အခန်း​ဆယ့်​လေး

ပျော်ရွှင်တဲ့မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်

ပျော်ရွှင်တဲ့မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်

၁၊ ၂။ မိသား​စု​တွေ​ကို ယေဟောဝါ ဘာ​ဖြစ်​စေ​ချင်​သလဲ။

ပ​ထမဆုံး အိမ်​ထောင်​မင်္ဂ​လာ​ကို ယေဟောဝါ​ဘု​ရား အစ​ပြု​ပေး​ခဲ့​တယ်။ ပထ​မဆုံး​လူ​မိန်း​မကို ဖန်​ဆင်း​ပြီး “လူ​ရှိ​ရာ​ဆီ ခေါ်​လာ” တဲ့​အခါ အာ​ဒံ​က “ဒါ​မှ ငါ့​အရိုး​ထဲ​က အရိုး၊ ငါ့​အသား​ထဲ​က အသား” လို့ ဝမ်း​သာ​အား​ရ ပြော​တယ်။ (ကမ္ဘာဦး ၂:၂၂၊ ၂၃) ယေဟောဝါ​က အိမ်​ထောင်​သည်​တွေ​ကို ပျော်​ရွှင်​စေ​ချင်​မှန်း ဒီ​အချက်​က​နေ သိ​ရ​တယ်။

ဝမ်း​နည်း​စ​ရာ​ကောင်း​တာ​က လူ​အများ​စု​ဟာ ပျော်​ရွှင်​တဲ့​မိသား​စု​ဘဝ​ကို တစ်​ခါ​မှ မကြုံ​တွေ့​ဖူး​တာ​ပါ​ပဲ။ ဒါ​ပေမဲ့ စည်း​လုံး​ပျော်​ရွှင်​တဲ့ မိသား​စု​ဘဝ ရ​နိုင်​အောင် မိသား​စု​ဝင်​တိုင်း​ကို ကူညီ​ပေး​နိုင်​တဲ့ လမ်း​ညွှန်​ချက်​အများ​ကြီး ကျမ်း​စာ​မှာ ပါ​တယ်။—လုကာ ၁၁:၂၈

လင်​ယောက်ျားတွေ​ဆီ​က​နေ ဘု​ရား​သခင် မျှော်​လင့်​တဲ့​အရာ

၃၊ ၄။ (က) လင်​ယောက်ျား​က ဇနီး​သည်​ကို ဘယ်​လို​ဆက်ဆံ​ရ​မလဲ။ (ခ) လင်​နဲ့​မယား အချင်း​ချင်း ခွင့်​လွှတ်​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

လင်​ယောက်ျား​ကောင်း​တစ်​ယောက်​ဟာ ဇနီး​ကို မေတ္တာ​နဲ့ တ​လေး​တ​စား ဆက်ဆံ​သင့်​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ ဧဖက် ၅:၂၅–၂၉ ကို ဖတ်​ကြည့်​ပါ။ လင်​ယောက်ျား​ဟာ ဇနီး​သည်​ကို အမြဲတမ်း ချစ်​ခင်​ကြင်နာ​ရ​မယ်၊ ကာ​ကွယ်​စောင့်​ရှောက်ရ​မယ်။ ဇနီး​သည် ထိ​ခိုက်​နစ်​နာ​အောင် ဘယ်​တော့​မှ မလုပ်​ရ​ဘူး။

ဇနီး​က အမှား​လုပ်​မိ​ရင်​ကော။ ကျမ်း​စာ​မှာ “ဇနီး​ကို ချစ်​မြဲချစ်​ကြ​ပါ။ သူတို့​ကို တ​ရား​လွန် ဒေါသ​မထွက်​ပါ​နဲ့” လို့ လင်​ယောက်ျား​ကို ပြော​တယ်။ (ကောလောသဲ ၃:၁၉) လင်​ယောက်ျား​တို့၊ သင်​တို့​လည်း မှား​တတ်​တယ်​ဆို​တာ မမေ့​ပါ​နဲ့။ ဘု​ရား​သခင်​ရဲ့ ခွင့်​လွှတ်​မှု ရ​ချင်​တယ်​ဆို​ရင် ဇနီး​သည်​ကို ခွင့်​လွှတ်​ရ​မယ်။ (မဿဲ ၆:၁၂၊ ၁၄၊ ၁၅) လင်​နဲ့​မယား အချင်း​ချင်း ခွင့်​လွှတ်​မယ်​ဆို​ရင် အိမ်​ထောင်​ရေး သာ​ယာ​ပါ​လိမ့်​မယ်။

