မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၈

လိင်ဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်ပြီး ဘာသိထားသင့်သလဲ

လိင်ဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်ပြီး ဘာသိထားသင့်သလဲ

ဘာကြောင့်အရေးကြီးတာလဲ

နှစ်စဥ်နှစ်တိုင်း လူသန်းနဲ့ချီ မုဒိမ်းကျင့်ခံရ၊ လိင်ဆိုင်ရာစော်ကားမှု ခံနေကြရပြီး လူငယ်တွေက အဓိကပစ်မှတ် ဖြစ်နေတယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

“သူ ကျွန်မကို ရုတ်တရက် လှမ်းဆွဲပြီး တွန်းလှဲလိုက်တယ်။ ကျွန်မလည်း အားကုန်သုံးပြီး ပြန်ခုခံတော့ သူက လက်ကိုရိုက်ချတယ်။ ငယ်သံပါအောင် အော်ပေမဲ့ အသံက ထွက်မလာဘူး။ သူ့ကို တွန်းကန်ကုတ်ခြစ်ပေမဲ့ ဓားနဲ့ထောက်လိုက်တဲ့အခါမှာတော့ တစ်ကိုယ်လုံး ပျော့ခွေသွားတယ်” လို့ အဲနက် ပြောပြတယ်။

အဲဒီလိုအခြေအနေမျိုး ကြုံရရင် သင် ဘယ်လိုတုံ့ပြန်မလဲ။

ပြန်စဥ်းစားကြည့်ပါ

ညဘက် အပြင်ထွက်ရတဲ့အချိန်တွေမှာ သတိကြီးကြီးထားပြီး ကြိုတင် ပြင်ဆင်ထားတဲ့ကြားက အဖြစ်ဆိုးနဲ့ ကြုံရနိုင်တယ်။ ‘အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ ဗဟုသုတကြွယ်တယ်ဆိုတိုင်း အမြဲအောင်မြင်တာ မဟုတ်ဘူး။ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်တယ်’ ဆိုပြီး ကျမ်းစာပြောတယ်။—ဒေသနာ ၉:၁၁ကဘ

လူငယ်တချို့ဟာ အဲနက်လို သူစိမ်းတစ်ဦးရဲ့စော်ကားမှု ခံရတယ်။ တချို့ကျတော့ ကိုယ်နဲ့သိကျွမ်းတဲ့သူ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ရဲ့ စော်ကားမှုခံရတယ်။ နက်တလီ ၁၀ နှစ်အရွယ်မှာ အိမ်နီးချင်း ဆယ်ကျော်သက်တစ်ဦးရဲ့ မုဒိမ်းကျင့်တာကို ခံလိုက်ရတယ်။ “ကျွန်မ ကြောက်လန့်ပြီး ရှက်လွန်းလို့ ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ဘူး” ဆိုပြီး သူ ပြောပြတယ်။

သင့်ရဲ့အပြစ် မဟုတ်ပါ

အဲနက်က ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်လို့ သူ့အပြစ်လည်းပါတယ်လို့ ခံစားခဲ့ရတယ်။ သူဒီလိုပြောပြတယ်– “အဲဒီညကို လုံး၀မေ့ပစ်လို့မရဘူး။ ခေါင်းထဲကနေ ထုတ်လို့ကိုမရဘူး။ သူ့ကို ဒီထက်မက ပြန်ခုခံခဲ့ရင်ကောင်းသားလို့ တွေးမိတယ်။ အမှန်တော့ ဓားထောက်ခံရပြီးနောက်မှာ ကြောက်လွန်းလို့ လုံးဝမလှုပ်နိုင်တော့ဘူး။ ဘာမှမလုပ်နိုင်တော့ဘူး။ တကယ်တော့ တစ်ခုခုပြန်လုပ်ခဲ့ရမှာ။”

နက်တလီလည်း အပြစ်ရှိတယ်လို့ ခံစားနေရတုန်းပဲ။ “ကျွန်မက ယုံလွယ်လွန်းတာကိုး။ မိဘတွေက အပြင်မှာထွက်ကစားတဲ့အခါ အစ်မနဲ့အတူနေလို့ ပြောထားသားပဲ။ ကျွန်မကိုက နားမထောင်တာ။ အဲဒီလူကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကျွန်မမိသားစု အရမ်းစိတ်ထိခိုက်ခဲ့ရတယ်။ မိသားစု စိတ်ဆင်းရဲရတာ ကျွန်မကြောင့်၊ ကျွန်မမှာ တာဝန်မကင်းဘူး။ အဲဒါကို ၀မ်းအနည်းဆုံးပဲ။”

