မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း​တစ်​ဆယ်

ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား

ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား

၁။ ကောင်း​ကင်​တ​မန်​တွေ​အကြောင်း ဘာ​ကြောင့် သိ​ချင်​စိတ်​ရှိ​သင့်​သလဲ။

ယေ​ဟော​ဝါ​က သူ့​မိသား​စု​အကြောင်း ကျွန်​တော်​တို့​ကို သိ​စေ​ချင်​တယ်။ ကောင်း​ကင်​တ​မန်​တွေ​ဟာ ဘု​ရား​သခင်​ရဲ့ မိသား​စု​ဝင်​တွေ​ပဲ။ ကျမ်း​စာ​မှာ သူတို့​ကို “ဘု​ရား​သခင်​ရဲ့​သား​တွေ” လို့​ခေါ်​တယ်။ (ယောဘ ၃၈:၇) ကောင်း​ကင်​တ​မန်​တွေ ဘာ​လုပ်​ကြ​သလဲ။ လူ​တွေ​ကို အရင်​တုန်း​က ဘယ်​လို​ကူညီ​ခဲ့​သလဲ။ အခု​ကော ကူညီ​ပေး​နိုင်​သလား။—ရှင်း​လင်း​ချက် ၈ ကို​ကြည့်​ပါ။

၂။ ကောင်း​ကင်​တ​မန်​တွေ ဘယ်​လို​ဖြစ်​လာ​သလဲ။ အရေ​အတွက် ဘယ်​လောက်​ရှိ​သလဲ။

ကောင်း​ကင်​တ​မန်​တွေ ဘယ်​လို​ဖြစ်​လာ​သလဲ​ဆို​တာ သိ​ဖို့​လို​တယ်။ ယေဟောဝါ​က ယေရှု​ကို ဖန်​ဆင်း​ပြီး​နောက် “ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေပေါ်​မှာ ရှိ​ရှိ​သမျှ” ကို ဖန်​ဆင်း​တယ်​လို့ ကောလောသဲ ၁:၁၆ မှာ​ပြော​တယ်။ အဲဒီ​အထဲ​မှာ ကောင်း​ကင်​တ​မန်​တွေ​ပါ​တယ်။ အရေ​အတွက် ဘယ်​လောက်​ရှိ​သလဲ။ ကောင်း​ကင်​တ​မန် သန်း​ထောင်​ပေါင်း​များ​စွာ​ရှိ​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။—ဆာလံ ၁၀၃:၂၀။ ဗျာဒိတ် ၅:၁၁

၃။ ယောဘ ၃၈:၄-၇ မှာ ကောင်း​ကင်​တ​မန်​တွေ​အကြောင်း ဘာ​ပြော​သလဲ။

ကမ္ဘာ​မြေကို မဖန်​ဆင်း​ခင် ကောင်း​ကင်​တ​မန်​တွေ​ကို ယေဟောဝါ ဖန်​ဆင်း​တယ်​ဆို​ပြီး ကျမ်း​စာ​သွန်သင်​တယ်။ ကမ္ဘာ​မြေကို မြင်​တဲ့​အခါ ကောင်း​ကင်​တ​မန်​တွေ ဘယ်​လို​ခံစား​ရ​သလဲ။ သူတို့ ရွှင်​လန်း​ခဲ့​ကြ​တယ်​လို့ ယောဘ​ကျမ်း​မှာ ပြော​တယ်။ သူတို့​ဟာ ယေဟောဝါ​အတွက် အမှု​ဆောင်​တဲ့ စည်း​လုံး​တဲ့​မိသား​စု ဖြစ်​တယ်။—ယောဘ ၃၈:၄-၇

ဘု​ရားရဲ့​လူ​တွေ​ကို ကောင်း​ကင်​တ​မန်​တွေ ကူညီ

၄။ ကောင်း​ကင်​တ​မန်​တွေ​ဟာ လူ​တွေ​ကို စိတ်​ဝင်​စား​မှန်း ဘယ်​လို​သိ​နိုင်​သလဲ။

ကောင်း​ကင်​တ​မန်​တွေ​က လူ​တွေ​ကို အလွန်​စိတ်​ဝင်​စား​တယ်။ ကမ္ဘာ​မြေနဲ့ လူ​တွေ​အတွက် ဘု​ရားရဲ့ရည်​ရွယ်​ချက်​ကို​လည်း စိတ်​ဝင်​စား​တယ်။ (ပညာ​အလိမ္မာ ၈:၃၀၊ ၃၁။ ၁ ပေတရု ၁:၁၁၊ ၁၂) အာ​ဒံ​နဲ့​ဧ​ဝ ပုန်​ကန်​တဲ့​အခါ သူတို့ သိပ်​ဝမ်း​နည်း​ကြ​မှာ​ပဲ။ အခု ယေဟောဝါ​ကို လူ​အများ​စု မနာ​ခံ​တာ​ကို တွေ့​တဲ့​အခါ ပို​လို့​တောင် ဝမ်း​နည်း​ကြ​မှာ။ လူ​တစ်​ယောက် နောင်​တ​ယူ​ပြီး ဘု​ရား​သခင်​ဆီ ပြန်​လှည့်​လာ​တဲ့​အခါ ကောင်း​ကင်​တ​မန်​တွေ ဝမ်း​မြောက်​ကြ​တယ်။ (လုကာ ၁၅:၁၀) သူတို့​ဟာ ဘု​ရား​သခင့် အမှု​ဆောင်​သူ​တွေ​ကို အလွန်​စိတ်​ဝင်​စား​တယ်။ ယေဟောဝါ​ဟာ ကောင်း​ကင်​တ​မန်​တွေ​ကို သုံး​ပြီး ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ မိမိ​ရဲ့​ကျေး​ကျွန်​တွေ​ကို ကူညီ​တယ်၊ ကာ​ကွယ်​တယ်။ (ဟီ​ဘ​ရူး ၁:၇၊ ၁၄) ဥပမာ​တ​ချို့ သုံးသပ်​ကြည့်​ရ​အောင်။

