အခန်း​ဆယ့်​ခြောက်

ဘုရားသခင်ကို ဝတ်ပြုဖို့ ရွေးချယ်ပါ

ဘုရားသခင်ကို ဝတ်ပြုဖို့ ရွေးချယ်ပါ

၁၊ ၂။ ကိုယ့်​ကိုယ်​ကိုယ် ဘယ်​လို​မေး​ရ​မလဲ။ အဲဒီ​လို​မေး​ဖို့ ဘာ​ကြောင့် အရေး​ကြီး​တာ​လဲ။

ကျမ်း​စာ​ကို လေ့​လာ​တာ​နဲ့​အမျှ လူ​အတော်​များ​များ​ဟာ ဘု​ရား​သခင်​ကို ဝတ်​ပြု​နေ​တယ်​လို့​ပြော​ပြီး လက်​တွေ့​မှာ​တော့ ဘု​ရား မကြိုက်​တာ​တွေ​ကို သွန်သင်၊ လုပ်​ဆောင်​နေ​ကြ​မှန်း သင် သိ​လာခဲ့​ပြီ။ (၂ ကော​ရိန္သု ၆:၁၇) ဒါ​ကြောင့် မှား​ယွင်း​တဲ့​ဘာ​သာ​ဖြစ်​တဲ့ “မဟာ​ဗာ​ဗု​လုန်” က​နေ ထွက်​ဖို့ ယေဟောဝါ​မိန့်မှာ​ခဲ့​တာ။ (ဗျာဒိတ် ၁၈:၂၊) ဒီ​တော့ သင် ဘယ်​လို​လုပ်​မလဲ။ ကျွန်​တော်​တို့​ယောက်​တိုင်း​မှာ ရွေး​ချယ်​စ​ရာ ရှိ​နေ​တယ်။ ‘ဘု​ရား​သခင် ဝတ်​ပြု​စေ​ချင်​တဲ့​နည်း​အတိုင်း ငါ​ဝတ်​ပြု​ချင်​သလား၊ အရင်​လို​ပဲ ဆက်​ဝတ်​ပြု​ချင်​သလား’ ဆို​ပြီး ကိုယ့်​ကိုယ်​ကိုယ် မေး​ရ​မယ်။

မှား​ယွင်း​တဲ့​ဘာ​သာ​က​နေ သင် နုတ်​ထွက်​လိုက်​ပြီဆို​ရင် ကောင်း​ပါ​တယ်။ ဒါ​ပေမဲ့ မှား​ယွင်း​တဲ့​ဘာ​သာ​ရဲ့ ဓလေ့​ထုံး​စံ​တ​ချို့​ကို စွဲ​လမ်း​တွယ်​တာ​နေ​ဆဲ ဖြစ်​နိုင်​တယ်။ အဲဒီ​ဓလေ့​ထုံး​စံ​တ​ချို့​အကြောင်း၊ အဲ​ဒါ​တွေ​ကို ယေဟောဝါ​ရှု​မြင်​သလို ရှု​မြင်​ဖို့ ဘာ​ကြောင့် အရေး​ကြီး​တယ်​ဆို​တဲ့​အကြောင်း ဆွေး​နွေး​ကြည့်​ရ​အောင်။

ရုပ်​တု​ကိုးကွယ်​မှု၊ ဘိုး​ဘေး​ကိုးကွယ်​မှု

၃။ (က) ရုပ်​တု​မသုံး​ဘဲ ကိုးကွယ်​တာ​ကို တ​ချို့ ဘာ​ကြောင့် အခက်​တွေ့​နိုင်​သလဲ။ (ခ) ရုပ်​တု​သုံး​ပြီး ကိုးကွယ်​တာ​နဲ့​ပတ်​သက်​လို့ ကျမ်း​စာ ဘာ​ပြော​သလဲ။

တ​ချို့​လူ​တွေ​ဟာ အိမ်​မှာ ရုပ်​တု​တွေ၊ ဘု​ရား​စင်​တွေ​ထား​ပြီး ကိုးကွယ်​ကြ​တာ နှစ်​ပေါင်း​များ​စွာ​ရှိ​နေ​ပြီ။ သင်​လည်း အဲဒီ​လို​ကိုးကွယ်​ခဲ့​မယ်​ဆို​ရင် အဲ​ဒါ​တွေ​မပါ​ဘဲ ဘု​ရား​ကို​ဝတ်​ပြု​ရ​တာ တစ်​မျိုး​ကြီး​ပဲ၊ မှား​တယ်​လို့​တောင် ခံစား​မိ​နိုင်​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​က မိမိ​ကို ဘယ်​လို​ဝတ်​ပြု​ကိုးကွယ်​ရ​မယ်​ဆို​တာ ပြော​ပြထား​မှန်း မမေ့​ပါ​နဲ့။ ရုပ်​တု​သုံး​ပြီး ကိုးကွယ်​တာ​ကို ယေဟောဝါ မကြိုက်​ဘူး​လို့ ကျမ်း​စာ​မှာ ရှင်း​ရှင်း​လင်း​လင်း ပြော​ထား​တယ်။—ထွက်​မြောက်​ရာ ၂၀:၄၊ ၅ ကို​ဖတ်​ပါ။ ဆာလံ ၁၁၅:၄-၈။ ဟေ​ရှာ​ယ ၄၂:၈။ ၁ ယောဟန် ၅:၂၁

