သင်ခန်းစာ ၃
အာဒံနဲ့ဧဝ ဘုရားစကား နားမထောင်ကြ
တစ်ရက်မှာ၊ ဧဝ တစ်ယောက်တည်း ရှိနေတုန်း မြွေတစ်ကောင်က ‘အပင်အားလုံးရဲ့ အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲပြောသလား’ ဆိုပြီး လာမေးတယ်။ ဧဝက ‘အပင်တစ်ပင်ကလွဲလို့ စားလို့ရပါတယ်။ အဲဒီအပင်ရဲ့ အသီးကို စားရင်တော့ သေမယ်’ လို့ပြန်ဖြေတယ်။ မြွေက ‘မင်းတို့ သေမှာ မဟုတ်ဘူး။ တကယ်တော့ အဲဒီအပင်ရဲ့ အသီးကို စားရင် ဘုရားလို ဖြစ်မှာ’ လို့ ပြောတယ်။ ဒါ အမှန်ပဲလား။ မဟုတ်ဘူး။ လိမ်ပြောနေတာ။ ဧဝကတော့ ယုံသွားတယ်။ အဲဒီအသီးကို သူကြည့်လေ စားချင်လာလေပဲ။ ဒီတော့ သူစားလိုက်တယ်။ အာဒံကိုလည်း ပေးတယ်။ ဘုရားစကား နားမထောင်ရင် သေမယ်ဆိုတာ သိလျက်နဲ့ အာဒံ စားလိုက်တယ်။
ညနေပိုင်းမှာ ယေဟောဝါက သူတို့ကို စကားလာပြောတယ်။ ဘာကြောင့် စကားနားမထောင်တာလဲလို့ မေးတော့ အာဒံက ဧဝကို အပြစ်ပုံချတယ်။ ဧဝက မြွေကို အပြစ်ပုံချတယ်။ အာဒံနဲ့ဧဝ စကား နားမထောင်တဲ့အတွက် ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်တယ်။ သူတို့ ဘယ်တော့မှ ပြန်ဝင်မလာနိုင်အောင် ဝင်ပေါက်မှာ ကောင်းကင်တမန်တွေကို မီးဓားစက်နဲ့ စောင့်ကြပ်ခိုင်းတယ်။
ဧဝကို လာလိမ်တဲ့သူကိုလည်း ဒဏ်ခတ်မယ်လို့ ယေဟောဝါ ပြောတယ်။ တကယ်တော့ စကားလာပြောတဲ့သူဟာ မြွေ မဟုတ်ဘူး။ မြွေတွေကို စကားပြောနိုင်အောင် ယေဟောဝါ မလုပ်ထားဘူး။ ဧဝကို လှည့်စားချင်လို့ ဆိုးတဲ့ကောင်းကင်တမန်တစ်ပါးက မြွေကို စကားပြောစေတာ။ အဲဒီကောင်းကင်တမန်ရဲ့ နာမည်က စာတန်မာရ်နတ်။ ယေဟောဝါက စာတန်ကို မကြာခင် ဖျက်ဆီးတော့မယ်။ အဲဒီအခါ ဘယ်သူ့ကိုမှ သူ လှည့်စားနိုင်တော့မှာ မဟုတ်ဘူး။
‘မာရ်နတ်ဟာ အစကတည်းက လူ့အသက်သတ်တဲ့ သူပဲ။ သူ့မှာ အမှန်တရား မရှိတဲ့အတွက် အမှန်တရားမှာ သူ တည်မြဲမနေဘူး။’—ယောဟန် ၈:၄၄