မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း​ကိုး

ဒီလောကရဲ့အဆုံး နီးပြီလား

ဒီလောကရဲ့အဆုံး နီးပြီလား

၁။ အနာ​ဂတ်​အကြောင်း ဘယ်​က​နေ သိ​နိုင်​သလဲ။

သတင်း​တွေ​ကို​ကြည့်​ပြီး ‘အခြေ​အနေ​တွေ ပို​ဆိုး​လာ​ပါ​လား’ လို့ သင် တွေး​ဖူး​သလား။ အဖြစ်​ဆိုး​တွေ၊ ရက်​စက်​မှု​တွေ များ​လွန်း​လို့ လော​က​ရဲ့​အဆုံး နီး​ပြီလို့ တ​ချို့​ထင်​နေ​ကြ​တယ်။ ဒါ​ဟာ အမှန်​ပဲ​လား။ အနာ​ဂတ်​အကြောင်း သိ​နိုင်​တဲ့​နည်း ရှိ​သလား။ ရှိ​ပါ​တယ်။ အနာ​ဂတ်​မှာ ဘာ​ဖြစ်​လာ​မယ်​ဆို​တာ လူ​တွေ ကြို​မသိ​နိုင်​ပေမဲ့ ယေဟောဝါ​ဘု​ရား​က​တော့ သိ​နိုင်​တယ်။ ကျွန်​တော်​တို့​ရဲ့​အနာ​ဂတ်​နဲ့ ကမ္ဘာ​မြေရဲ့ အနာ​ဂတ်​အကြောင်း ကျမ်း​စာ​က​တစ်ဆင့် ပြော​ပြတယ်။—ဟေ​ရှာ​ယ ၄၆:၁၀။ ယာကုပ် ၄:၁၄

၂၊ ၃။ ယေရှု​ရဲ့​တ​ပည့်တွေ ဘာ​ကို သိ​ချင်​ကြ​သလဲ၊ ယေရှု ဘယ်​လို အဖြေပေး​သလဲ။

ဒီ​လော​က​ရဲ့​အဆုံး​အကြောင်း ကျမ်း​စာ​မှာ ဖတ်​ရ​တဲ့​အခါ ကမ္ဘာ​ကြီး​ပျက်​သွား​မှာ​ကို မဆိုလို​ဘဲ ဆိုး​သွမ်း​မှု​တွေ အဆုံး​တိုင်​သွား​မှာ​ကို ဆိုလို​မှန်း သိ​ရ​တယ်။ ကမ္ဘာ​ကို ဘု​ရား​သခင့်​နိုင်​ငံ​တော် အုပ်​ချုပ်​မယ့်​အကြောင်း လူ​တွေ​ကို ယေရှု သင်​ပေး​တယ်။ (လုကာ ၄:၄၃) ဘု​ရား​သခင့်​နိုင်​ငံ​တော် ဘယ်​အချိန်​မှာ အုပ်​ချုပ်​မယ်​ဆို​တာ တ​ပည့်တွေ သိ​ချင်​တဲ့​အတွက် “အဲ​ဒါ​တွေ ဘယ်​တော့​ဖြစ်​မှာ​လဲ။ သခင် ရောက်​ရှိ​နေ​ပြီ၊ လော​က​စ​နစ်​နိ​ဂုံး​ပိုင်း​ကို ရောက်​နေ​ပြီဆို​တဲ့ နိ​မိတ်​ဟာ ဘာ​လဲ” လို့​မေး​ကြ​တယ်။ (မဿဲ ၂၄:၃) အချိန်​အတိ​အကျ​ကို ယေရှု​မပြော​ပြပေမဲ့ ဒီ​လော​က​အဆုံးမ​တိုင်​ခင် ဘာ​ဖြစ်​လာ​မယ်​ဆို​တာ​ကို​တော့ ပြော​ပြတယ်။ ယေရှု​ကြို​ပြော​ခဲ့​တာ​တွေ အခု​အချိန်​မှာ ဖြစ်​ပျက်​နေ​ပြီ။