၄။ (က) ဘိုး​ဘေး​တွေ​ကို ဘာ​ကြောင့် မကိုးကွယ်​သင့်​သလဲ။ (ခ) လူ​သေတွေ​နဲ့ အဆက်​အသွယ်​မလုပ်​ဖို့ အစ္စရေးတွေ​ကို ယေဟောဝါ ဘာ​ကြောင့် မိန့်မှာ​သလဲ။

အချိန်၊ ခွန်​အား၊ ငွေ​အင်​အား အကုန်​ခံ​ပြီး ကွယ်​လွန်​သူ​ဘိုး​ဘေး​တွေ စိတ်​ကျေ​နပ်​အောင် လုပ်​သူ​တွေ​လည်း ရှိ​တယ်။ ဘိုး​ဘေး​တွေ​ကို​တောင် ကိုးကွယ်​ကြ​တယ်။ ဒါ​ပေမဲ့ သေလွန်​သူ​တွေ​ဟာ ကျွန်​တော်​တို့​ကို အကူ​အညီ​မပေး​နိုင်​သလို အန္တရာယ်​လည်း မပြု​နိုင်​ဘူး​ဆို​တာ သိ​ခဲ့ရ​ပြီ။ သူတို့ တစ်​နေ​ရာရာ​မှာ အသက်​ရှင်​နေ​တာ မဟုတ်​ဘူး။ သူတို့​နဲ့ ဆက်​သွယ်​တာ အန္တရာယ်​ရှိ​တယ်၊ ကွယ်​လွန်​သူ​ဆွေ​မျိုး​တွေ​ဆီ​က လာ​တယ်​လို့​ထင်​ရ​တာ​တွေ​ဟာ တ​ကယ်​တော့ နတ်​ဆိုး​တွေ​ဆီ​က​လာ​တာ ဖြစ်​လို့​ပဲ။ ဒါ​ကြောင့် လူ​သေတွေ​နဲ့ အဆက်​အသွယ်​မလုပ်​ဖို့၊ နတ်​ဆိုး​ပညာ​နဲ့​ဆက်​နွှယ်​တာ မှန်​သမျှ​နဲ့ ကင်း​ကင်း​ရှင်း​ရှင်း​နေ​ဖို့ အစ္စရေးတွေ​ကို ယေဟောဝါ မိန့်မှာ​ခဲ့​တယ်။—တ​ရား​ဟော​ရာ ၁၈:၁၀-၁၂ရှင်း​လင်း​ချက် ၂၆၃၁ ကို​ကြည့်​ပါ။

၅။ ရုပ်​တု​သုံး​ပြီး ကိုးကွယ်​တာ၊ ဘိုး​ဘေး​ကိုးကွယ်​တာ​တွေ မလုပ်​တော့​ဖို့ ဘာ​က ကူညီ​ပေး​နိုင်​သလဲ။

ရုပ်​တု​သုံး​ပြီး ကိုးကွယ်​တာ၊ ဘိုး​ဘေး​ကိုးကွယ်​တာ​တွေ မလုပ်​တော့​ဖို့ ဘာ​က ကူညီ​ပေး​နိုင်​သလဲ။ အဲ​ဒါ​တွေ​ကို ယေဟောဝါ ဘယ်​လို​ရှု​မြင်​သလဲ​ဆို​တာ သိ​နိုင်​အောင် ကျမ်း​စာ​ဖတ်​ပြီး တွေး​တော​ဆင်​ခြင်​ဖို့ လို​တယ်။ အဲ​ဒါ​တွေ​ကို “ရွံ​မုန်း” စ​ရာ​အဖြစ် ဘု​ရား ရှု​မြင်​တယ်။ (တ​ရား​ဟော​ရာ ၂၇:၁၅) ဘု​ရား​ရှု​မြင်​သလို ရှု​မြင်​တတ်​အောင်၊ ဘု​ရား​အလို​ရှိ​တဲ့​အတိုင်း ဝတ်​ပြု​နိုင်​အောင် ကူညီ​ဖို့ ယေဟောဝါ​ဆီ နေ့​တိုင်း ဆုတောင်း​ပါ။ (ဟေ​ရှာ​ယ ၅၅:၉) မှား​ယွင်း​တဲ့​ဝတ်​ပြု​ရေး​နဲ့ ဆက်​နွှယ်​တာ​မှန်​သမျှ သင့်​အသက်​တာ​က​နေ ဖယ်​ရှား​ဖို့ လို​အပ်​တဲ့​ခွန်​အား​ကို ယေဟောဝါ​ပေး​မယ်​ဆို​တာ စိတ်​ချ​ပါ။