၅။ ဇနီး​ကို ဘာ​ကြောင့် ဂုဏ်​တင်​သင့်​သလဲ။

လင်​ယောက်ျား​က ဇနီး​သည်​ကို ဂုဏ်​တင်​ဖို့ ယေဟောဝါ မျှော်​လင့်​တယ်။ ဇနီး​ရဲ့ လို​အပ်​ရာတွေ​ကို ထည့်​စဉ်း​စား​ပေး​ရ​မယ်။ အဲဒီ​လို​လုပ်​ဖို့ သိပ်​အရေး​ကြီး​တယ်။ ဇနီး​ကို ကောင်း​ကောင်း​မဆက်ဆံ​ရင် သူ​ဆုတောင်း​တာ​ကို ယေဟောဝါ နား​ထောင်​မှာ မဟုတ်​ဘူး။ (၁ ပေတရု ၃:၇) ယေဟောဝါ​အတွက် တန်​ဖိုး​ရှိ​သူ​တွေ​ဟာ ကိုယ်​တော့်​ကို ချစ်​တဲ့​သူ​တွေ​ပဲ။ ယောက်ျား​က မိန်း​မထက်​သာ​တယ်​လို့ ကိုယ်​တော် မယူ​ဆ​ဘူး။

၆။ လင်​နဲ့​မယား​ဟာ “တစ်​သား​တစ်​ကိုယ်​တည်း” ဆို​တာ ဘာ​ကို​ဆိုလို​သလဲ။

လင်​နဲ့​မယား​ဟာ “နှစ်​ယောက်​မဟုတ်​တော့​ဘဲ တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​သွား​ပြီ” လို့ ယေရှု ရှင်း​ပြတယ်။ (မဿဲ ၁၉:၆) သူတို့​အချင်း​ချင်း သစ္စာ​ရှိ​ရ​မယ်။ ဘယ်​တော့​မှ သစ္စာ​မဖောက်​ရ​ဘူး။ (ပညာ​အလိမ္မာ ၅:၁၅-၂၁။ ဟီ​ဘ​ရူး ၁၃:၄) လင်​နဲ့​မယား​အချင်း​ချင်း ဆက်ဆံ​ခြင်း​ဝတ်​ကို ကိုယ်​ကျိုး​မဖက်​ဘဲ ဖြည့်​ဆည်း​ပေး​သင့်​တယ်။ (၁ ကော​ရိန္သု ၇:၃-၅) “ကိုယ့်​ခန္ဓာ​ကိုယ်​ကို မုန်း​တဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။ လူ​တိုင်း ကိုယ့်​ခန္ဓာ​ကိုယ်​ကို ကျွေး​မွေး​ပြီး မြတ်​နိုး​တတ်​တယ်” ဆို​တဲ့​အချက်​ကို လင်​ယောက်ျားတွေ မမေ့​သင့်​ဘူး။ ဒါ​ကြောင့် ဇနီး​ကို ချစ်​ခင်​မြတ်​နိုး​ရ​မယ်။ ဇနီး​တစ်ဦး​အလို​ချင်​ဆုံး​အရာ​ဟာ လင်​ယောက်ျားရဲ့ အကြင်နာ​မေတ္တာ​ပဲ။—ဧဖက် ၅:၂၉