ဒီ​လော​က​အဆုံး မတိုင်​ခင်​လေး​မှာ ကျွန်​တော်​တို့ အသက်​ရှင်​နေ​တယ်​ဆို​တာ ဖော်ပြတဲ့ အထောက်​အထား​တွေ​ကို ဒီ​အခန်း​မှာ လေ့​လာ​ကြ​မယ်။ ဦး​ဆုံး၊ ကောင်း​ကင်​မှာ​ဖြစ်​ခဲ့​တဲ့ စစ်​ပွဲ​အကြောင်း သိ​ထား​ဖို့​လို​တယ်။ ဒါ​မှ ကမ္ဘာ့​အခြေ​အနေ ဘာ​ကြောင့် ဒီ​လောက်​ဆိုး​နေ​တယ်​ဆို​တာ နား​လည်​နိုင်​မယ်။

ကောင်း​ကင်​စစ်​ပွဲ

၄၊ ၅။ (က) ကောင်း​ကင်​မှာ ယေရှု ဘု​ရင်​ဖြစ်​ပြီး မကြာ​ခင် ဘာ​ဖြစ်​ပျက်​ခဲ့​သလဲ။ (ခ) ဗျာဒိတ် ၁၂:၁၂ အရ စာ​တန် မြေကြီး​ပေါ် ပစ်​ချ​ခံ​ရ​ပြီး​နောက် ဘာ​ဖြစ်​ခဲ့​သလဲ။

၁၉၁၄ ခု​နှစ်​မှာ ယေရှု ကောင်း​ကင်​မှာ ဘု​ရင်​ဖြစ်​လာ​တယ်​ဆို​တဲ့​အကြောင်း​ကို အခန်း ၈ မှာ သိ​ခဲ့ရ​ပြီ။ (ဒံယေလ ၇:၁၃၊ ၁၄) “ကောင်း​ကင်​မှာ စစ်​ဖြစ်​တယ်။ မိ​က္ခေ​လ[ယေရှု]နဲ့ သူ့​ရဲ့​ကောင်း​ကင်​တ​မန်​တွေ​က နဂါး[စာတန်]နဲ့ တိုက်​ခိုက်​ကြ​တယ်။ န​ဂါး​နဲ့ သူ့​ရဲ့ ကောင်း​ကင်​တ​မန်​တွေ​လည်း ပြန်​တိုက်​ခိုက်​ကြ​တယ်” * လို့ ဗျာဒိတ်​ကျမ်း​မှာ ပြော​ပြတယ်။ စာ​တန်​နဲ့ နတ်​ဆိုး​တွေ စစ်​ရှုံး​ပြီး မြေကြီး​ပေါ် ပစ်​ချ​ခံ​ရ​တယ်။ ကောင်း​ကင်​တ​မန်​တွေ ဝမ်း​သာ​လိုက်​ကြ​တာ။ မြေကြီး​ပေါ်​က လူ​တွေ​ကျ​တော့​ကော။ လူ​သား​တွေ အဖြစ်​ဆိုး ကြုံရ​မယ်​လို့ ကျမ်း​စာ​ပြော​တယ်။ ဘာ​ကြောင့်​လဲ။ မာ​ရ်​နတ်​က “သူ့​အတွက် အချိန်​နည်း​နည်း​ပဲ ကျန်​တော့​မှန်း သိ​လို့” ဒေါသ​ထွက်​နေ​လို့​ပဲ။—ဗျာဒိတ် ၁၂:၇၊ ၉၊ ၁၂

မာ​ရ်​နတ်​က ကမ္ဘာ့​အခြေ​အနေ ဆိုး​သည်​ထက်​ဆိုး​အောင် ဖန်​တီး​နေ​တယ်။ သိပ်​မကြာ​ခင် ဖျက်​ဆီး​ခံ​ရ​တော့​မှာ​ဖြစ်​လို့ သူ ဒေါသ​ထွက်​နေ​တယ်။ နောက်​ဆုံး​ကာလ​မှာ ဘာ​တွေ​ဖြစ်​လာ​မယ်​လို့ ယေရှု​ပြော​ခဲ့​သလဲ၊ လေ့​လာ​ကြည့်​ကြ​စို့။—ရှင်း​လင်း​ချက် ၂၄ ကို​ကြည့်​ပါ။