‘ကျွန်​တော်​ကိုးကွယ်​တဲ့ ဘု​ရား​က ကောင်း​ကင်​တ​မန်​ကို လွှတ်​ပြီး ခြ​င်္သေ့တွေရဲ့ ပါး​စပ်​ကို ပိတ်​ထား​တယ်။’​—ဒံယေလ ၆:၂၂

၅။ အရင်​တုန်း​က ဘု​ရား​ကျေး​ကျွန်​တွေ​ကို ကောင်း​ကင်​တ​မန်​တွေ ဘယ်​လို​ကူညီ​ခဲ့​သလဲ။

သော​ဒုံ​နဲ့ ဂေါ​မော​ရ​မြို့ ဖျက်​ဆီး​ခံ​ရ​ချိန်​မှာ ယေဟောဝါ​က လော​တ​နဲ့ သူ့​မိသား​စု လွတ်​မြောက်​အောင် ကူညီ​ဖို့ ကောင်း​ကင်​တ​မန်​နှစ်​ပါး စေ​လွှတ်​ခဲ့​တယ်။ (ကမ္ဘာဦး ၁၉:၁၅၊ ၁၆) အဲဒီ​နောက် ရာ​စု​နှစ်​များ​စွာ​အကြာ​မှာ ပရော​ဖက်​ဒံယေလ​ဟာ ခြ​င်္သေ့​တွင်း​ထဲ ပစ်​ချ​ခံ​ရ​တယ်။ ဒါ​ပေမဲ့ “ဘု​ရား​က ကောင်း​ကင်​တ​မန်​ကို လွှတ်​ပြီး ခြ​င်္သေ့တွေရဲ့ ပါး​စပ်​ကို ပိတ်​ထား​တဲ့​အတွက်” သူ့​ကို ဘာ​အန္တရာယ်​မှ မပြု​ခဲ့​ဘူး။ (ဒံယေလ ၆:၂၂) နောက်​ပိုင်း တမန်​တော်​ပေတရု ထောင်​ကျ​ချိန်​မှာ ယေဟောဝါ​က ကောင်း​ကင်​တ​မန်​တစ်ပါး​ကို သုံး​ပြီး ထောင်​က​နေ လွှတ်​ပေး​တယ်။ (တမန်​တော် ၁၂:၆-၁၁) ယေရှု မြေကြီး​ပေါ်​ရှိ​ချိန်​မှာ​လည်း ကောင်းကင်​တမန်​တွေ ကူညီ​ပေး​တယ်။ ဥပမာ၊ ယေရှု နှစ်ခြင်း​ခံ​ပြီး​နောက် “ကောင်း​ကင်​တ​မန်​တွေ​က ယေရှု​ကို အလုပ်​အကျွေး​ပြု​ကြ​တယ်။” (မာကု ၁:၁၃) ယေရှု အသတ်​မခံ​ရ​ခင်​မှာ ကောင်း​ကင်​တ​မန်​တစ်ပါး ရောက်​လာ​ပြီး “အား​ပေး​တယ်။”—လုကာ ၂၂:၄၃

၆။ (က) အခု​အချိန်​မှာ​လည်း ဘု​ရားရဲ့​လူ​တွေ​ကို ကောင်း​ကင်​တ​မန်​တွေ ကူညီ​ပေး​နေ​မှန်း ဘယ်​လို​သိ​နိုင်​သလဲ။ (ခ) ဘယ်​မေး​ခွန်း​တွေရဲ့ အဖြေကို အခု လေ့​လာ​ကြ​မလဲ။