ခ​ရစ္စ​မတ်​ပွဲ ကျင်း​ပလို့ ရ​သလား

၆။ ဒီ​ဇင်​ဘာ ၂၅ ရက်​မှာ ယေရှု​ရဲ့​မွေး​နေ့ ကျင်း​ပဖို့ ဘာ​ကြောင့် သတ်​မှတ်​ခဲ့​ကြ​သလဲ။

ကမ္ဘာ​တစ်​ဝန်း​မှာ ခ​ရစ္စ​မတ်​ပွဲ​ဟာ လူ​ကြိုက်​များ​တဲ့​ပွဲ​တစ်​ခု ဖြစ်​တယ်။ ယေရှု​ရဲ့​မွေး​နေ့​ပွဲ ကျင်း​ပတာ​လို့ လူ​အများ ယူ​ဆ​ကြ​တယ်။ တ​ကယ်​တော့ ခ​ရစ္စ​မတ်​ဆို​တာ မှား​ယွင်း​တဲ့​ဝတ်​ပြု​ရေး​နဲ့ ဆက်​နွှယ်​နေ​တယ်။ ရော​မတိ​တ္ထိတွေ​ဟာ ဒီ​ဇင်​ဘာ ၂၅ ရက်​မှာ နေ​ရဲ့​မွေး​နေ့​ကို ကျင်း​ပကြ​တယ်​လို့ စွယ်​စုံ​ကျမ်း​တစ်​ခု​မှာ ပြော​တယ်။ ဒီ​ဇင်​ဘာ ၂၅ ရက်​မှာ ယေရှု​မွေး​ခဲ့​တာ မဟုတ်​ပေမဲ့ ချာ့​ခ်ျ​ခေါင်း​ဆောင်​တွေ​က တိ​တ္ထိတွေ​ကို ခ​ရစ်​ယာန်​ဖြစ်​စေ​ချင်​တဲ့​အတွက် အဲဒီ​နေ့​မှာ ယေရှု​ရဲ့​မွေး​နေ့ ကျင်း​ပဖို့ သတ်​မှတ်​လိုက်​တယ်။ (လုကာ ၂:၈-၁၂) ခ​ရစ္စ​မတ်​ပွဲ​ကို ယေရှု​ရဲ့​တ​ပည့်တွေ မကျင်း​ပခဲ့​ဘူး။ ယေရှု​မွေး​ပြီး​နောက် အနှစ် ၂၀၀ အတွင်း “ယေရှု​မွေး​တဲ့​အချိန် အတိ​အကျ​ကို ဘယ်​သူ​မှ မသိ​ကြ​ဘူး။ လူ​အနည်း​ငယ်​သာ အဲဒီ​အကြောင်း စိတ်​ဝင်​စား​ကြ​တယ်” လို့ နက်​နဲရာတွေရဲ့ မြင့်​မြတ်​တဲ့​ဇာစ်​မြစ် ဆို​တဲ့​စာ​အုပ်​က ဆို​တယ်။ ယေရှု မြေကြီး​ပေါ် အသက်​ရှင်​ပြီး​နောက် နှစ်​ပေါင်း​များ​စွာ​ကြာ​မှ​သာ ခ​ရစ္စ​မတ်​ပွဲ​ကို ကျင်း​ပလာ​ကြ​တယ်။

၇။ ခ​ရစ်​ယာန်​စစ်​တွေ​ဟာ ဘာ​ကြောင့် ခ​ရစ္စ​မတ်​ပွဲ မကျင်း​ပတာ​လဲ။

ခ​ရစ္စ​မတ်​ပွဲ​လုပ်​တာ၊ လက်​ဆောင်​ပေး​တာ​စ​တဲ့ ထုံး​စံ​တွေ​ဟာ တိ​တ္ထိတွေ​က​နေ အရင်း​ခံ​မှန်း လူ​အတော်​များ​များ သိ​ကြ​တယ်။ ဥပမာ၊ ခ​ရစ္စ​မတ်​ပွဲ​ဟာ တိ​တ္ထိတွေ​က​နေ အရင်း​ခံ​တဲ့​အတွက် အင်္ဂ​လန်​နိုင်​ငံ​မှာ၊ အမေရိ​က​ရဲ့ နယ်​မြေ​တချို့​မှာ ခ​ရစ္စ​မတ်​ပွဲ​ကျင်း​ပတာ​ကို တစ်​ချိန်​က တား​မြစ်​ခဲ့​တယ်။ ပွဲ​ကျင်း​ပသူ​တွေ​ကို​တောင် ပြစ်​ဒဏ်​ပေး​တယ်။ နောက်​ပိုင်း​မှာ​တော့ ခ​ရစ္စ​မတ်​ပွဲ​ကို ပြန်​ကျင်း​ပလာ​ကြ​တယ်။ ခ​ရစ်​ယာန်​စစ်​တွေ​ဟာ ဘာ​ကြောင့် ခ​ရစ္စ​မတ်​ပွဲ မကျင်း​ပကြ​တာ​လဲ။ လုပ်​ဆောင်​လေ​သမျှ​မှာ ဘု​ရားရဲ့​နှစ်​သက်​မှု​ကို ရ​ချင်​လို့​ပဲ။