နောက်​ဆုံး​ကာလ

၆၊ ၇။ အခု​ခေတ် စစ်​ပွဲ၊ အငတ်​ဘေး​အကြောင်း ဘာ​တွေ သိ​ရ​သလဲ။

စစ်​ပွဲ။ “လူ​တစ်​မျိုး​နဲ့ တစ်​မျိုး၊ တစ်​နိုင်​ငံ​နဲ့ တစ်​နိုင်​ငံ တိုက်​ခိုက်​ကြ​လိမ့်​မယ်” လို့​ယေရှု​ပြော​တယ်။ (မဿဲ ၂၄:၇) သမိုင်း​တစ်​လျှောက် စစ်​ကြောင့် သေဆုံး​သူ​တွေ​ဟာ ကျွန်​တော်​တို့​ခေတ်​မှာ အများ​ဆုံး​ပဲ။ ၁၉၁၄ ခု​နှစ်​က​စ​ပြီး စစ်​ပွဲ​တွေ​ကြောင့် လူ​သန်း​ပေါင်း ၁၀၀ ကျော် သေဆုံး​ခဲ့​တယ်​လို့ ကမ္ဘာ့​စောင့်​ကြည့်​ရေး​အဖွဲ့​ရဲ့ မှတ်​တမ်း​က ဖော်ပြတယ်။ ၁၉၀၀-၂၀၀၀ ခု​နှစ်​ကြား အနှစ် ၁၀၀ အတွင်း စစ်​ကြောင့် သေဆုံး​ခဲ့​သူ​ဦး​ရေ​ဟာ လွန်​ခဲ့​တဲ့​အနှစ် ၁,၉၀၀ အတွင်း သေဆုံး​ခဲ့​သူ​ဦး​ရေ​ထက် သုံး​ဆ​ပို​များ​တယ်။ စစ်​ကြောင့် လူ​သန်း​ပေါင်း​များ​စွာ ဘယ်​လောက်​တောင် နာ​ကျင်​ခံစား​ရ​မလဲ​ဆို​တာ စဉ်း​စား​ကြည့်​လိုက်​ပါ။

အငတ်​ဘေး။ “အစာ​ခေါင်း​ပါး” လိမ့်​မယ်​လို့ ယေရှု​ပြော​တယ်။ (မဿဲ ၂၄:၇) အစား​အစာ​တွေ အရင်​က​ထက်​ပို​ပြီး ထုတ်​လုပ်​နေ​တာ​တောင် မဝ​ရေ​စာ စား​နေ​ရ​သူ​တွေ အများ​ကြီး​ပဲ။ ဘာ​ကြောင့်​လဲ။ အစား​အစာ​ဝယ်​ဖို့​ငွေ၊ စိုက်​ပျိုး​ဖို့​မြေ အလုံ​အလောက် မရှိ​လို့​ပဲ။ လူ​သန်း​တစ်​ထောင်​ကျော်​ဟာ တစ်​နေ့​ကို တစ်​ဒေါ်​လာ​တောင် မပြည့်​တဲ့ ဝင်​ငွေ​နဲ့ အသက်​မွေး​နေ​ရ​တယ်။ သန်း​နဲ့​ချီ​တဲ့ က​လေး​ငယ်​တွေ နှစ်​စဉ် သေဆုံး​ရ​တဲ့ အဓိ​က​အကြောင်း​ရင်း​က မဝ​ရေ​စာ​စား​ပြီး အာ​ဟာ​ရ​ချို့​တဲ့​လို့ ဖြစ်​တယ်​ဆို​ပြီး ကမ္ဘာ့​ကျန်း​မာ​ရေး​အဖွဲ့​က ပြော​တယ်။

၈၊ ၉။ င​လျင်၊ ရော​ဂါ​တွေ​နဲ့​ပတ်​သက်​တဲ့ ယေရှု​ရဲ့ ကြို​ဟော​ချက် ပြည့်​စုံ​ကြောင်း ဘာ​က ဖော်ပြသလဲ။

