါ်​မှာ ပြန်​ဆုံ​စည်း​ရ​တယ်။ အနာ​ဂတ်​မှာ​လည်း အဲဒီ​အတိုင်း ဖြစ်​လာ​ပါ​လိမ့်​မယ်၊ ပို​ကောင်း​တဲ့ အလား​အလာ​နဲ့​ပေါ့။ ဒီ​ကမ္ဘာ​ပေါ် အသက်​ပြန်​ရှင်​လာ​မယ့်​သူ​တွေ​ဟာ သေရ​တော့​မှာ မဟုတ်​ဘူး၊ ထာ​ဝ​စဉ် အသက်​ရှင်​ရ​မယ့်​အလား​အလာ ရှိ​မှာ​ဖြစ်​လို့​ပဲ။ စစ်၊ ရာ​ဇ​ဝတ်​မှု၊ ဖျား​နာ​မှု​တွေ မရှိ​တော့​တဲ့ ကမ္ဘာ​မှာ သူတို့ နေ​ထိုင်​ကြ​ရ​မှာ။

၁၇။ ဘယ်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​လာ​မလဲ။

၁၇ ဘယ်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​လာ​မလဲ။ “သင်္ချိုင်း​ဂူ​တွေ​မှာ ရှိ​နေ​သူ​အားလုံး သား​တော်​ရဲ့​အသံ​ကို ကြား​ပြီး ထွက်​လာ​မယ်” လို့ ယေရှု​ပြော​တယ်။ (ယောဟန် ၅:၂၈၊ ၂၉) “ပင်လယ်​က မိမိ​ဆီ​မှာ​ရှိ​တဲ့ သေလွန်​သူ​တွေ​ကို ပေး​အပ်​တယ်။ သေမင်း​နဲ့ သင်္ချိုင်း​က​လည်း မိမိ​တို့​ဆီ​မှာ ရှိ​ထား​တဲ့ သေလွန်​သူ​တွေ​ကို ပေး​အပ်​တယ်” လို့ ဗျာဒိတ် ၂၀:၁၃ မှာ​ပြော​တယ်။ လူ​သန်း​ထောင်​ပေါင်း​များ​စွာ အသက်​ပြန်​ရှင်​လာ​ကြ​မှာ။ “ဖြောင့်​မတ်​သူ​ရော မဖြောင့်​မတ်​သူ​တွေ​ပါ ရှင်​ပြန်​ထ​မြောက်​လာ​မယ်” လို့ တမန်​တော်​ပေါလု ပြော​တယ်။ (တမန်​တော် ၂၄:၁၅ ကို​ဖတ်​ပါ။) ဘာ​ကို ဆိုလို​တာ​လဲ။

ပရဒိသုမှာ ရှင်ပြန်ထမြောက်လာမယ့်သူတွေဟာ ချစ်ရသူတွေနဲ့ ပြန်ဆုံစည်းရပါလိမ့်မယ်

၁၈။ ရှင်​ပြန်​ထ​မြောက်​လာ​မယ့် “ဖြောင့်​မတ်​သူ​တွေ” ဟာ ဘယ်​သူ​တွေ​လဲ။

၁၈ “ဖြောင့်​မတ်​သူ​တွေ” ထဲ​မှာ ယေရှု မြေကြီး​ပေါ်​မလာ​ခင် အသက်​ရှင်​ခဲ့​ကြ​တဲ့ ယေဟောဝါ​ရဲ့ သစ္စာ​ရှိ​ကျေး​ကျွန်​တွေ ပါ​တယ်။ နော​ဧ၊ အာဗြဟံ၊ စာ​ရာ၊ ရုသ၊ ဧ​သတာ​တို့ ကမ္ဘာ​ပေါ် ရှင်​ပြန်​ထ​မြောက်​လာ​ကြ​မယ်။ အဲဒီ​အမျိုး​သား၊ အမျိုး​သမီး​တ​ချို့​အကြောင်း ဟီ​ဘ​ရူး​အခန်း​ကြီး ၁၁ မှာ ဖတ်​ကြည့်​ပါ။ အခု​ခေတ် သေဆုံး​သွား​ကြ​တဲ့ ယေဟောဝါ​ရဲ့ သစ္စာ​ရှိ​ကျေး​ကျွန်​တွေ​ကော။ သူတို့​လည်း “ဖြောင့်​မတ်​သူ​တွေ” ဖြစ်​လို့ ရှင်​ပြန်​ထ​မြောက်​လာ​ကြ​မယ်။