ဇနီး​သည်​တွေ​ဆီ​က​နေ ဘု​ရား​သခင် မျှော်​လင့်​တဲ့​အရာ

၇။ မိသား​စု​မှာ အိမ်​ထောင်​ဦး​စီး ဘာ​ကြောင့် လို​အပ်​သလဲ။

မိသား​စု​တိုင်း​မှာ လမ်း​ညွှန်​ပေး​မယ့် အိမ်​ထောင်​ဦး​စီး​ရှိ​ဖို့ လို​တယ်။ ဒါ​မှ စည်း​စည်း​လုံး​လုံး အတူ​လုပ်​ဆောင်​နိုင်​မယ်။ ၁ ကော​ရိန္သု ၁၁:၃ မှာ “ယောက်ျားရဲ့ ဦး​ခေါင်း​ဟာ ခ​ရစ်​တော်၊ မိန်း​မရဲ့ ဦး​ခေါင်း​ဟာ ယောက်ျား၊ ခ​ရစ်​တော်​ရဲ့ ဦး​ခေါင်း​ဟာ ဘု​ရား​သခင်​ပဲ” လို့ ပြော​တယ်။

၈။ လင်​ယောက်ျား​ကို အလွန်​ရို​သေလေး​စား​ကြောင်း ဘယ်​လို​ပြနိုင်​သလဲ။

လင်​ယောက်ျား​တိုင်း အမှား​လုပ်​တတ်​ကြ​တယ်။ ဒါ​ပေမဲ့ ဇနီး​က လင်​ယောက်ျားရဲ့ ဆုံး​ဖြတ်​ချက်​တွေ​ကို လက်ခံ​ပြီး တ​လို​တ​လား ပူး​ပေါင်း​လုပ်​ဆောင်​တဲ့​အခါ တစ်​မိသား​စု​လုံး အကျိုး​ခံစား​ရ​တယ်။ (၁ ပေတရု ၃:၁-၆) “ဇနီး​က​လည်း ခင်​ပွန်း​ကို အလွန်​ရို​သေရ​မယ်” လို့ ကျမ်း​စာ​က ပြော​တယ်။ (ဧဖက် ၅:၃၃) လင်​ယောက်ျား​က ကိုယ်​နဲ့ ဘာ​သာ​ရေး​ယုံ​ကြည်​ချက် မတူ​ဘူး​ဆို​ရင်​ကော။ လင်​ယောက်ျား​ကို အလွန်​ရို​သေလေး​စား​ဖို့ လို​နေ​ဆဲ​ပဲ။ “ဇနီး​တို့၊ ခင်​ပွန်း​ကို လက်​အောက်​ခံ​ကြ​ပါ။ ခင်​ပွန်း​က တ​ရား​စကား​ကို မနာ​ခံ​သူ ဖြစ်​နေ​ရင်​တောင် ဇနီး​က တစ်​ခွန်း​မှ ဟော​စ​ရာ​မလို​ဘဲ ကိုယ့်​ရဲ့ အမူ​အကျင့်​ကြောင့် သူ့​ကို ယုံ​ကြည်​သူ​ဖြစ်​လာ​စေ​နိုင်​တယ်။ ဇနီး​ရဲ့ စင်​ကြယ်​တဲ့ အမူ​အကျင့်​တွေ၊ အလွန်​ရို​သေတတ်​တာ​တွေ​ကို သူ​ကိုယ်​တိုင် မြင်​ရလို့​ပဲ” ဆို​ပြီး ကျမ်း​စာ​ပြော​တယ်။ (၁ ပေတရု ၃:၁၊ ၂) ဇနီး​ဟာ ပုံသက်သေ​ကောင်း​မယ်​ဆို​ရင် လင်​ယောက်ျား​က ဇနီး​ရဲ့​ယုံ​ကြည်​ချက်​ကို နား​လည်​လာ​နိုင်​တယ်၊ လေး​စား​လာ​နိုင်​တယ်။

၉။ (က) လင်​ယောက်ျား​နဲ့ သဘော​ထား​ချင်း မတိုက်​ဆိုင်​တဲ့​အခါ ဘာ​လုပ်​သင့်​သလဲ။ (ခ) တိတု ၂:၄၊ ၅ မှာ ဇနီး​သည်​တွေ​ကို ဘယ်​လို အကြံ​ပေး​ထား​သလဲ။