င​လျင်။ “င​လျင်​တွေ အကြီး​အကျယ် လှုပ်​လိမ့်​မယ်” လို့ ယေရှု ကြို​ပြော​တယ်။ (လုကာ ၂၁:၁၁) နှစ်​တိုင်း ပြင်း​ထန်​တဲ့ ငလျင်​တွေ လှုပ်​လေ့​ရှိ​တယ်။ ၁၉၀၀ ပြည့်​နှစ်​က​စ​ပြီး လှုပ်​ခဲ့​တဲ့ င​လျင်​တွေ​ကြောင့် လူ​နှစ်​သန်း​ကျော် သေဆုံး​ခဲ့ရ​တယ်။ င​လျင်​ခန့်​မှန်း​တဲ့ နည်း​ပညာ​တွေ အရင်​က​ထက် တိုး​တက်​လာ​ပေမဲ့ င​လျင်​ကြောင့် လူ​တွေ သေဆုံး​နေ​ရ​ဆဲ​ပဲ။

ရော​ဂါ။ “ကပ်​ရော​ဂါ​ဘေး​တွေ” ဖြစ်​လိမ့်​မယ်​လို့ ယေရှု ကြို​ပြော​တယ်။ ရော​ဂါ​ဆိုး​တွေ ကူး​စက်​ပြန့်​ပွား​ပြီး လူ​တွေ​အများ​ကြီး သေဆုံးမ​ယ်။ (လုကာ ၂၁:၁၁) ဆရာ​ဝန်​တွေ​က ရော​ဂါ​ကု​သနည်း​တွေ​ကို ပို​သိ​လာ​တာ​တောင် ကု​လို့​မရ​တဲ့​ရော​ဂါ​တွေ ရှိ​နေ​တုန်း​ပါ​ပဲ။ တီ​ဘီ၊ ငှက်​ဖျား​နဲ့ ကာလ​ဝမ်း​စ​တဲ့ ရော​ဂါ​တွေ​ကြောင့် နှစ်​စဉ် လူ​သန်း​နဲ့​ချီ သေရ​တယ်​လို့ မှတ်​တမ်း​တစ်​ခု​မှာ ဖော်ပြတယ်။ ဒါ​တင်​မက​သေး​ဘူး။ ရော​ဂါ​အသစ်​အဆန်း အမျိုး​ပေါင်း ၃၀ ကို ဆ​ရာ​ဝန်​တွေ တွေ့​ရှိ​ခဲ့​ပေမဲ့ တ​ချို့ရော​ဂါ​တွေ​ဟာ ကု​သနည်း မရှိ​သေး​ဘူး။

နောက်​ဆုံး​ကာလ​မှာ လူ​တွေရဲ့​အခြေ​အနေ

၁၀။ ၂ တိမောသေ ၃:၁-၅ အတိုင်း အခု ဘယ်​လို​ပြည့်​စုံ​နေ​သလဲ။

၁၀ “နောက်​ဆုံး​ကာလ​ဟာ အလွန် ခက်​ခဲ​ကျပ်​တည်း​မယ်” ဆို​ပြီး ၂ တိမောသေ ၃:၁-၅ မှာ ပြော​တယ်။ နောက်​ဆုံး​ကာလ​မှာ လူ​တွေရဲ့ ပြု​မူ​ကျင့်​ကြံ​ပုံ​အကြောင်း တမန်​တော် ပေါလု ရေးခဲ့​တယ်။

  • တစ်​ကိုယ်​ကောင်း​ဆန်​သူ

  • ငွေ​တပ်​မက်​သူ

  • မိ​ဘ​စကား​နား​မထောင်​သူ

  • သစ္စာ​မရှိ​သူ

  • မိသား​စု​သံ​ယော​ဇဉ်​မရှိ​သူ

  • မချုပ်​တည်း​နိုင်​သူ

  • အကြမ်း​ဖက်​တတ်​သူ၊ ရန်​လို​သူ

  • ဘု​ရား​သခင်​ကို ချစ်​တာ​ထက် အပျော်​အပါး​ကို ပို​နှစ်​သက်​သူ

  • ဘု​ရား​တ​ရား ကြည်​ညို​ဟန်​ရှိ​ပေမဲ့ ဘုရား​စကား နား​မထောင်​သူ​တွေ​ဖြစ်​မယ်​လို့ ပေါလု​ပြော​ခဲ့​တယ်။