မွေး​နေ့​ပွဲ ကျင်း​ပလို့ ရ​သလား

၈၊ ၉။ အစော​ပိုင်း​ခ​ရစ်​ယာန်တွေ​ဟာ မွေး​နေ့​ပွဲ​ကို ဘာ​ကြောင့် မကျင်း​ပကြ​တာ​လဲ။

လူ​ကြိုက်​များ​တဲ့​ပွဲ​နေ့ နောက်​တစ်​ခု​က​တော့ မွေး​နေ့​ပွဲ​ဖြစ်​တယ်။ ခရစ်​ယာန်တွေ မွေး​နေ့​ပွဲ ကျင်း​ပသင့်​သလား။ ကျမ်း​စာ​မှာ ယေဟောဝါကို မကိုးကွယ်​သူ​တွေ ကျင်း​ပတဲ့ မွေး​နေ့​ပွဲ​အကြောင်း​ကို​ပဲ ဖော်ပြထား​တယ်။ (ကမ္ဘာဦး ၄၀:၂၀။ မာကု ၆:၂၁) တိ​တ္ထိ​ဘု​ရားတွေ​ကို ဂုဏ်​တင်​တဲ့​အနေ​နဲ့ မွေး​နေ့​ပွဲ ကျင်း​ပလေ့​ရှိ​တယ်။ ဒါ​ကြောင့် အစော​ပိုင်း​ခ​ရစ်​ယာန်တွေ​ဟာ “မွေး​နေ့​ပွဲ ကျင်း​ပတာ​ကို တိ​တ္ထိ​ထုံး​စံ​အဖြစ် သတ်​မှတ်​ခဲ့​ကြ​တယ်။”—ကမ္ဘာ့​စွယ်​စုံ​ကျမ်း။

လူ​တစ်​ယောက် မွေး​လာ​တဲ့​အခါ နတ်​သား​တစ်ပါး ရောက်​လာ​ပြီး သူ့​ကို တစ်​သက်​လုံး ကာ​ကွယ်​စောင့်​ရှောက်​ပေး​တယ်​လို့ ရှေး​ခေတ် ရော​မနဲ့ ဂရိ​လူမျိုး​တွေ ယုံ​ကြ​တယ်။ “အဲဒီ​နတ်​သား​ဟာ မွေး​နေ့​ရှင်​နဲ့​မွေး​နေ့​ချင်း​တူ​တဲ့ နတ်​ဘု​ရား​နဲ့ လျှို့​ဝှက်​ဆန်း​ကြယ်​စွာ ပတ်​သက်​နေ​တယ်” လို့ မွေး​နေ့​ဆိုင်​ရာ ရှေး​ရိုး​ဓလေ့​စာ​အုပ်​က ပြော​တယ်။

၁၀။ ခ​ရစ်​ယာန်တွေ​ဟာ မွေး​နေ့​ပွဲ​ကို ဘာ​ကြောင့် မကျင်း​ပသင့်​သလဲ။

၁၀ တိ​တ္ထိ​အယူ​ဝါ​ဒ​နဲ့​ဆက်​နွှယ်​တဲ့ ပွဲ​နေ့​တွေ​ကို ယေဟောဝါ နှစ်​သက်​တယ်​လို့ သင်​ထင်​သလား။ (ဟေ​ရှာ​ယ ၆၅:၁၁၊ ၁၂) ဘု​ရား မနှစ်​သက်​ဘူး။ ဒါ​ကြောင့် ကျွန်​တော်​တို့​ဟာ မွေး​နေ့​ပွဲ​တွေ၊ တိ​တ္ထိ​အယူ​ဝါ​ဒ​နဲ့​ဆက်​နွှယ်​တဲ့ ပွဲ​နေ့​တွေ​ကို မကျင်း​ပကြ​ဘူး။

ဇာစ်​မြစ်​က တ​ကယ် အရေး​ကြီး​လို့​လား

၁၁။ တ​ချို့​က ပွဲ​နေ့​တွေ​ကို ဘာ​ကြောင့် ကျင်း​ပကြ​တာ​လဲ။ သင့်​အတွက် ဘာ​က အရေး​ကြီး​ဆုံး ဖြစ်​ရ​မလဲ။