အခု​အချိန်​မှာ​တော့ ကောင်း​ကင်​တ​မန်​တွေ ကိုယ်​ယောင်​ထင်​ရှား​ပြတာ​မျိုး မရှိ​တော့​ဘူး။ ဒါ​ပေမဲ့ ဘု​ရား​က ကောင်း​ကင်​တ​မန်​တွေ​ကို သုံး​ပြီး မိမိ​ရဲ့​လူ​တွေ​ကို ကူညီ​ပေး​နေ​တုန်း​ပဲ။ “ယေဟောဝါ​ကို ကြောက်​ရွံ့​သူ​တွေရဲ့ ပတ်​လည်​မှာ ကောင်း​ကင်​တ​မန် ခြံ​ရံ​နေ​တယ်။ သူတို့​ကို ကယ်​တင်​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (ဆာလံ ၃၄:၇) ကျွန်​တော်​တို့ ဘာ​ကြောင့် အကာ​အကွယ် လို​အပ်​တာ​လဲ။ ကျွန်​တော်​တို့​ကို အန္တရာယ်​ပေး​မယ့် တန်ခိုး​ကြီး​ရန်​သူ​တွေ ရှိ​နေ​လို့​ပဲ။ အဲဒီ​ရန်​သူ​တွေ​ဟာ ဘယ်​သူ​တွေ​လဲ။ သူတို့ ဘယ်​က​လာ​သလဲ။ ကျွန်​တော်​တို့​ကို ဘယ်​လို ဒုက္ခ​ပေး​နေ​သလဲ။ ဒါ​တွေ​သိ​နိုင်​ဖို့ အာ​ဒံ​နဲ့​ဧ​ဝ ဖန်​ဆင်း​ခံ​ရ​ပြီး မကြာ​ခင်​မှာ ဖြစ်​ပျက်​ခဲ့​တာ​တွေ​ကို လေ့​လာ​ကြည့်​ရ​အောင်။

မမြင်​နိုင်​တဲ့ ရန်​သူတွေ

၇။ စာ​တန်​ရဲ့ လှည့်​စား​မှု​ကြောင့် လူ​တွေ ဘာ​ဖြစ်​ခဲ့​ကြ​သလဲ။

ကောင်း​ကင်​တ​မန်​တစ်ပါး ဘု​ရား​သခင်​ကို ပုန်​ကန်​ပြီး တ​ခြား​သူ​တွေ​ကို အုပ်​စိုး​ချင်​စိတ်​ဝင်​လာ​တဲ့​အကြောင်း အခန်း ၃ မှာ လေ့​လာခဲ့​ကြ​တယ်။ ကျမ်း​စာ​မှာ သူ့​ကို စာ​တန်​မာ​ရ်​နတ်​လို့ ခေါ်​တယ်။ (ဗျာဒိတ် ၁၂:၉) တ​ခြား​သူ​တွေ​ကို​ပါ သူ့​လို​ပဲ ဘု​ရား​ကို ပုန်​ကန်​စေ​ချင်​တယ်။ ဧ​ဝ​ကို လှည့်​စား​ခဲ့​ချိန်​က​စ​ပြီး လူ​အများ​စု​ကို​လည်း လှည့်​စား​နိုင်​ခဲ့​တယ်။ ဒါ​ပေမဲ့ အာ​ဗေ​လ၊ ဧ​နောက်၊ နော​ဧ​တို့​လို လူ​တ​ချို့​က​တော့ ယေဟောဝါ​အပေါ် သစ္စာ​ရှိ​ခဲ့​တယ်။—ဟီ​ဘ​ရူး ၁၁:၄၊ ၅၊ ၇

၈။ (က) ကောင်း​ကင်​တ​မန်​တ​ချို့ ဘယ်​လို​နည်း​နဲ့ နတ်​ဆိုး​တွေ ဖြစ်​သွား​သလဲ။ (ခ) ရေ​လွှမ်း​မိုး​ဘေး​က​လွတ်​ဖို့ နတ်​ဆိုး​တွေ ဘာ​လုပ်​ခဲ့​ကြ​သလဲ။

နော​ဧ​ခေတ်​မှာ ကောင်း​ကင်​တ​မန်​တ​ချို့ ပုန်​ကန်​ခဲ့​ကြ​တယ်။ ကောင်း​ကင်​က​နေ ဆင်း​လာ​ပြီး လူ​သား​တွေ​အဖြစ် မြေကြီး​ပေါ် နေ​ထိုင်​ခဲ့​ကြ​တယ်။ ဘာ​အတွက်​လဲ။ အိမ်​ထောင်​ပြု​ချင်​လို့​ဆို​ပြီး ကျမ်း​စာ​က ပြော​တယ်။ (ကမ္ဘာဦး ၆:၂ ကို​ဖတ်​ပါ။) ကောင်း​ကင်​တ​မန်​တွေ အဲဒီ​လို​လုပ်​တာ မှား​တယ်။ (ယုဒ ၆) အဲဒီ​ခေတ်​က​လူ​တွေ​ဟာ အဲဒီ​ကောင်း​ကင်​တ​မန်​ဆိုး​တွေ​လို​ပဲ အကျင့်​ယို​ယွင်း​ပြီး အကြမ်း​ဖက်​ကြ​တယ်။ ဒါ​ကြောင့် ယေဟောဝါ​က ကမ္ဘာ​တစ်​ခု​လုံး​ကို ရေ​လွှမ်း​မိုး​ပြီး လူ​ဆိုး​တွေ​ကို ဖျက်​ဆီး​ဖို့ ဆုံး​ဖြတ်​လိုက်​တယ်။ သစ္စာ​ရှိ​သူ​တွေ​ကို​တော့ ကယ်​တင်​တယ်။ (ကမ္ဘာဦး ၇:၁၇၊ ၂၃) ကောင်း​ကင်​တ​မန်​ဆိုး​တွေ​ဟာ ရေ​လွှမ်း​မိုး​ဘေး​က​လွတ်​အောင် ကောင်း​ကင်​ကို ပြန်​တက်​သွား​ကြ​တယ်။ ကျမ်း​စာ​မှာ အဲဒီ​ကောင်း​ကင်​တ​မန်​ဆိုး​တွေ​ကို နတ်​ဆိုး​တွေလို့ ခေါ်​တယ်။ သူတို့​ဟာ စာ​တန်​နဲ့​ပူး​ပေါင်း​ပြီး ဘု​ရား​ကို ပုန်​ကန်​ခဲ့​ကြ​တယ်။ ဒါ​နဲ့ စာ​တန်​ဟာ နတ်​ဆိုး​မင်း ဖြစ်​လာ​တယ်။—မဿဲ ၉:၃၄