၁၁။ ဆာလံ ၉၂:၇ အရ လူ​ဆိုး​တွေ ဘယ်​လို​ဖြစ်​သွား​မလဲ။

၁၁ သင့်​ဒေ​သမှာ​ရှိ​တဲ့ လူ​တွေ​ဟာ အဲဒီ​လို လူ​စား​မျိုး​တွေ​လား။ ကမ္ဘာ​ပေါ်​မှာ အဲဒီ​လို​လူ​စား​မျိုး​တွေ အများ​ကြီး​ပဲ။ မကြာ​ခင် ဘု​ရား​သခင် အရေး​ယူ လုပ်​ဆောင်​ပါ​တော့​မယ်။ “လူ​ဆိုး​တွေ ပေါင်း​ပင်​လို ပေါက်​နေ​ပြီး အမှား​လုပ်​တဲ့​သူ​တွေ ရှင်​သန်​ကြီး​ထွား​နေ​ပေမဲ့ နောက်​ဆုံး​တော့ ထာ​ဝ​ရ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်” လို့ ဘု​ရား ကတိ​ပေး​ထား​တယ်။—ဆာလံ ၉၂:၇

နောက်​ဆုံး​ကာလ​မှာ သတင်း​ကောင်း

၁၂၊ ၁၃။ ယေဟောဝါ​က နောက်​ဆုံး​ကာလ​မှာ ဘာ​အကြောင်း သိ​ရှိ​စေ​သလဲ။

၁၂ နောက်​ဆုံး​ကာလ​မှာ တစ်​ကမ္ဘာ​လုံး ဆင်း​ရဲ​ဒုက္ခတွေ ပြည့်​နေ​မယ်​လို့ ကျမ်း​စာ​ကြို​ဟော​တယ်။ စိတ်​ချမ်း​သာ​စ​ရာတွေ ရှိ​မယ်​လို့​လည်း ပြော​ထား​တယ်။

“နိုင်​ငံ​တော်​သတင်း​ကောင်း​ကို လူ​နေ​ထိုင်​ရာ မြေတစ်​ခွင်​လုံး​မှာ ဟော​ပြော​ရ​လိမ့်​မယ်။” —မဿဲ ၂၄:၁၄

၁၃ ကျမ်း​စာ​အကြောင်း သိ​နား​လည်​ခြင်း။ နောက်​ဆုံး​ကာလ​မှာ “စစ်​မှန်​တဲ့​အသိ​ပညာ တိုး​များ​လာ​လိမ့်​မယ်” ဆို​ပြီး ပရော​ဖက်​ဒံယေလ ရေးခဲ့​တယ်။ (ဒံယေလ ၁၂:၄) အထူး​သဖြင့် ၁၉၁၄ က​စ​ပြီး မိမိ​ရဲ့​လူ​တွေ ကျမ်း​စာ​အကြောင်း ပို​သိ​နား​လည်​ဖို့ ယေဟောဝါ​ဘု​ရား ကူညီ​ပေး​တယ်။ နာ​မတော် အရေး​ပါ​ပုံ၊ ကမ္ဘာ​မြေအတွက် ဘု​ရားရည်​ရွယ်​ချက်၊ ရွေး​ဖိုး၊ သေလွန်​သူ​တွေရဲ့ အခြေ​အနေ၊ ရှင်​ပြန်​ထ​မြောက်​ခြင်း​အကြောင်း သိ​နား​လည်​စေ​တယ်။ ဘုရား​သခင့်​နိုင်​ငံ​တော်​က​သာ လူ့​ပြဿ​နာ​တွေ​ကို ဖြေရှင်း​ပေး​နိုင်​တဲ့​အကြောင်း သိ​လာ​ကြ​တယ်။ ပျော်​ရွှင်​မှု ခံစား​နိုင်​ပုံ၊ ဘု​ရား​နှစ်​သက်​တဲ့ လမ်း​စဉ်​အတိုင်း အသက်​ရှင်​နိုင်​ပုံ​ကို​လည်း သိ​လာ​ကြ​တယ်။ အဲဒီ​လို သိ​လာ​တဲ့​အခါ ဘု​ရား​ကို​ဝတ်​ပြု​သူ​တွေ ဘာ​လုပ်​ကြ​သလဲ။ နောက်​ကြို​ဟော​ချက်​တစ်​ခု​က အဖြေပေး​တယ်။—ရှင်း​လင်း​ချက် ၂၁ နဲ့ ၂၅ ကို​ကြည့်​ပါ။