၁၉။ “မဖြောင့်​မတ်​သူ​တွေ” ဟာ ဘယ်​သူ​တွေ​လဲ။ သူတို့​ကို ယေဟောဝါ ဘာ​အခွင့်​အရေး​ပေး​မလဲ။

၁၉ “မဖြောင့်​မတ်​သူ​တွေ” ထဲ​မှာ ယေဟောဝါ​အကြောင်း သိ​ခွင့်​မရ​လိုက်​ဘဲ သေသွား​တဲ့ လူ​သန်း​ထောင်​နဲ့​ချီ ပါ​ဝင်​တယ်။ သူတို့​ကို​လည်း ယေဟောဝါ မမေ့​ပါ​ဘူး။ သူတို့ ရှင်​ပြန်​ထ​မြောက်​အောင် လုပ်​ပေး​မယ်။ ယေဟောဝါ​အကြောင်း သင်​ယူ​ခွင့်၊ ဝတ်​ပြု​ကိုးကွယ်​ခွင့် ရ​ကြ​လိမ့်​မယ်။

၂၀။ သေလွန်​သူ​တိုင်း ဘာ​ကြောင့် ရှင်​ပြန်​ထ​မြောက်​မှာ မဟုတ်​သလဲ။

၂၀ သေလွန်​သူ​တိုင်း ရှင်​ပြန်​ထ​မြောက်​မယ်​လို့ ဆိုလို​တာ​လား။ မဟုတ်​ပါ​ဘူး။ တ​ချို့​သူ​တွေ အသက်​ပြန်​ရှင်​လာ​မှာ မဟုတ်​ဘူး​ဆို​ပြီး ယေရှု​ပြော​ခဲ့​တယ်။ (လုကာ ၁၂:၅) ဘယ်​သူ ထ​မြောက်​မယ်၊ မထ​မြောက်​ဘူး​ဆို​တာ ဘယ်​သူ ဆုံး​ဖြတ်​မလဲ။ ယေဟောဝါ​ဟာ အပြီး​သတ်​ဆုံး​ဖြတ်​မယ့် တ​ရား​သူ​ကြီး​ပဲ။ ကိုယ်​တော်​က “အသက်​ရှင်​သူ၊ သေလွန်​သူ​တွေ​ကို တ​ရား​စီ​ရင်​ဖို့” အခွင့်​အာ​ဏာ​ကို ယေရှု​ကို​လည်း ပေး​ထား​တယ်။ (တမန်​တော် ၁၀:၄၂) ပြောင်း​လဲ​ချင်​စိတ် မရှိ​တဲ့ လူ​ဆိုး​တွေ​အဖြစ် စီ​ရင်​ခံ​ရ​မယ့်​သူ​တွေ​က​တော့ ရှင်​ပြန်​ထ​မြောက်​မှာ မဟုတ်​ဘူး။—ရှင်း​လင်း​ချက် ၁၉ ကို​ကြည့်​ပါ။

ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​ခြင်း

၂၁၊ ၂၂။ (က) ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​တယ်​ဆို​တာ ဘာ​ကို ဆိုလို​တာ​လဲ။ (ခ) ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​သွား​တဲ့ ဦး​ဆုံး​ပု​ဂ္ဂိုလ်​ဟာ ဘယ်​သူ​လဲ။