၉။ (က) နတ်​ဆိုး​တွေ ကောင်း​ကင်​ကို ပြန်​တက်​သွား​တဲ့​အခါ ဘာ​ဖြစ်​သွား​သလဲ။ (ခ) အခု ဘာ​အကြောင်း လေ့​လာ​ကြ​မလဲ။

ယေဟောဝါ​က ပုန်​ကန်​တဲ့​နတ်​ဆိုး​တွေ​ကို မိသား​စု​ဝင်​အဖြစ် လက်မခံ​​တော့​ဘူး။ (၂ ပေတရု ၂:၄) နတ်​ဆိုး​တွေ​ဟာ လူ​ပြန်​ဖြစ်​အောင် လုပ်​လို့​မရ​တော့​ပေမဲ့ “လူ​နေ​ထိုင်​ရာ မြေတစ်​ပြင်​လုံး​ကို လှည့်​စား” နေ​တုန်း​ပဲ။ (ဗျာဒိတ် ၁၂:၉။ ၁ ယောဟန် ၅:၁၉) လူ​အများ​ကြီး​ကို ဘယ်​လို လှည့်​စား​နေ​သလဲ​ဆို​တာ လေ့​လာ​ကြ​စို့။—၂ ကော​ရိန္သု ၂:၁၁ ကို​ဖတ်​ပါ။

နတ်​ဆိုး​တွေ လှည့်​စား​တဲ့​နည်း

၁၀။ လူ​တွေ​ကို နတ်​ဆိုး​တွေ ဘယ်​လို​လှည့်​စား​နေ​သလဲ။

၁၀ နတ်​ဆိုး​တွေ​က နည်း​မျိုး​စုံ​သုံး​ပြီး လူ​တွေ​ကို လှည့်​စား​တယ်။ လူ​တွေ​က တိုက်​ရိုက်​ဖြစ်​စေ၊ ပယော​ဂဆ​ရာ၊ နတ်​ဆ​ရာ​တို့​လို ကြား​ခံ​လူ​က​တစ်ဆင့်​ဖြစ်​စေ နတ်​ဆိုး​တွေ​နဲ့ ဆက်​သွယ်​တယ်။ နတ်​ဆိုး​တွေ​နဲ့​ဆက်​သွယ်​တာ​ကို နတ်​ဆိုး​ပညာ​လိုက်​စား​တယ်​လို့ ခေါ်​တယ်။ နတ်​ဆိုး​တွေ​နဲ့​ပတ်​သက်​တာ မှန်​သမျှ​ကို ဝေး​ဝေး​ရှောင်​ဖို့ ကျမ်း​စာ မိန့်မှာ​တယ်။ (ဂလာ​တိ ၅:၁၉-၂၁) ဘာ​ကြောင့်​လဲ။ မု​ဆိုး​က သား​ကောင်​ကို ဖမ်း​ဖို့ ထောင်​ချောက်​ဆင်​သလို နတ်​ဆိုး​တွေ​က လူ​တွေ​ကို ထောင်​ဖမ်း​ပြီး ထိန်း​ချုပ်​ဖို့ ပရိ​ယာယ်​ဆင်​ကြ​လို့​ပဲ။—ရှင်း​လင်း​ချက် ၂၆ ကို​ကြည့်​ပါ။