၁၄။ နိုင်​ငံ​တော်​သတင်း​ကောင်း​ကို ဘယ်​မှာ ဟော​ပြော​နေ​သလဲ၊ ဘယ်​သူ​တွေ ဟော​နေ​သလဲ။

၁၄ ကမ္ဘာ​တစ်​ခွင် ဟော​ပြော​ခြင်း။ နောက်​ဆုံး​ကာလ​နဲ့​ပတ်​သက်​ပြီး ယေရှု​က “နိုင်​ငံ​တော်​သတင်း​ကောင်း​ကို လူ​နေ​ထိုင်​ရာ မြေတစ်​ခွင်​လုံး​မှာ ဟော​ပြော​ရ​လိမ့်​မယ်” လို့​ပြော​တယ်။ (မဿဲ ၂၄:၃၊ ၁၄) နိုင်​ငံ​တော်​သတင်း​ကောင်း​ကို နိုင်​ငံ​ပေါင်း ၂၃၀ ကျော်​မှာ ဘာ​သာ​စကား​ပေါင်း ၇၀၀ ကျော်​နဲ့ ဟော​ပြော​နေ​တယ်။ “လူမျိုး​တွေ၊ မျိုး​နွယ်​တွေ” ထဲ​က ထွက်​လာ​တဲ့ ယေဟောဝါ​သက်​သေတွေ​ဟာ နိုင်​ငံ​တော်​နဲ့ နိုင်​ငံ​တော် ဘာ​လုပ်​ပေး​မယ့်​အကြောင်း လူ​တွေ နား​လည်​လာ​အောင် ကမ္ဘာ​တစ်​ဝန်း​မှာ ကူညီ​ပေး​နေ​တယ်။ (ဗျာဒိတ် ၇:၉) အဲဒီ​အတွက် အခ​ကြေး​ငွေ မကောက်​ကြ​ဘူး။ ယေရှု ကြို​ပြော​ထား​တဲ့​အတိုင်း အမုန်း​ခံ​ရ၊ နှိပ်​စက်​ခံ​ရ​ပေမဲ့ သူတို့ မဟော​အောင် ဘာ​က​မှ ​တား​ဆီး​လို့ မရ​ဘူး။—လုကာ ၂၁:၁၇

သင် ဘာ​လုပ်​မလဲ

၁၅။ (က) နောက်​ဆုံး​ကာလ​မှာ အသက်​ရှင်​နေ​ရ​တယ်​ဆို​တာ သင်​ယုံ​သလား၊ ဘာ​ကြောင့်​လဲ။ (ခ) ယေဟောဝါ​ကို နာ​ခံ​သူ​တွေ ဘာ​ခံစား​ရ​မလဲ၊ မနာ​ခံ​သူ​တွေ​ကော ဘာ​ဖြစ်​သွား​မလဲ။