၁၁ ခ​ရစ္စ​မတ်​ပွဲ​နဲ့ တ​ခြား​ပွဲ​နေ့​တွေ​ဟာ တိ​တ္ထိတွေ​က​နေ အရင်း​ခံ​မှန်း သိ​ကြ​ပေမဲ့ ဆက်​ကျင်း​ပနေ​သူ​တွေ​လည်း ရှိ​တယ်။ အဲဒီ​လို​အား​လပ်​ရက်တွေ​ကျ​မှ မိသား​စု​တွေ ဆုံ​စည်း​ပေါင်း​သင်း​ခွင့် ရ​တာ​လို့ ယူ​ဆ​ကြ​တယ်။ သင်​ကော အဲဒီ​လို​ယူ​ဆ​သလား။ မိသား​စု​တွေ အချိန်​ပေး ပေါင်း​သင်း​ချင်​ကြ​တာ မမှား​ပါ​ဘူး။ ယေဟောဝါ​က မိသား​စု​ကို အစ​ပြု​ပေး​ခဲ့​တဲ့​အတွက် မိသား​စု​ဝင်​အချင်း​ချင်း ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး ရှိ​စေ​ချင်​တယ်။ (ဧဖက် ၃:၁၄၊ ၁၅) ဆွေ​မျိုး​တွေ​အကြိုက် လိုက်​ပြီး မှား​ယွင်း​တဲ့ ဘာ​သာ​ရေး​ပွဲ​နေ့​တွေ​ကို ကျင်း​ပမယ့်​အစား ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး​ရှိ​ဖို့ အဓိ​က​အလေး​ထား​ရ​မယ်။ ဒါ​ကြောင့် တမန်​တော်​ပေါလု​က “ဘု​ရား​သခင် လက်ခံ​တဲ့​အရာ​ကို သိ​နိုင်​ဖို့ အမြဲဆန်း​စစ်​ကြ​ပါ” လို့​ပြော​တယ်။—ဧဖက် ၅:၁၀

၁၂။ ပွဲ​နေ့​တစ်​ခု​ကို ယေဟောဝါ လက်မခံ​​ရ​တဲ့ အကြောင်း​ရင်း​ဟာ ဘာ​ဖြစ်​မလဲ။

၁၂ ပွဲ​နေ့​တွေရဲ့ ဇာစ်​မြစ်​ဟာ အရေး​မကြီး​ဘူး​လို့ လူ​အများ ယူ​ဆ​ကြ​တယ်။ ယေဟောဝါ​က​တော့ အဲဒီ​လို မယူ​ဆ​ဘူး။ မှား​ယွင်း​တဲ့​ဝတ်​ပြု​မှု​က​နေ အရင်း​ခံ​တဲ့ ပွဲ​နေ့​တွေ၊ လူ ဒါ​မှ​မဟုတ် နိုင်​ငံ​ကို ဂုဏ်​တင်​တဲ့ ပွဲ​နေ့​တွေ​ကို ဘုရား မနှစ်​သက်​ဘူး။ ဥပမာ၊ အီဂျစ်​လူမျိုး​မှာ နတ်​ဘု​ရားတွေ​အတွက် ကျင်း​ပတဲ့​ပွဲ​နေ့ အများ​ကြီး​ရှိ​တယ်။ အီဂျစ်​ပြည်​က​နေ လွတ်​မြောက်​လာ​ပြီး​နောက် အစ္စရေးတွေ​ဟာ တိ​တ္ထိ​ပွဲ​နေ့​တစ်​ခု​ကို လိုက်​လုပ်​ပြီး “ယေဟောဝါ​ဘု​ရား​အတွက် ပွဲ​တော်” လို့​ခေါ်​ကြ​တယ်။ ဒါ​ပေမဲ့ အဲဒီ​လို​လုပ်​တဲ့​အတွက် သူတို့​ကို ယေဟောဝါ ပြစ်​ဒဏ်​ပေး​ခဲ့​တယ်။ (ထွက်​မြောက်​ရာ ၃၂:၂-၁၀) ပရော​ဖက်​ဟေ​ရှာ​ယ ပြော​ခဲ့​တဲ့​အတိုင်း ကျွန်​တော်​တို့​ဟာ “မသန့်​ရှင်း​တာ​မှန်​သမျှ လက်​နဲ့​တောင် မထိ” ရ​ဘူး။—ဟေ​ရှာ​ယ ၅၂:၁၁ ကို​ဖတ်​ပါ။

တ​ခြား​သူ​တွေ​နဲ့ ဆက်ဆံ​ရာ​မှာ ကြင်နာ​မှု​ရှိ​ပါ

၁၃။ ပွဲ​နေ့​တွေ မကျင်း​ပတော့​ဖို့ ဆုံး​ဖြတ်​တဲ့​အခါ ဘယ်​မေး​ခွန်း​တွေ ပေါ်​လာ​နိုင်​သလဲ။