အဲနက်နဲ့ နက်တလီလို သင်လည်း ခံစားနေရရင် ဘယ်လိုလုပ်မလဲ။ သင်က မုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုရင် အလိုတူအလိုပါ မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။ တချို့က အဲဒါကို အသေးအဖွဲလိုသဘောထားပြီး ‘ယောက်ျားဆိုမှတော့ အဲဒီလိုပဲလုပ်မှာပေါ့၊ မိန်းကလေးကိုက အနေအထိုင်မတတ်တာ’ လို့ ပြောကြတယ်။ တကယ်တော့ မုဒိမ်းကျင့်တာကို ခံသင့်တဲ့သူဆိုလို့ ဘယ်သူမှမရှိဘူး။ သင်လည်း အဲဒီလိုယုတ်မာမှုမျိုး ခံခဲ့ရတယ်ဆိုရင် သင့်ရဲ့ အပြစ်မဟုတ်ပါဘူး။

“သင့်ရဲ့ အပြစ်မဟုတ်ပါဘူး” လို့ပြောရတာလွယ်သလောက် လက်ခံဖို့ကျတော့ သိပ်ခက်တယ်။ တချို့က စိတ်ဆင်းရဲခံပြီး မျိုသိပ်ထားတယ်၊ ကိုယ့်မှာအပြစ်ရှိတယ်လို့ တစ်ချိန်လုံးခံစားနေရပြီး အပျက်သဘောတွေလည်း ဝင်လာတယ်။ ဒါပေမဲ့ မျိုသိပ်ထားရင် ဘယ်သူ့အတွက် အကျိုးရှိမလဲ။ သင်လား၊ သင့်ကိုစော်ကားတဲ့သူလား။ သင့်ကောင်းကျိုးကို လိုလားတယ်ဆိုရင် မျိုသိပ်မထားပါနဲ့။

ကိုယ့်ဇာတ်လမ်းကို ပြောပြပါ

ဖြောင့်မတ်သူယောဘက စိတ်သောက အကြီးအကျယ်ခံနေရချိန်မှာ “စိတ်အလွန်ညှိုးငယ်၍ ပြောရမည်” လို့ပြောခဲ့တယ်။ (ယောဘ ၁၀:၁) သင်လည်း အဲဒီလိုပြောပြလိုက်ရင် အကျိုးခံစားရမယ်။ မုဒိမ်းကျင့်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ယုံကြည်စိတ်ချရတဲ့သူတစ်ဦးကို ရင်ဖွင့်လိုက်မယ်ဆိုရင် စိတ်ပေါ့သွားမယ်။

သင့်ခံစားချက်တွေဟာ လေးလံတဲ့ဝန်ထုပ်ကြီးလို ဖြစ်နေနိုင်တယ်။ သင်တစ်ယောက်တည်း မနိုင်ဝန်ထမ်းနေမယ့်အစား တခြားသူကိုဖွင့်ပြောပြီး အကူအညီ တောင်းခံပါ

အဲနက် ရင်ဖွင့်ခဲ့တဲ့အတွက် စိတ်ပေါ့သွားတယ်။ သူအခုလိုပြောပြတယ်– “ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်လိုက်တော့ အသင်းတော်အကြီးအကဲတွေကို ပြောပြပါလို့ အကြံပေးတယ်။ အဲဒီအတိုင်းလုပ်လိုက်တာ ကျွန်မအတွက် ကောင်းသွားတယ်။ သူတို့က ကျွန်မနဲ့ နှစ်ကြိမ်၊ သုံးကြိမ်တွေ့ဆုံပြီး ဖြစ်ခဲ့သမျှဟာ ကျွန်မအပြစ်ကြောင့် မဟုတ်ဘူးလို့ ရှင်းပြခဲ့တယ်။ အဲဒါက ကျွန်မ အကြားချင်ဆုံးစကားပဲ။”

နက်တလီလည်း မိဘတွေကို ရင်ဖွင့်လိုက်တဲ့အခါ စိတ်ပေါ့သွားတယ်။ သူအခုလိုပြောပြတယ်– “မိဘတွေက ကျွန်မကြုံခဲ့ရတာကို ဖွင့်ပြောဖို့ အားပေးကြတယ်။ ဒါနဲ့ပဲ ဝမ်းနည်းတာ၊ ဒေါသဖြစ်တာတွေ လျော့သွားတယ်။”

ဆုတောင်းခြင်းကနေလည်း နက်တလီ နှစ်သိမ့်မှုရတယ်။ “ဘယ်သူ့ကိုမှ မပြောပြနိုင်ခဲ့တုန်းက ဘုရားဆီကို ပွင့်ပွင့်လင်းလင်း ဆုတောင်းခဲ့တယ်။ အဲဒီအခါ တခြားသူကို ရင်ဖွင့်လာနိုင်တယ်။ စိတ်သက်သာမှုရပြီး တည်ငြိမ်လာတယ်” လို့ သူပြောတယ်။

သင့်အတွက်လည်း ကုစားရမယ့်အချိန် လိုအပ်ပါတယ်။ (ဒေသနာ ၃:၃) ကာယပိုင်းရော၊ စိတ်ပိုင်းရော ကျန်းမာနေအောင် ဂရုစိုက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အရေးကြီးဆုံးက နှစ်သိမ့်မှုပေးတဲ့အရှင် ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပါ။—၂ ကောရိန္သု ၁:၃၊ ၄