လင်​ယောက်ျား​နဲ့ သဘော​ထား​ချင်း မတိုက်​ဆိုင်​ရင်​ကော။ ကိုယ့်​သဘော​ထား​ကို တ​လေး​တ​စား ဖွင့်​ပြော​သင့်​တယ်။ ဥပမာ၊ အာဗြဟံ​မကြိုက်​တဲ့​အရာ​ကို စာ​ရာ​ပြော​လာ​တဲ့​အခါ ယေဟောဝါ​က “စာ​ရာ​ပြော​တာ​ကို နား​ထောင်​လိုက်” ဆို​ပြီး အာဗြဟံ​ကို ပြော​တယ်။ (ကမ္ဘာဦး ၂၁:၉-၁၂) ခ​ရစ်​ယာန်​လင်​ယောက်ျား​တစ်ဦး​ရဲ့ ဆုံး​ဖြတ်​ချက်​ဟာ ကျမ်း​စာ​နဲ့ မဆန့်​ကျင်​ဘူး​ဆို​ရင် ဇနီး​က လက်ခံ​သင့်​တယ်။ (တမန်​တော် ၅:၂၉။ ဧဖက် ၅:၂၄) ဇနီး​ကောင်း​တစ်​ယောက်​ဟာ မိသား​စု​ကို ဂရု​စိုက်​မှာ ဖြစ်​တယ်။ (တိတု ၂:၄၊ ၅ ကို​ဖတ်​ပါ။) မိ​ခင်​ကောင်း၊ ဇနီး​ကောင်း​ပီ​သအောင် ကြိုး​စား​လုပ်​ဆောင်​နေ​တာ​ကို ခင်​ပွန်း​နဲ့ သား​သမီး​တွေ မြင်​တဲ့​အခါ သူ့​ကို ပို​ပြီး ချစ်​ခင်​လေး​စား​လာ​ပါ​လိမ့်​မယ်။—ပညာ​အလိမ္မာ ၃၁:၁၀၊ ၂၈

စာ​ရာ​ဟာ ဇနီး​သည်​တွေ​အတွက် ဘယ်​လို ပုံ​န​မူ​နာ​ကောင်း​ပြခဲ့​သလဲ

၁၀။ ခွဲ​နေ​တာ၊ ကွာ​ရှင်း​တာ​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ ဘာ​ပြော​သလဲ။

၁၀ မောင်​နှံ​စုံ​တွေ​ဟာ ခွဲ​နေ​ဖို့၊ ကွာ​ရှင်း​ဖို့ အလျင်​စ​လို ဆုံး​ဖြတ်​တတ်​ကြ​တယ်။ ဒါ​ပေမဲ့ “ဇနီး​ဟာ ခင်​ပွန်း​နဲ့ ခွဲ​မနေ​ရ​ဘူး၊” “ခင်​ပွန်း​က​လည်း ဇနီး​နဲ့ ခွဲ​မနေ​ရ​ဘူး” လို့ ကျမ်း​စာ​ပြော​တယ်။ (၁ ကော​ရိန္သု ၇:၁၀၊ ၁၁) မဖြစ်​မနေ ခွဲ​နေ​ရ​မယ့် အခြေ​အနေ​တ​ချို့ ရှိ​နိုင်​တယ်။ ဒါ​ဟာ အလေး​အနက်​ထား​ပြီး ဆုံး​ဖြတ်​ရ​မယ့်​ကိစ္စ​ပဲ။ ကွာ​ရှင်း​တာ​ကျ​တော့​ကော။ အိမ်​ထောင်​ဖက်​တစ်ဦး အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှ ကွာ​ရှင်း​လို့ရ​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ ဒါ​ဟာ ကွာ​ရှင်း​နိုင်​တဲ့ တစ်​ခု​တည်း​သော​အကြောင်း​ရင်း​ပဲ။—မဿဲ ၁၉:၉