၁၃ ပွဲ​နေ့​တွေ မကျင်း​ပတော့​ဖို့ သင် ဆုံး​ဖြတ်​တဲ့​အခါ မေး​စ​ရာ​အများ​ကြီး ပေါ်​လာ​နိုင်​တယ်။ ဥပမာ၊ ခ​ရစ္စ​မတ်​ပွဲ​မှာ ဘာ​လို့ မပါ​တာ​လဲ​လို့ အလုပ်​ဖော်​တွေ မေး​လာရင် ငါ ဘယ်​လို​ရှင်း​ပြမလဲ။ တစ်​ယောက်​ယောက်​က ခ​ရစ္စ​မတ်​လက်​ဆောင် ပေး​လာရင်​ကော ဘယ်​လို​လုပ်​မလဲ။ ငါ့​အိမ်​ထောင်​ဖက်​က သူ​နဲ့​အတူ ပွဲ​နေ့​မှာ ပါ​ဝင်​စေ​ချင်​တယ် ဆို​ရင်​ကော။ ပွဲ​နေ့​တွေ၊ မွေး​နေ့​ပွဲ​တွေ မကျင်း​ပရလို့ ငါ့​က​လေး​တွေ ဝမ်း​နည်း​တာ​မျိုး မဖြစ်​အောင် ဘယ်​လို​လုပ်​ရ​မလဲ။

၁၄၊ ၁၅။ ပွဲ​နေ့​တွေ​မှာ ပြော​လေ့​ရှိ​တဲ့ နှုတ်​ဆက်​စကား​တွေ​နဲ့ နှုတ်​ဆက်​လာရင်၊ လက်​ဆောင်​ပေး​လာရင် ဘာ​လုပ်​နိုင်​သလဲ။

၁၄ အဲဒီ​လို​အခြေ​အနေ​မျိုး​မှာ ဘာ​ပြော​ရ​မလဲ၊ ဘာ​လုပ်​ရ​မလဲ​ဆို​တာ ဆုံး​ဖြတ်​တဲ့​အခါ ဆင်​ခြင်​ဉာဏ်​သုံး​ဖို့ အရေး​ကြီး​တယ်။ ပွဲ​နေ့​တွေ​မှာ ပြော​လေ့​ရှိ​တဲ့ နှုတ်​ဆက်​စကား​တွေ​နဲ့ သင့်​ကို နှုတ်​ဆက်​လာရင် မသိ​ချင်​ယောင်​ဆောင်​နေ​ဖို့ မလို​ပါ​ဘူး။ “ကျေး​ဇူး​တင်​ပါ​တယ်” လို့ ရိုး​ရိုး​လေး ပြန်​ပြော​နိုင်​တယ်။ ဒါ​ပေမဲ့ တ​ချို့​က ဒီ​ထက် ပို​သိ​ချင်​တယ်​ဆို​ရင်​တော့ ပွဲ​နေ့​မကျင်း​ပတဲ့ အကြောင်း​ရင်း​ကို ရှင်း​ပြပေး​နိုင်​တယ်။ အဲဒီ​လို​ရှင်း​ပြတဲ့​အခါ အမြဲ ကြင်နာ​ပါ၊ လိမ္မာ​ပါး​နပ်​ပါ၊ လေး​စား​မှု​ရှိ​ပါ။ “ဆား​ခတ်​ထား​တဲ့ အစာ​ဟာ အရ​သာ​ရှိ​သလို ယဉ်​ကျေး​တဲ့​စကား​တွေ​ဟာ နှစ်​သက်​စ​ရာ ဖြစ်​စေ​တယ်။ ဒါ​ကြောင့် စကား​ပြော​ဆို​တဲ့​အခါ အမြဲ ယဉ်​ကျေး​သိမ်​မွေ့​ကြ​ပါ။ ဒါ​ဆို​ရင် လူ​တိုင်း​ကို ဘယ်​လို​ပြန်​ပြော​ရ​မယ်​ဆို​တာ သိ​လိမ့်​မယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (ကောလောသဲ ၄:၆) တ​ခြား​သူ​တွေ​နဲ့ အချိန်​ပေး​ပေါင်း​သင်း​ရ​တာ၊ လက်​ဆောင်​ပေး​ရ​တာ​ကို နှစ်​သက်​ပေမဲ့ ပွဲ​နေ့​တွေ​ကျ​မှ အဲဒီ​လို​လုပ်​တာ​မျိုး​ကို​တော့ မနှစ်​သက်​တဲ့​အကြောင်း ရှင်း​ပြပေး​နိုင်​တယ်။