သင်က ချိန်းတွေ့နိုင်တဲ့အရွယ်ရောက်ပြီ ဆိုရင်

သင်ဟာ မိန်းကလေးဖြစ်ပြီး မသန့်ရှင်းတဲ့ အပြုအမူတွေလုပ်ဖို့ ဖိအားပေးခံနေရတယ်ဆိုရင် “မလုပ်နဲ့၊” “မထိနဲ့” လို့ ပြတ်ပြတ်သားသားပြောတာ အကောင်းဆုံးပဲ။ ကိုယ့်ရည်းစား ကိုယ့်ကိုထားသွားမှာ မစိုးရိမ်ပါနဲ့။ ဒီလောက်လေးနဲ့ သင့်ကိုထားသွားမယ်ဆိုရင် သူက သင်နဲ့မတန်လို့ပဲ။ သင့်ကိုယ်ခန္ဓာကို တန်ဖိုးထားပြီး သင့်စံနှုန်းတွေကို လေးစားတဲ့ ယောက်ျားကောင်းမှ သင်နဲ့ထိုက်တန်တာ။

လိင်ဆိုင်ရာစော်ကားနှောင့်ယှက်မှုနဲ့ဆိုင်တဲ့ မေးခွန်း

“အလယ်တန်းကျောင်းတက်တုန်းက ကောင်လေးတွေက အနောက်ကနေ ကျွန်မရဲ့ဘရာစီယာကို လာဆွဲပြီး သူတို့နဲ့တစ်ခေါက်လောက်အိပ်ပေးရင် အရမ်းပျော်မှာဆိုတဲ့ ရိုင်းစိုင်းတဲ့စကားတွေ ပြောတတ်ကြတယ်။”—ကော်ရီတာ။

အဲဒီကောင်လေးတွေရဲ့လုပ်ရပ်က ဘာလို့ သင်ထင်သလဲ။

  1. က။ စနောက်တာ။

  2. ခ။ အီစီကလီလုပ်တာ။

  3. ဂ။ လိင်ဆိုင်ရာစော်ကားနှောင့်ယှက်တာ။

“ကျောင်းကားပေါ်မှာ ကောင်လေးတစ်ယောက်က အီစီကလီစကားတွေပြောပြီးတော့ ကျွန်မကို လှမ်းဆွဲတယ်။ သူ့လက်ကို ကျွန်မရိုက်ထုတ်လိုက်ပြီး ဖယ်စမ်းလို့ ပြောလိုက်တယ်။ ကျွန်မကပဲ စိတ်မမှန်တဲ့ပုံစံမျိုးနဲ့ ကျွန်မကို ပြန်ကြည့်တယ်။”—ကန်ဒစ်။

ဒီကောင်လေးက ကန်ဒစ်ကို ဘာလုပ်နေတယ်လို့ သင်ထင်သလဲ။

  1. က။ စနောက်တာ။

  2. ခ။ အီစီကလီလုပ်တာ။

  3. ဂ။ လိင်ဆိုင်ရာစော်ကားနှောင့်ယှက်တာ။

“ပြီးခဲ့တဲ့နှစ်က၊ ကောင်လေးတစ်ယောက်က ကျွန်မကိုကြိုက်တဲ့အကြောင်း၊ ကျွန်မနဲ့တွဲချင်တဲ့အကြောင်း တစ်ချိန်လုံး လာလာပြောနေတယ်။ ငြင်းတာလည်းမရဘူး။ တစ်ခါတလေ ကျွန်မလက်ကို လာကိုင်တယ်။ မလုပ်နဲ့လို့ ပြောလို့လည်းမရဘူး။ ကျွန်မဖိနပ်ကြိုးချည်နေတုန်း တင်ပါးကိုလာရိုက်တယ်။”—ဘက်သနီ။

ဒီကောင်လေးရဲ့လုပ်ရပ်ကို သင်ဘယ်လိုမြင်သလဲ။

  1. က။ စနောက်တာ။

  2. ခ။ အီစီကလီလုပ်တာ။

  3. ဂ။ လိင်ဆိုင်ရာစော်ကားနှောင့်ယှက်တာ။

မေးခွန်းသုံးခုလုံးရဲ့ အဖြေမှန်က ဖြစ်တယ်။

လိင်ဆိုင်ရာစော်ကားနှောင့်ယှက်မှုက အီစီကလီလုပ်တာ၊ စနောက်တာနဲ့ ဘယ်လိုကွာသလဲ။

လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုက တစ်ဖက်သတ်လုပ်ရပ်ဖြစ်တယ်။ မလုပ်နဲ့လို့ပြောရင်တောင်မှ မရဘူး။

ဒီလိုစော်ကားနှောင့်ယှက်မှုက အလေးအနက် ထားရမယ့်ကိစ္စဖြစ်တယ်။ လိင်ဆိုင်ရာ အကြမ်းဖက်မှုအထိ ဖြစ်စေနိုင်တယ်။