မိ​ဘ​တွေ​ဆီ​က​နေ ဘု​ရား​သခင် မျှော်​လင့်​တဲ့​အရာ

ယေရှု​က မိသား​စု​ဝင်​တိုင်း​အတွက် ပုံ​န​မူ​နာ​ကောင်း​ပြခဲ့

၁၁။ သား​သမီး​တွေ အလို​အပ်​ဆုံး​အရာ​ဟာ ဘာ​လဲ။

၁၁ မိ​ဘ​တို့၊ သား​သမီး​တွေ​ကို အတတ်​နိုင်​ဆုံး အချိန်​ပေး​ပါ။ သား​သမီး​တွေ အလို​အပ်​ဆုံး​အရာ​ဟာ မိ​ဘ​တွေ​ပဲ။ သား​သမီး​တွေ​ကို ယေဟောဝါ​အကြောင်း သွန်သင်​ပေး​ဖို့​လို​တယ်။—တ​ရား​ဟော​ရာ ၆:၄-၉

၁၂။ သား​သမီး​တွေ​ကို ကာ​ကွယ်​ပေး​ဖို့ မိ​ဘ​တွေ ဘာ​လုပ်​ရ​မလဲ။

၁၂ စာ​တန်​ရဲ့​လော​က​ဟာ ဆိုး​သည်​ထက်​ဆိုး​လာ​တဲ့​အတွက် သား​သမီး​တွေ​ကို အန္တရာယ်​ပြု​မယ့်​သူ​တွေ၊ လိင်​ဆိုင်​ရာ မတော်​မတ​ရား​ပြု​မယ့်​သူ​တွေ ရှိ​နေ​တယ်။ တ​ချို့​မိ​ဘ​တွေ​က သား​သမီး​တွေ​ကို ဒီ​အကြောင်း ပြော​ပြဖို့ အခက်​တွေ့​ကြ​တယ်။ ဒါ​ပေမဲ့ အဲဒီ​လို​လူ​တွေ​ရှိ​တဲ့​အကြောင်း သတိ​ပေး​ပြီး သူတို့​ကို ဘယ်​လို​ရှောင်ရ​မယ်​ဆို​တာ သင်​ပေး​ဖို့​လို​တယ်။ မိ​ဘ​တို့၊ သား​သမီး​တွေ​ကို ကာ​ကွယ်​ပေး​ရ​မယ်။ *၁ ပေတရု ၅:၈

၁၃။ သား​သမီး​တွေ​ကို ဘယ်​လို​သင်​ပေး​ရ​မလဲ။

၁၃ သား​သမီး​တွေ လိမ္မာရေး​ခြား​ရှိ​အောင် သင်​ပေး​ရ​မယ့်​တာဝန် မိ​ဘ​တွေ​မှာ ရှိ​တယ်။ ဘယ်​လို​သင်​ပေး​မလဲ။ သား​သမီး​တွေ​ကို လေ့ကျင့်​ပေး​ရ​မယ်။ ဒါ​ပေမဲ့ ရက်​စက်​ကြမ်း​တမ်း​စွာ မဆုံးမ​သင့်​ဘူး။ (ယေ​ရ​မိ ၃၀:၁၁) ဒေါသ​ထွက်​နေ​ချိန်​မှာ သား​သမီး​တွေ​ကို ဘယ်​တော့​မှ မဆုံးမ​ပါ​နဲ့။ သင့်​စကား​တွေ​ဟာ “ဓား​နဲ့​ထိုး​သလို” ဖြစ်​ပြီး သား​သမီး​တွေ စိတ်​နာ​သွား​မှာ​ကို သင်​လို​လား​မှာ မဟုတ်​ဘူး။ (ပညာ​အလိမ္မာ ၁၂:၁၈) ဘာ​ကြောင့် နာ​ခံ​ဖို့​လို​တယ်​ဆို​တာ သား​သမီး​တွေ နား​လည်​အောင် သင်​ပေး​ပါ။—ဧဖက် ၆:၄။ ဟီ​ဘ​ရူး ၁၂:၉-၁၁ရှင်း​လင်း​ချက် ၃၀ ကို​ကြည့်​ပါ။