၁၅ တစ်​ယောက်​ယောက်​က လက်​ဆောင်​ပေး​လာရင်​ကော။ ဘာ​လုပ်​ရ​မယ်​ဆို​တာ ကျမ်း​စာ​က အတိ​အကျ​မပြော​ဘူး။ ဒါ​ပေမဲ့ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ်​ကို ထိန်း​သိမ်း​ဖို့​တော့ ပြော​ထား​တယ်။ (၁ တိမောသေ ၁:၁၈၊ ၁၉) လက်​ဆောင်​ပေး​သူ​က ပွဲ​နေ့​ကို သင် မကျင်း​ပမှန်း မသိ​လို့ ပေး​တာ ဖြစ်​နိုင်​တယ်။ ဒါ​မှ​မဟုတ် “ဒီ​ပွဲ​နေ့​ကို မင်း​တို့ မကျင်း​ပဘူး​ဆို​တာ သိ​ပါ​တယ်။ ဒါ​ပေမဲ့ ဒီ​လက်​ဆောင်​လေး​ကို ပေး​ချင်​တယ်” လို့ ပြော​လာ​နိုင်​တယ်။ အဲဒီ​လို​အခြေ​အနေ​မျိုး​မှာ လက်​ဆောင်​ကို လက်ခံ​မယ်၊ လက်မခံ​​ဘူး​ဆို​တာ ကိုယ်​တိုင်​ဆုံး​ဖြတ်​နိုင်​တယ်။ ဘယ်​လို​ပဲ ဆုံး​ဖြတ်​ပါ​စေ ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ်​ကို ထိန်း​သိမ်း​ဖို့​တော့ မမေ့​ပါ​နဲ့။ ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး ထိ​ခိုက်​စေ​တဲ့​အရာ​မှန်​သမျှ​ကို ကျွန်​တော်​တို့ လုပ်​ချင်​မှာ မဟုတ်​ဘူး။

မိသား​စု​ဝင်​တွေ​နဲ့ ပတ်​သက်​လာရင်​ကော

ယေဟောဝါကို ဝတ်ပြုသူတွေ ပျော်ရွှင်နေ

၁၆။ သင့်​မိသား​စု​က ပွဲ​နေ့​တွေ ကျင်း​ပချင်​တယ်​ဆို​ရင် ဘယ်​လို​လုပ်​မလဲ။

၁၆ သင့်​မိသား​စု​က ပွဲ​နေ့​ကျင်း​ပချင်​တယ် ဆို​ရင်​ကော။ သူတို့​နဲ့ အငြင်း​ပွား​နေ​စ​ရာ မလို​ပါ​ဘူး။ သူတို့​ကြိုက်​တာ လုပ်​ပိုင်​ခွင့်​ရှိ​တယ်​ဆို​တာ မမေ့​ပါ​နဲ့။ ကြင်နာ​မှု​ရှိ​ပါ။ ကိုယ့်​လုပ်​ပိုင်​ခွင့်​ကို လေး​စား​စေ​ချင်​သလို သူတို့​ရဲ့​လုပ်​ပိုင်​ခွင့်​ကို​လည်း လေး​စား​ပါ။ (မဿဲ ၇:၁၂ ကို​ဖတ်​ပါ။) မိသား​စု​က ပွဲ​နေ့​အတော​အတွင်း သူတို့​နဲ့​အတူ ရှိ​စေ​ချင်​တယ်​ဆို​ရင်​ကော ဘယ်​လို​လုပ်​မလဲ။ ဘာ​လုပ်​မယ်​ဆို​တာ မဆုံး​ဖြတ်​ခင် မှန်​ကန်​တဲ့​ဆုံး​ဖြတ်​ချက် ချ​နိုင်​အောင် ကူညီ​ပေး​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ အခြေ​အနေ​ကို သုံးသပ်​ပြီး အဲဒီ​ပွဲ​နေ့​အကြောင်း ရှာ​ဖွေ​လေ့​လာ​ပါ။ ယေဟောဝါ​ရဲ့​နှစ်​သက်​မှု​ကို ရ​ချင်​စိတ် အမြဲရှိ​နေ​ပါ။

၁၇။ တ​ခြား​က​လေး​တွေ ပွဲ​နေ့​ကျင်း​ပတာ​ကို မြင်​တဲ့​အခါ ဆုံး​ရှုံး​နစ်​နာ​တယ်​လို့ သင့်​ကလေး​တွေ မခံစား​ရ​အောင် ဘယ်​လို​လုပ်​နိုင်​သလဲ။