၁၁။ နတ်​ဆိုး​ပညာ​ဆို​တာ ဘာ​လဲ။ နတ်​ဆိုး​ပညာ​ကို ဘာ​ကြောင့် ရှောင်​သင့်​သလဲ။

၁၁ သူတို့​ရဲ့ လှည့်​စား​နည်း​တစ်​ခု​က​တော့ နတ်​ဆိုး​ပညာ ဖြစ်​တယ်။ အနာ​ဂတ်​အကြောင်း ဒါ​မှ​မဟုတ် တစ်​ခု​ခု​အကြောင်း သိ​ချင်​လို့ သဘာ​ဝ​လွန်​စွမ်းအား​တွေ​ကို အသုံး​ပြု​တဲ့​ပညာ ဖြစ်​တယ်။ နတ်​ဆိုး​ပညာ​မှာ ကြယ်​နက္ခတ်​ကြည့်​တာ၊ နိ​မိတ်​ဖတ်​တာ၊ ဖဲ​ချပ်​ဗေ​ဒင်​သုံး​တာ၊ ဓာတ်​ဖန်​လုံး​ကြည့်​တာ၊ လက္ခ​ဏာ​ကြည့်​တာ ပါ​ဝင်​တယ်။ အဲ​ဒါ​တွေ​က ဘာ​အန္တရာယ်​မှ မရှိ​ပါ​ဘူး​လို့ လူ​အများ​စု ယူ​ဆ​တယ်။ တ​ကယ်​တော့ အန္တရာယ်​သိပ်​များ​တယ်။ ဥပမာ၊ နတ်​ဆိုး​တွေ​နဲ့ ရှေ့​ဖြစ်​ဟော​သူ​တွေ​ဟာ တစ်​ဖွဲ့​တည်း​ပဲ​လို့ ကျမ်း​စာ​ပြော​တယ်။ “ရှေ့​ဖြစ်​ဟော” နိုင်​အောင် မိန်း​က​လေး​ကို ကူညီ​ပေး​တဲ့ “ဗေ​ဒင်​ဟော​နိုင်​တဲ့​နတ်” အကြောင်း တမန်​တော် ၁၆:၁၆-၁၈ မှာ​ဖတ်​ရ​တယ်။ တမန်​တော်​ပေါလု​က နတ်​ဆိုး​ကို နှင်​ထုတ်​ပြီး​နောက် အဲဒီ​မိန်း​က​လေး​မှာ ရှေ့​ဖြစ်​ဟော​နိုင်​စွမ်း မရှိ​တော့​ဘူး။

၁၂။ (က) လူ​သေတွေ​နဲ့​ဆက်​သွယ်​တာ​ဟာ ဘာ​ကြောင့် အန္တရာယ်​ရှိ​သလဲ။ (ခ) နတ်​ဆိုး​နဲ့​ဆက်​နွှယ်​နေ​တဲ့ ထုံး​စံ​တွေ​ကို ခ​ရစ်​ယာန်တွေ ဘာ​ကြောင့် လုံး​ဝ​မလိုက်​ကြ​သလဲ။

၁၂ နတ်​ဆိုး​တွေ​က လူ​တွေ​ကို ထောင်​ဖမ်း​ဖို့ တ​ခြား​နည်း​တွေ​ကို​လည်း သုံး​တယ်။ လူ​သေနဲ့ စကား​ပြော​လို့ရ​တယ်၊ လူ​သေတွေ တစ်​နေ​ရာရာ​မှာ အသက်​ရှင်​နေ​ပြီး ကျွန်​တော်​တို့​နဲ့ ဆက်​သွယ်​နိုင်​တယ်၊ အန္တရာယ်​ပြု​နိုင်​တယ်​လို့ ယုံ​ကြည်​အောင်​လုပ်​တယ်။ ဥပမာ၊ တစ်​ယောက်​ယောက်​က မိတ်ဆွေ ဒါ​မှ​မဟုတ် ဆွေ​မျိုး​သေဆုံး​သွား​တဲ့​အခါ လူ​သေနဲ့​စကား​ပြော​နိုင်​တဲ့ နတ်​ဝင်​သည်​တွေ​ဆီ သွား​ကြ​တယ်။ နတ်​ဝင်​သည်​က သေဆုံး​သွား​တဲ့ မိတ်ဆွေ ဒါ​မှ​မဟုတ် ဆွေ​မျိုး​နဲ့​ပတ်​သက်​တဲ့ သတင်း​ထူး​တွေ ပြော​ပြမယ်။ သေဆုံး​သူ​ရဲ့​အသံ​မျိုး​နဲ့​တောင် စကား​ပြော​မယ်။ (၁ ရှ​မွေ​လ ၂၈:၃-၁၉) အသု​ဘ​အခမ်း​အနား၊ နှစ်​ပတ်​လည် စျာ​ပန​အခမ်း​အနား၊ လူ​သေအတွက် ပူ​ဇော်​ပသတာ၊ အသု​ဘ​အိမ်​မှာ ည​လုံး​ပေါက် မအိပ်​ဘဲ​စောင့်​တာ စ​တဲ့​​​​ အသု​ဘ​ထုံး​စံ​အများ​စု​ဟာ လူ​သေတွေ တစ်​နေ​ရာရာ​မှာ အသက်​ရှင်​နေ​တယ်​ဆို​တဲ့ အယူ​အဆ​ပေါ် အခြေ​ခံ​တယ်။ အဲဒီ​ထုံး​စံ​တွေ​ကို ခ​ရစ်​ယာန်တွေ မလိုက်​တဲ့​အခါ မိသား​စု​ဝင်​တွေ၊ ရွာ​သူ​ရွာ​သား​တွေ​က အပြစ်​တင်​ပြီး ကဲ့​ရဲ့​ပြော​ဆို​ကြ​တယ်၊ သူတို့​နဲ့​မပတ်​သက်​ချင်​ကြ​ဘူး။ လူ​သေတွေ တစ်​နေ​ရာရာ​မှာ ဆက်​အသက်​ရှင်​နေ​တာ မဟုတ်​မှန်း ခ​ရစ်​ယာန်တွေ သိ​ကြ​တယ်။ လူ​သေတွေ​နဲ့ ဆက်​သွယ်လို့ မရ​သလို ကျွန်​တော်​တို့​ကို​လည်း သူတို့ အန္တရာယ်​မပေး​နိုင်​ဘူး။ (ဆာလံ ၁၁၅:၁၇) ဒါ​ကြောင့် အလွန်​သတိ​ရှိ​ဖို့ လို​တယ်။ လူ​သေတွေ၊ နတ်​ဆိုး​တွေ​နဲ့ လုံး​ဝ​မဆက်​သွယ်​ပါ​နဲ့။ နတ်​ဆိုး​နဲ့​ဆက်​နွှယ်​နေ​တဲ့ ထုံး​စံ​တွေ​ကို လုံး​ဝ​မလိုက်​ပါနဲ့။—တရား​ဟော​ရာ ၁၈:၁၀၊ ၁၁ ကို​ဖတ်​ပါ။ ဟေ​ရှာ​ယ ၈:၁၉