သား​သမီး​တွေ​ဆီ​က​နေ ဘု​ရား​သခင် မျှော်​လင့်​တဲ့​အရာ

၁၄၊ ၁၅။ သား​သမီး​တွေ ဘာ​ကြောင့် မိ​ဘ​ကို နာ​ခံ​သင့်​သလဲ။

၁၄ ယေရှု​ဟာ ခက်​ခဲ​တဲ့​အချိန်​မှာ​တောင် ဖခင်​စကား​ကို အမြဲနား​ထောင်​တယ်။ (လုကာ ၂၂:၄၂။ ယောဟန် ၈:၂၈၊ ၂၉) ယေဟောဝါ​က​လည်း သား​သမီး​တွေ​ကို မိ​ဘ​စကား နား​ထောင်​စေ​ချင်​တယ်။—ဧဖက် ၆:၁-၃

၁၅ သား​သမီး​တို့၊ မိ​ဘ​ကို နာ​ခံ​ဖို့ ခက်​တယ်​လို့ ခံစား​ရရင်​တောင် အဲဒီ​လို​နာ​ခံ​မယ်​ဆို​ရင် ယေဟောဝါ​ရော မိ​ဘ​တွေ​ပါ စိတ်​ချမ်း​သာ​မယ်​ဆို​တာ သတိ​ရ​ပါ။ *ပညာ​အလိမ္မာ ၁:၈။ ၆:၂၀။ ၂၃:၂၂-၂၅

အမှား​လုပ်​ဖို့ သွေး​ဆောင်​ခံ​ရ​တဲ့​အခါ ဘု​ရား​သခင်​ကို သစ္စာ​ရှိ​ဖို့ လူငယ်​တွေ​ကို ဘာ​က ကူညီ​ပေး​မလဲ

၁၆။ (က) မကောင်း​တာ​လုပ်​ဖို့ လူငယ်​တွေ​ကို စာ​တန်​မာ​ရ်​နတ် ဘယ်​လို​သွေး​ဆောင်​သလဲ။ (ခ) ယေဟောဝါ​ကို ချစ်​တဲ့​သူ​တွေ​နဲ့ မိတ်​ဖွဲ့​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

၁၆ သူ​ငယ်​ချင်း​တွေ၊ ရွယ်​တူ​ချင်း​တွေ​ကို သုံး​ပြီး သင် အမှား​လုပ်​အောင် မာ​ရ်​နတ် သွေး​ဆောင်​နိုင်​တယ်။ အဲဒီ​လို​ဖိ​အား​တွေ​ကို တွန်း​လှန်​ဖို့ သိပ်​ခက်​မှန်း မာ​ရ်​နတ် သိ​ထား​တယ်။ ဥပမာ၊ ယာကုပ်​ရဲ့​သမီး ဒိ​န​မှာ ယေဟောဝါ​ကို မချစ်​တဲ့ သူ​ငယ်​ချင်း​တွေ ရှိ​တယ်။ ဒါ​ကြောင့် သူ​နဲ့ သူ့​မိသား​စု အတော်​လေး ဒုက္ခရောက်ခဲ့​တယ်။ (ကမ္ဘာဦး ၃၄:၁၊ ၂) ယေဟောဝါ​ကို မချစ်​တဲ့ သူ​ငယ်​ချင်း​တွေ​က ယေဟောဝါ ရွံ​မုန်း​တာ​တစ်​ခု​ခု​လုပ်​ဖို့ သင့်​ကို သွေး​ဆောင်​နိုင်​တယ်။ အဲ​ဒါ​က သင်​နဲ့ သင့်​မိသား​စု​ကို​ရော ဘု​ရား​သခင်​ကို​ပါ အကြီး​အကျယ် စိတ်​ဆင်း​ရဲ​စေ​နိုင်​တယ်။ (ပညာ​အလိမ္မာ ၁၇:၂၁၊ ၂၅) ဒါ​ကြောင့် ယေဟောဝါ​ကို ချစ်​တဲ့​သူ​တွေ​နဲ့​ပဲ မိတ်​ဖွဲ့​ဖို့ သိပ်​အရေး​ကြီး​တယ်။—၁ ကော​ရိန္သု ၁၅:၃၃