၁၇ တ​ခြား​က​လေး​တွေ ပွဲ​နေ့​ကျင်း​ပတာ​ကို မြင်​တဲ့​အခါ ဆုံး​ရှုံး​နစ်​နာ​တယ်​လို့ သင့်​က​လေး​တွေ မခံစား​ရ​အောင် ဘယ်​လို​လုပ်​နိုင်​သလဲ။ သူတို့​အတွက် ပျော်​စ​ရာ​ကောင်း​တာ​လေး​တွေ​ကို မကြာ​မကြာ စီ​စဉ်​ပေး​နိုင်​တယ်။ သူတို့ အံ့​သြဝမ်း​သာ​သွား​အောင် လက်​ဆောင်​လေး​တွေ ပေး​နိုင်​တယ်။ သင့်​က​လေး​တွေ​ကို ပေး​နိုင်​တဲ့ အကောင်း​ဆုံး​လက်​ဆောင်​က​တော့ သူတို့​ကို အချိန်​ပေး​တာ၊ မေတ္တာ​အပြည့်​နဲ့ ဂရု​စိုက်​တာ​ပါ​ပဲ။

စစ်​မှန်​တဲ့ ဝတ်​ပြု​ရေး​နဲ့​အညီ ပြု​မူ​နေ​ထိုင်​ပါ

၁၈။ ခ​ရစ်​ယာန်​အစည်း​အဝေး​တွေ​ကို ဘာ​ကြောင့် တက်​ရ​မလဲ။

၁၈ ယေဟောဝါ​ရဲ့​နှစ်​သက်​မှု​ရ​ဖို့ မှား​ယွင်း​တဲ့​ဘာ​သာ​အပြင် အဲဒီ​ဘာ​သာ​နဲ့​ဆက်​နွှယ်​တဲ့ ဓလေ့​ထုံး​စံ​တွေ၊ ပွဲ​နေ့​တွေ​နဲ့ ကင်း​ကင်း​ရှင်း​ရှင်း​နေ​ဖို့ လို​တယ်။ စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​နဲ့​အညီ ပြု​မူ​နေ​ထိုင်​ဖို့​လည်း လို​တယ်။ ဘယ်​လို​နည်း​နဲ့​လဲ။ တစ်​နည်း​က​တော့ ခ​ရစ်​ယာန်​အစည်း​အဝေး​တွေ မှန်​မှန်​တက်​ရ​မယ်။ (ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅ ကို​ဖတ်​ပါ။) စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​မှာ အစည်း​အဝေး​တွေ​ဟာ သိပ်​အရေး​ကြီး​တယ်။ (ဆာလံ ၂၂:၂၂။ ၁၂၂:၁) အတူ​စု​ဝေး​ကြ​တဲ့​အခါ အပြန်​အလှန်​အား​ပေး​ခွင့် ရ​နိုင်​တယ်။—ရော​မ ၁:၁၂

၁၉။ သိ​ရှိ​လာ​တဲ့ ကျမ်း​စာ​အမှန်​တ​ရား​အကြောင်း တ​ခြား​သူ​တွေ​ကို ပြော​ပြဖို့ ဘာ​လို့ အရေး​ကြီး​သလဲ။

၁၉ စစ်​မှန်​တဲ့ ဝတ်​ပြု​ရေး​နဲ့​အညီ ပြု​မူ​နေ​ထိုင်​နိုင်​တဲ့ နောက်​တစ်​နည်း​က​တော့ ကျမ်း​စာ​က​နေ သိ​ရှိ​လာ​တာ​တွေ​ကို တ​ခြား​သူ​တွေ​ကို ပြန်​ပြော​ပြတာ ဖြစ်​တယ်။ ကမ္ဘာ​ပေါ်​မှာ ဖြစ်​ပျက်​နေ​တဲ့ မကောင်း​မှု​တွေ​ကြောင့် လူ​တွေ စိတ်​ဆင်း​ရဲ​နေ​ရ​တယ်။ အဲဒီ​လို​ခံစား​နေ​ရ​သူ​တ​ချို့​ကို သင် သိကောင်း​သိ​ပါ​လိမ့်​မယ်။ သိပ်​ကောင်း​တဲ့ အနာ​ဂတ်​မျှော်​လင့်​ချက်​အကြောင်း သူတို့​ကို ပြော​ပြပါ။ အစည်း​အဝေး​တွေ တက်​ပြီး သိ​ရှိ​လာ​တဲ့ ကျမ်း​စာ​အမှန်​တ​ရား​အကြောင်း တခြား​သူ​တွေ​ကို ပြော​ပြပါ။ ဒါ​ဆို​ရင် မှား​ယွင်း​တဲ့​ဘာ​သာ၊ အဲဒီ​ဘာ​သာ​ရဲ့ ဓလေ့​ထုံး​စံ​တွေ​နဲ့ ပတ်​သက်​ချင်​စိတ် လုံး​ဝ​မရှိ​တော့​တာ​ကို တွေ့​ရ​ပါ​လိမ့်​မယ်။ နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​ဖို့ သင် ကြိုး​စား​နေ​တာ​ကို ယေဟောဝါ ကောင်း​ချီး အလျှံ​ပယ်​ပေး​မယ်၊ သင် ပျော်​ရွှင်​လာ​မယ်​ဆို​တာ စိတ်​ချ​ပါ။—မာလခိ ၃:၁၀