၁၃။ နတ်​ဆိုး​တွေ​ကို ကြောက်​ကြောက်​နဲ့ အသက်​ရှင်​ခဲ့ရ​တဲ့ လူ​များ​စွာ ဘာ​ဖြစ်​လာ​ကြ​သလဲ။

၁၃ နတ်​ဆိုး​တွေ​က လူ​တွေ​ကို လှည့်​စား​တဲ့​အပြင် ကြောက်​အောင်​လည်း ခြောက်​တယ်။ စာ​တန်​နဲ့ နတ်​ဆိုး​တွေ​ကို ဘု​ရား​သခင် ဖျက်​ဆီး​မယ့်​အချိန် နီး​ပြီ၊ “အချိန်​နည်း​နည်း​ပဲ” ကျန်​တော့​မှန်း​သိ​လို့ သူတို့ ပို​ပြီး အကြမ်း​ဖက် ရန်​လို​လာ​တယ်။ (ဗျာဒိတ် ၁၂:၁၂၊ ၁၇) ဒါ​ပေမဲ့ နတ်​ဆိုး​တွေ​ကို ကြောက်​ကြောက်​နဲ့ အသက်​ရှင်​ခဲ့ရ​တဲ့ လူ​ထောင်​ပေါင်း​များ​စွာ​ဟာ အခု မကြောက်​ကြ​တော့​ဘူး။ နတ်​ဆိုး​တွေ​ကို ကြောက်​ရ​တဲ့​ဘဝ​က​နေ ဘယ်​လို လွတ်​မြောက်​ခဲ့​ကြ​တာ​လဲ။

နတ်​ဆိုး​တွေ​ကို ခု​ခံ​တွန်း​လှန်​ပြီး အဆက်​ဖြတ်​ပါ

၁၄။ ဧဖက်​မြို့​က​ခ​ရစ်​ယာန်တွေ​လို​ပဲ ကျွန်​တော်​တို့​လည်း နတ်​ဆိုး​တွေ​နဲ့ ဘယ်​လို အဆက်​ဖြတ်​နိုင်​သလဲ။

၁၄ နတ်​ဆိုး​တွေ​ကို ခု​ခံ​တွန်း​လှန်​နိုင်​ပုံ၊ အဆက်​ဖြတ်​နိုင်​ပုံ​ကို ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ ဥပမာ၊ ဧဖက်​မြို့​က​လူ​တ​ချို့​ဟာ အမှန်​တ​ရား​မသိ​ခင်​မှာ နတ်​ဆိုး​တွေ​နဲ့ ဆက်​သွယ်ခဲ့​ကြ​တယ်။ နတ်​ဆိုး​တွေ​နဲ့ သူတို့ ဘယ်​လို အဆက်​ဖြတ်​ခဲ့​သလဲ။ “မှော်​အတတ်​လိုက်​စား​သူ များ​စွာ​လည်း သူတို့​ရဲ့​စာ​စောင်​တွေ ယူ​လာ​ပြီး လူ​အားလုံး​ရှေ့​မှာ မီး​ရှို့​လိုက်​တယ်” လို့ ကျမ်း​စာ​မှာ ပြော​တယ်။ (တမန်​တော် ၁၉:၁၉) သူတို့​ဟာ ခ​ရစ်​ယာန်​ဖြစ်​ချင်​တဲ့​အတွက် မှော်​အတတ်​နဲ့​ဆိုင်​တဲ့ စာ​အုပ်​မှန်​သမျှ​ကို ဖျက်​ဆီး​ပစ်​တယ်။ အခု​ချိန်​မှာ​လည်း အဲဒီ​အတိုင်း လုပ်​ရ​မယ်။ ယေဟောဝါ​ကို ဝတ်​ပြု​လို​သူ​တိုင်း နတ်​ဆိုး​ပညာ​နဲ့​ဆက်​နွှယ်​တာ​မှန်​သမျှ​ကို ဖယ်​ရှား​ပစ်​ဖို့​လို​တယ်။ မှော်​ပညာ၊ နတ်​ဆိုး၊ သဘာ​ဝ​လွန်​စွမ်းအား​တွေ​ဟာ အန္တရာယ်​ကင်း​ပြီး စိတ်​လှုပ်​ရှား​စ​ရာ​ပဲ​လို့ ထင်​ရ​စေ​တဲ့ စာ​အုပ်၊ မဂ္ဂ​ဇင်း၊ ရာ​သီ​ခွင်​ဗေ​ဒင်၊ ရုပ်​ရှင်၊ သီချင်း၊ ဂိမ်း၊ ပို​စ​တာ​တွေ ပါ​ဝင်​တယ်။ အန္တရာယ်​ကင်း​ဖို့ ဆောင်​ထား​တဲ့ အဆောင်​လက်​ဖွဲ့​တွေ​လည်း ပါ​ဝင်​တယ်။—၁ ကော​ရိန္သု ၁၀:၂၁