၁၅ နောက်​ဆုံး​ကာလ​မှာ အသက်​ရှင်​နေ​ရ​တယ်​ဆို​တာ သင်​ယုံ​သလား။ နောက်​ဆုံး​ကာလ​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​ကြို​ဟော​ချက်​တွေ အများ​ကြီး ပြည့်​စုံ​နေ​တယ်။ သတင်း​ကောင်း​ဟော​တာ​ကို ဘယ်​အချိန်​မှာ ရပ်ရ​မလဲ​ဆို​တာ ယေဟောဝါ မကြာ​ခင် ဆုံး​ဖြတ်​ပါ​တော့​မယ်။ ပြီး​ရင် “အဆုံး​ရောက်​လာ​လိမ့်​မယ်။” (မဿဲ ၂၄:၁၄) အဲဒီ​အဆုံး​ဆို​တာ​က​တော့ ဆိုး​သွမ်း​မှု​တွေကို ဘုရား​သခင် ဖယ်​ရှား​ပစ်​မယ့်​အချိန်၊ အာ​မဂေဒုန်​ကို ဆိုလို​တယ်။ ဘု​ရား​သခင်​နဲ့ ယေရှု​ကို မနာ​ခံ​သူ​အားလုံး ဖျက်​ဆီး​ခံ​ရ​မယ်။ ယေဟောဝါ​က ယေရှု​နဲ့ တန်ခိုး​ကြီး ကောင်း​ကင်​တ​မန်​တွေ​ကို သုံး​ပြီး ဖျက်​ဆီး​ပစ်​မယ်။ (၂ သက်သာ​လောနိတ် ၁:၆-၉) အဲဒီ​နောက် လူ​တွေ​ကို စာ​တန်​နဲ့ နတ်​ဆိုး​တွေ လှည့်​ဖြား​နိုင်​တော့​မှာ မဟုတ်​ဘူး။ ဘု​ရား​သခင်​ကို နာ​ခံ​လို​သူ​တွေ၊ နိုင်​ငံ​တော်​ကို လက်​အောက်​ခံ​လို​သူ​တွေ​ဟာ ဘု​ရား​ကတိ​အားလုံး ပြည့်​စုံ​လာ​တာ​ကို မြင်​တွေ့​ရ​မယ်။—ဗျာဒိတ် ၂၀:၁-၃။ ၂၁:၃-၅

၁၆။ အဆုံး​သိပ်​နီး​နေ​ပြီဖြစ်​လို့ သင် ဘာ​လုပ်​သင့်​သလဲ။

၁၆ စာ​တန်​အုပ်​ချုပ်​တဲ့ ဒီ​လော​က​ဟာ အဆုံး​တိုင်​တော့​မယ်။ ဒါ​ကြောင့် ‘ငါ ဘာ​လုပ်​သင့်​သလဲ’ လို့ ကိုယ့်​ကိုယ်​ကိုယ် မေး​ဖို့​လို​တယ်။ ယေဟောဝါ​က သင့်​ကို အတတ်​နိုင်​ဆုံး ကျမ်း​စာ လေ့​လာ​ဆည်း​ပူး​စေ​ချင်​တယ်။ ဒါ​ကြောင့် အလေး​အနက် သဘော​ထား​ပြီး လေ့​လာရ​မယ်။ (ယောဟန် ၁၇:၃) ယေဟောဝါ​သက်​သေတွေရဲ့ ပတ်​စဉ် အစည်း​အဝေး​တွေ​က ကျမ်း​စာ​အကြောင်း ပို​နား​လည်​အောင် ကူညီ​ပေး​တယ်။ အဲဒီ​အစည်း​အဝေး​တွေ​ကို မှန်​မှန်​တက်​ဖို့ ကြိုး​စား​ပါ။ (ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅ ကို​ဖတ်​ပါ။) ပြု​ပြင်​ပြောင်း​လဲ​ဖို့ လို​အပ်​ရင် ပြု​ပြင်​ပြောင်း​လဲ​လိုက်​ပါ။ ဒါ​ဆို​ရင် ယေဟောဝါ​နဲ့ ပို​ပြီး​ရင်း​နှီး​လာ​ပါ​လိမ့်​မယ်။—ယာကုပ် ၄:၈