၂၁ ကောင်း​ကင်​မှာ နေ​မယ့်​သူ​တ​ချို့ ရှိ​တယ်​လို့ ကျမ်း​စာ သွန်သင်​တယ်။ ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​တဲ့​သူ​ဟာ လူ့​ခန္ဓာ​ကိုယ်​နဲ့ အသက်​ပြန်​ရှင်​တာ မဟုတ်​ဘူး။ ကောင်း​ကင်​မှာ အသက်​ရှင်​ဖို့ ဝိညာဉ်​ပု​ဂ္ဂိုလ်​အဖြစ် ရှင်​ပြန်​ထ​မြောက်​သွား​တာ။

၂၂ အဲဒီ​လို ရှင်​ပြန်​ထ​မြောက်​သွား​တဲ့ ဦး​ဆုံး​ပု​ဂ္ဂိုလ်​က​တော့ ယေရှု​ပဲ။ (ယောဟန် ၃:၁၃) ယေရှု အသတ်​ခံ​ရ​ပြီး သုံး​ရက်​မြောက်​နေ့​မှာ ယေဟောဝါ​က သူ့​ကို ရှင်​ပြန်​ထ​မြောက်​စေ​ခဲ့​တယ်။ (ဆာလံ ၁၆:၁၀။ တမန်​တော် ၁၃:၃၄၊ ၃၅) ယေရှု​ဟာ လူ့​ခန္ဓာ​ကိုယ်​နဲ့ အသက်​ပြန်​ရှင်​တာ မဟုတ်​ဘူး။ ‘လူ​သား​တစ်​ယောက်​အဖြစ် ကွပ်​မျက်​ခံ​ရ​ပေမဲ့ ဝိညာဉ်​ပု​ဂ္ဂိုလ်​အဖြစ် ရှင်​ပြန်​ထ​မြောက်​ခဲ့​တယ်’ လို့ တမန်​တော်​ပေတရု ပြော​တယ်။ (၁ ပေတရု ၃:၁၈) တန်ခိုး​ကြီး​တဲ့ ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ယေရှု အသက်​ပြန်​ရှင်​လာ​တယ်။ (၁ ကော​ရိန္သု ၁၅:၃-၆) အဲဒီ​လို အသက်​ပြန်​ရှင်​တာ သူ​တစ်​ယောက်​ပဲ မဟုတ်​ဘူး​လို့ ကျမ်း​စာ​မှာ ပြော​တယ်။

၂၃၊ ၂၄။ ယေရှု​ပြော​တဲ့ “သိုးစု​ငယ်” ဆို​တာ ဘယ်​သူတွေ​လဲ။ အရေ​အတွက် ဘယ်​လောက်​ရှိ​သလဲ။

၂၃ ယေရှု မသေဆုံး​ခင်​လေး​မှာ “ခင်​ဗျား​တို့​အတွက် နေ​စ​ရာ​ပြင်​ဆင်​ဖို့ ကျွန်​တော် သွား​ရ​မယ်” လို့ သစ္စာ​ရှိ​တ​ပည့်တွေ​ကို ပြော​တယ်။ (ယောဟန် ၁၄:၂) သူ​နဲ့​အတူ ကောင်း​ကင်​မှာ​နေ​ဖို့ ရှင်​ပြန်​ထ​မြောက်​လာ​မယ့် နောက်​လိုက်​တ​ချို့ ရှိ​မယ်​ဆို​တဲ့​သဘော​ပဲ။ ဘယ်​လောက်​ရှိ​မလဲ။ “သိုးစု​ငယ်” လို့ ယေရှု​ပြော​တဲ့​အတွက် အရေ​အတွက် နည်း​မယ်။ (လုကာ ၁၂:၃၂) ​ တမန်​တော်​ယောဟန်​က ‘[ကောင်း​ကင်] ဇိ​အုန်​တောင်​ပေါ်​မှာ ယေရှု ရပ်​နေ​တာ၊’ ‘၁၄၄,၀၀၀ လည်း သူ​နဲ့​အတူ ရှိ​နေ​တာ’ ကို​မြင်​တယ်​ဆို​ပြီး အရေ​အတွက် အတိ​အကျ ​ပြော​ပြတယ်။—ဗျာဒိတ် ၁၄:၁