၁၅။ စာ​တန်​နဲ့ နတ်​ဆိုး​တွေ​ကို ခု​ခံ​တွန်း​လှန်​နိုင်​ဖို့ နောက်​ထပ် ဘာ​လုပ်​ဖို့ လို​သလဲ။

၁၅ ဧဖက်​မြို့​သား​တွေ​ဟာ မှော်​အတတ်​နဲ့​ဆိုင်​တဲ့ စာ​အုပ်​မှန်​သမျှ​ကို ဖျက်​ဆီး​ပစ်​ပြီး နှစ်​အနည်း​ငယ်​အကြာ​မှာ “နတ်​ဆိုး​များ​စွာ​နဲ့ တိုက်​ခိုက်” နေ​ရ​ဆဲ​ပဲ​လို့ တမန်​တော်​ပေါလု ရေးခဲ့​တယ်။ (ဧဖက် ၆:၁၂) စာ​အုပ်​တွေ​ကို မီး​ရှို့​ပြီး​တာ​တောင် နတ်​ဆိုး​တွေ​ဟာ သူတို့​ကို အန္တရာယ်​ပေး​နေ​တုန်း​ပဲ။ သူတို့ နောက်​ထပ် ဘာ​လုပ်​ဖို့ လို​သလဲ။ “ဆိုး​ညစ်​သူ​ပစ်​ခတ်​တဲ့ မီး​မြား​တွေ​ကို ငြိမ်း​သတ်​နိုင်​တဲ့ ယုံ​ကြည်​ခြင်း ဒိုင်း​လွှား​ကြီး​ကို​လည်း ကိုင်​ဆောင်​ထား​ကြ” ပါ​လို့ သူတို့​ကို ပေါလု​ပြော​တယ်။ (ဧဖက် ၆:၁၆) စစ်​မြေပြင်​မှာ စစ်​သား​ကို ကာ​ကွယ်​ပေး​တဲ့ ဒိုင်း​လွှား​လို​ပဲ ယုံ​ကြည်​ခြင်း​က ကျွန်​တော်​တို့​ကို ကာ​ကွယ်​နိုင်​တယ်။ ကျွန်​တော်​တို့​ကို ယေဟောဝါ ကာ​ကွယ်​နိုင်​တယ်​ဆို​တာ အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​မယ်​ဆို​ရင် စာ​တန်​နဲ့ နတ်​ဆိုး​တွေ​ကို ခု​ခံ​တွန်း​လှန်​နိုင်​မယ်။—မဿဲ ၁၇:၂၀

၁၆။ ယေဟောဝါ​အပေါ်​ထား​တဲ့ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​အောင် ဘယ်​လို​လုပ်​ရ​မလဲ။

၁၆ ယေဟောဝါ​အပေါ်​ထား​တဲ့ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​အောင် ဘယ်​လို​လုပ်​ရ​မလဲ။ ကျမ်း​စာ​ကို နေ့​တိုင်း ဖတ်​ရ​မယ်။ အကာ​အကွယ်​ရ​ဖို့ ဘု​ရား​သခင်​ကို မှီ​ခို​အား​ထား​ရ​မယ်။ ယေဟောဝါ​ကို အပြည့်​အဝ ယုံ​ကြည်​အား​ထား​မယ်​ဆို​ရင် စာ​တန်​နဲ့ နတ်​ဆိုး​တွေ ကျွန်​တော်​တို့​ကို အန္တရာယ်​ပေး​နိုင်​မှာ မဟုတ်​ဘူး။—၁ ယောဟန် ၅:၅