၁၇။ အဆုံး​ရောက်​လာ​တဲ့​အခါ လူ​အများ​စု ဘာ​ကြောင့် အံ့​သြကြ​မလဲ။

၁၇ “ည​အချိန်​မှာ သူ​ခိုး​လာ​သလို” လူ​အများ မထင်​မှတ်​တဲ့​အချိန်​မှာ လူ​ဆိုး​တွေ ဖျက်​ဆီး​ခံ​ရ​မယ်​လို့ တမန်​တော်​ပေါလု ပြော​တယ်။ (၁ သက်သာ​လောနိတ် ၅:၂) နောက်​ဆုံး​ကာလ​မှာ အသက်​ရှင်​နေ​ရ​တယ်​ဆို​တဲ့ အထောက်​အထား​ကို လူ​အများ​စု ဂရု​စိုက်​မှာ မဟုတ်​ဘူး​ဆို​ပြီး ယေရှု ကြို​ပြော​တယ်– “နော​ဧ​လက်​ထက်​မှာ ဖြစ်​သလို လူ​သား ရောက်​ရှိ​နေ​ချိန်[နောက်​ဆုံး​ကာလ]မှာ ဖြစ်​လိမ့်​မယ်။ ရေ​လွှမ်း​မိုး​ဘေး မတိုင်​ခင်​တုန်း​က လူ​တွေ​ဟာ နော​ဧ သင်္ဘော​ထဲ​ဝင်​တဲ့​နေ့​အထိ စား​လိုက်၊ သောက်​လိုက်၊ ထိမ်း​မြား​ပေး​စား​လိုက် လုပ်​နေ​ကြ​တယ်။ ရေ​လွှမ်း​မိုး​ဘေး​ရောက်​ပြီး အားလုံး​ကို သုတ်​သင်​ပယ်​ရှင်း​လိုက်​ချိန်​အထိ သတိ​မဲ့​နေ​ကြ​တယ်။ လူ​သား ရောက်​ရှိ​နေ​ချိန်​မှာ​လည်း အဲဒီ​လို​ပဲ ဖြစ်​လိမ့်​မယ်။”—မဿဲ ၂၄:၃၇-၃၉

၁၈။ ယေရှု ဘယ်​လို​သတိ​ပေး​ခဲ့​သလဲ။

၁၈ “စား​ကြူး​သောက်​ကြူး​တာ​တွေ၊ ဘဝ​ရဲ့ စိုး​ရိမ်​ပူ​ပန်​စ​ရာတွေ​ကြောင့်” အာ​ရုံ​မပျံ့​လွင့်​ဖို့ ယေရှု သတိ​ပေး​တယ်။ အဆုံး​ဟာ “ထောင်​ချောက်” လို​ပဲ ရုတ်​တ​ရက် ရောက်​လာ​မယ်။ ‘မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ လူ​အားလုံး ကြုံရ​မယ်’ လို့​လည်း ပြော​တယ်။ “ဒါ​ကြောင့် နိုး​ကြား​နေ​ပါ။ အမြဲ [စိတ်​ရင်း​မှန်​နဲ့ ဆုတောင်း] တိုး​လျှိုး​အသနား​ခံ​ပါ။ ဒါ​မှ ဒါ​တွေ​ဖြစ်​ပျက်​လာ​တဲ့​အခါ ခင်​ဗျား​တို့ လွတ်​မြောက်​ပြီး လူ​သား​ရှေ့​မှာ ရပ်​နေ​နိုင်​လိမ့်​မယ်” လို့ ယေရှု သတိ​ပေး​တယ်။ (လုကာ ၂၁:၃၄-၃၆) ယေရှု​ရဲ့​သတိ​ပေး​ချက်​ကို လိုက်​နာ​ဖို့ ဘာ​ကြောင့် အရေး​ကြီး​တာ​လဲ။ မကြာ​ခင် စာ​တန်​ရဲ့ ဆိုး​သွမ်း​တဲ့​လော​က ဖျက်​ဆီး​ခံ​ရ​တော့​မှာ​ဖြစ်​လို့​ပဲ။ ယေဟောဝါ​နဲ့ ယေရှု​ရဲ့ မျက်​နှာ​သာ​ရ​ရှိ​သူ​တွေ​သာ အသက်​ရှင်​လွတ်​မြောက်​ပြီး ကမ္ဘာ​သစ်​မှာ ထာ​ဝ​စဉ် နေ​ထိုင်​ကြ​ရ​မယ်။—ယောဟန် ၃:၁၆။ ၂ ပေတရု ၃:၁၃

^ အပိုဒ်၊ 4 မိ​က္ခေ​လ​ဆို​တာ ယေရှု​ခ​ရစ်ရဲ့ နာ​မည်​နောက်​တစ်​မျိုး ဖြစ်​တယ်။ ပို​သိ​ချင်​ရင် ရှင်း​လင်း​ချက် ၂၃ ကို​ကြည့်​ပါ။