၂၄ အဲဒီ ၁၄၄,၀၀၀ ခ​ရစ်​ယာန်တွေ​ဟာ ဘယ်​အချိန်​မှာ ရှင်​ပြန်​ထ​မြောက်​ကြ​မလဲ။ ကောင်း​ကင်​မှာ ခ​ရစ်​တော် စတင်​အုပ်​ချုပ်​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​မယ်​လို့ ကျမ်း​စာ​က​ပြော​တယ်။ (၁ ကော​ရိန္သု ၁၅:၂၃) အဲဒီ​အချိန်​ဟာ အခု ကျွန်​တော်​တို့ အသက်​ရှင်​နေ​တဲ့​အချိန်​ပဲ။ ၁၄၄,၀၀၀ ထဲ​က အများ​စု​က​တော့ ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​သွား​ပြီ။ မြေကြီး​ပေါ် ကျန်​နေ​သေး​တဲ့​သူ​တွေ​ဟာ သေတာ​နဲ့​တစ်​ပြိုင်​နက် ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​ပါ​လိမ့်​မယ်။ သေလွန်​သူ​အများ​စု​က​တော့ မြေကြီး​ပရ​ဒိ​သု​မှာ အသက်​ရှင်​ဖို့ နောင်​တစ်​ချိန်​မှာ ရှင်​ပြန်​ထ​မြောက်​လာ​မယ်။

၂၅။ နောက်​အခန်း​မှာ ဘာ​အကြောင်း လေ့​လာ​ကြ​မလဲ။

၂၅ ယေဟောဝါ​က မကြာ​ခင် လူ​အားလုံး​ကို သေခြင်း​ရဲ့​အချုပ်​အနှောင်​က​နေ လွတ်​စေ​မယ်။ သေခြင်း​ရှိ​တော့​မှာ မဟုတ်​ဘူး။ (ဟေ​ရှာ​ယ ၂၅:၈ ကို​ဖတ်​ပါ။) ကောင်း​ကင်​တက်​တဲ့​သူ​တွေ​ကော အဲဒီ​မှာ ဘာ​လုပ်​ကြ​မလဲ။ ကောင်း​ကင်​နိုင်​ငံ​မှာ ယေရှု​နဲ့​အတူ အုပ်​ချုပ်​မယ်​လို့ ကျမ်း​စာ​ပြော​တယ်။ နောက်​အခန်း​မှာ ကောင်း​ကင်​နိုင်​ငံ​အကြောင်း ပို​သိ​ရ​ပါ​လိမ့်​မယ်။

^ အပိုဒ်၊ 9 ယောက်ျား​မိန်း​မ၊ လူ​ကြီး​လူငယ်၊ အစ္စရေး​နဲ့ လူမျိုး​ခြား​တွေ ရှင်​ပြန်​ထ​မြောက်​ခဲ့​တဲ့ ကျမ်း​စာ​မှတ်​တမ်း​တွေ ရှိ​သေး​တယ်။ ၁ ဘု​ရင်​များ ၁၇:၁၇-၂၄။ ၂ ဘု​ရင်​များ ၄:၃၂-၃၇။ ၁၃:၂၀၊ ၂၁။ မဿဲ ၂၈:၅-၇။ လုကာ ၇:၁၁-၁၇။ ၈:၄၀-၅၆။ တမန်​တော် ၉:၃၆-၄၂။ ၂၀:၇-၁၂ မှာ ဖတ်​ကြည့်​ပါ။