ပျော်​ရွှင်​တဲ့ မိသား​စု​ဘဝ​ကို သင် ပိုင်​ဆိုင်​နိုင်

၁၇။ မိသား​စု​ဝင်​တိုင်း​မှာ ဘာ​တာဝန်​ရှိ​သလဲ။

၁၇ မိသား​စု​ဝင်​တွေ​က ဘု​ရား​သခင်​ရဲ့ လမ်း​ညွှန်​ချက်​တွေ​ကို လိုက်​နာ​တဲ့​အခါ ဒုက္ခ​ပြဿ​နာ အတော်​များ​များ​ကို ရှောင်ရှား​နိုင်​တယ်။ ဒါ​ကြောင့် သင်​ဟာ လင်​ယောက်ျား​ဖြစ်​မယ်​ဆို​ရင် ဇနီး​ကို ချစ်​ပါ၊ မေတ္တာ​နဲ့​ဆက်ဆံ​ပါ။ သင်​ဟာ ဇနီး​သည်​ဖြစ်​မယ်​ဆို​ရင် လင်​ယောက်ျား​ကို ရို​သေလေး​စား​ပါ၊ လက်​အောက်​ခံ​ပါ။ ပညာ​အလိမ္မာ​ကျမ်း ၃၁:၁၀-၃၁ မှာ​ပါ​တဲ့ ဇနီး​ကောင်း​တစ်​ယောက်​ရဲ့ ပုံ​န​မူ​နာ​ကို အတု​ယူ​ပါ။ သင်​ဟာ မိ​ဘ​ဖြစ်​မယ်​ဆို​ရင် ဘု​ရား​သခင်​ကို ချစ်​တတ်​လာ​အောင် သား​သမီး​တွေ​ကို သင်​ပေး​ပါ။ (ပညာ​အလိမ္မာ ၂၂:၆) သင်​ဟာ ဖခင်​ဖြစ်​မယ်​ဆို​ရင် အိမ်​ထောင်​ကို “ကောင်း​စွာ​ဦး​စီး” ပါ။ (၁ တိမောသေ ၃:၄၊ ၅။ ၅:၈) သား​သမီး​တို့၊ မိ​ဘ​ကို နာ​ခံ​ပါ။ (ကောလောသဲ ၃:၂၀) မိသား​စု​ဝင်​တိုင်း မှား​တတ်​ကြ​တယ်​ဆို​တာ မမေ့​ပါ​နဲ့။ ဒါ​ကြောင့် နှိမ့်​ချ​မှု​ပြပြီး အချင်း​ချင်း ခွင့်​လွှတ်​ကြ​ပါ။ ဒါ​တွေ​ဟာ မိသား​စု​ဝင်​တိုင်း​အတွက် ကျမ်း​စာ​မှာ​ပါ​တဲ့ ယေဟောဝါ​ရဲ့ လမ်း​ညွှန်​ချက်​တွေ​ပဲ။

^ စာပိုဒ်၊ 12 သား​သမီး​တွေ​ကို ကာ​ကွယ်​ပေး​နိုင်​ပုံ​အကြောင်း ပို​သိ​ချင်​ရင် ယေဟောဝါ​သက်​သေတွေ ထုတ်​ဝေ​တဲ့ ကြီး​မြတ်​သော​ဆ​ရာ​ထံ​မှ သင်​ယူ​ပါ စာ​အုပ်၊ အခန်း ၃၂ ကို​ဖတ်​ပါ။

^ စာပိုဒ်၊ 15 ဘု​ရား​ပညတ်​နဲ့​ဆန့်​ကျင်​တဲ့​အရာ တစ်​ခု​ခု​လုပ်​ဖို့ မိ​ဘ​တွေ ပြော​လာရင်​တော့ နာ​ခံ​ဖို့​မလို​ဘူး။—တမန်​တော် ၅:၂၉