၁၇။ နတ်​ဆိုး​ရန်​က​နေ အကာ​အကွယ်​ရ​ဖို့ ဘာ​လုပ်​ရ​ဦး​မလဲ။

၁၇ ဧဖက်​မြို့​က​ခ​ရစ်​ယာန်တွေ နောက်​ထပ် ဘာ​လုပ်​ဖို့ လို​သေး​သလဲ။ နတ်​ဆိုး​အယူ​ဝါ​ဒ​ပြည့်​နေ​တဲ့​မြို့​မှာ သူတို့​နေ​ထိုင်​ရ​တယ်။ ဒါ​ကြောင့် ပေါလု​က ‘အချိန်​အခါ​တိုင်း​မှာ ဆုတောင်း​နေ​ပါ’ ဆို​ပြီး ပြော​တယ်။ (ဧဖက် ၆:၁၈) အကာ​အကွယ်​ရ​ဖို့ ယေဟောဝါ​ဆီ အချိန်​တိုင်း ဆုတောင်း​ဖို့​လို​တယ်။ ကျွန်​တော်​တို့​ကော။ ကျွန်​တော်​တို့​လည်း နတ်​ဆိုး​အယူ​ဝါ​ဒ​ပြည့်​နေ​တဲ့ လော​က​မှာ အသက်​ရှင်​နေ​ရ​တယ်။ ဒါ​ကြောင့် အကာ​အကွယ်​ရ​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ဖို့​လို​တယ်။ ဆုတောင်း​တဲ့​အခါ ယေဟောဝါ​ရဲ့​နာ​မည် သုံး​ရ​မယ်။ (ပညာ​အလိမ္မာ ၁၈:၁၀ ကို​ဖတ်​ပါ။) စာ​တန့်​လက်​က​နေ ကယ်​လွှတ်​ဖို့ ယေဟောဝါ​ဆီ မပြတ်​ဆုတောင်း​မယ်​ဆို​ရင် ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​အတိုင်း ယေဟောဝါ လုပ်​ဆောင်​ပေး​ပါ​လိမ့်​မယ်။—ဆာလံ ၁၄၅:၁၉။ မဿဲ ၆:၁၃

၁၈၊ ၁၉။ (က) စာ​တန်​နဲ့ နတ်​ဆိုး​တွေ​ကို ဘယ်​လို တိုက်​ခိုက်​အောင်​မြင်​နိုင်​သလဲ။ (ခ) ဘယ်​မေး​ခွန်း​ရဲ့​အဖြေကို နောက်​အခန်း​မှာ သိ​ရ​မလဲ။

၁၈ နတ်​ဆိုး​ပညာ​နဲ့​ဆက်​နွှယ်​နေ​တဲ့ အရာ​မှန်​သမျှ​ကို ဖယ်​ရှား​မယ်၊ အကာ​အကွယ်​ရ​ဖို့ ယေဟောဝါ​ကို မှီ​ခို​အား​ထား​မယ်​ဆို​ရင် စာ​တန်​နဲ့ နတ်​ဆိုး​တွေ​ကို ခု​ခံ​တွန်း​လှန်​နိုင်​မယ်။ နတ်​ဆိုး​တွေ​ကို ကြောက်​ဖို့​မလို​ဘူး။ (ယာကုပ် ၄:၇၊ ၈ ကို​ဖတ်​ပါ။) ယေဟောဝါ​ဟာ နတ်​ဆိုး​တွေ​ထက် ပို​တန်ခိုး​ကြီး​တယ်။ နော​ဧ​ခေတ်​မှာ သူတို့​ကို ဘု​ရား​ ပြစ်​ဒဏ်​ပေး​ခဲ့​တယ်။ အနာ​ဂတ်​မှာ​လည်း သူတို့​ကို ဖျက်​ဆီး​ပစ်​တော့​မယ်။ (ယုဒ ၆) ကျွန်​တော်​တို့​ချည်း​ပဲ တိုက်​ခိုက်​နေ​ရ​တာ မဟုတ်​မှန်း သတိ​ရ​ပါ။ ယေဟောဝါ​က ကောင်း​ကင်​တ​မန်​တွေ​ကို သုံး​ပြီး ကျွန်​တော်​တို့​ကို ကာ​ကွယ်​နေ​တယ်။ (၂ ဘု​ရင်​များ ၆:၁၅-၁၇) စာ​တန်​နဲ့ နတ်​ဆိုး​တွေ​ကို ယေဟောဝါ​ရဲ့ အကူ​အညီ​နဲ့ တိုက်​ခိုက်​အောင်​မြင်​နိုင်​တယ်​ဆို​တာ ယုံ​ကြည်​စိတ်​ချ​နိုင်​တယ်။—၁ ပေတရု ၅:၆၊ ၇။ ၂ ပေတရု ၂:၉

၁၉ လူ​တွေ ဆင်း​ရဲ​ဒုက္ခရောက်​အောင် စာ​တန်​နဲ့ နတ်​ဆိုး​တွေ ဖန်​တီး​နေ​တာ​ဆို​ရင် သူတို့​ကို ဘု​ရား​သခင် ဘာ​ကြောင့် မဖျက်​ဆီး​သေး​တာ​လဲ။ ဒီ​မေး​ခွန်း​ရဲ့​အဖြေကို နောက်​အခန်း​မှာ သိ​ရ​ပါ​လိမ့်​မယ်။