မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅

နောဧသင်္ဘော

နောဧသင်္ဘော

နောက်ပိုင်း၊ ကမ္ဘာမြေကြီး​ပေါ်မှာ လူတွေ အများကြီး ရှိလာ​တယ်။ လူအများစုက ဆိုး​တ​ယ်။ ကောင်းကင်တမန် တချို့​တောင် ဆိုးလာတယ်။ သူတို့​နေတဲ့ ကောင်းကင်​က​နေ မြေကြီး​ပေါ် ဆင်း​လာကြတယ်။ ဘာကြောင့်လဲ သိလား။ လူ​ယောင်ဆောင်​ပြီး မိန်းမ​တွေ ယူဖို့​ဖြစ်တယ်။

ကောင်းကင်တမန်​တွေ​က မိန်းမ​တွေ​ယူပြီး သားတွေ မွေး​လာတယ်။ အဲဒီသားတွေ​ဟာ အရမ်း​ထွားကြိုင်း သန်မာ​ပြီး လူတွေကို ဗိုလ်ကျ​တ​ယ်၊ ဒုက္ခ​ပေးတယ်။ ယေဟောဝါက ဒါကို ဆက်​ခွင့်မပြု​နိုင်​လို့ လူဆိုး​တွေကို ရေလွှမ်းမိုး​ပြီး ဖျက်ဆီး​ပစ်​ဖို့ ဆုံးဖြတ်​တ​ယ်။

လူတစ်ယောက်​က​တော့ အဲဒီ​လူဆိုး​တွေနဲ့ မတူဘူး။ ယေဟောဝါကို ချစ်တယ်။ သူ့နာမည်က နောဧ​တဲ့။ သူ့မှာ မိန်းမ​နဲ့ သား​သုံးယောက်​ရှိတယ်။ သားတွေ​ဖြစ်တဲ့ ရှေ​မ၊ ဟာမ၊ ယာ​ဖက်​တို့မှာ​လည်း မိန်းမ ရှိတယ်။ ယေဟောဝါက နောဧ​ကို သင်္ဘော​အကြီးကြီး​တစ်စင်း ဆောက်​ခိုင်း​တယ်။ အဲဒီ​သင်္ဘော​က သေတ္တာ​ကြီး​နဲ့​တူ​ပြီး ရေ​ပေါ်,ပေါ်​နိုင်တယ်။ ဒါမှလည်း သူတို့​မိသားစု​ဟာ ရေလွှမ်းမိုးဘေး​မှာ မသေ​ဘဲ အသက်ဆက်​ရှင်​နိုင်မှာ။ သင်္ဘော​ကြီး​ထဲ တိရစ္ဆာန်တွေ​ကိုလည်း သွင်း​ခိုင်း​တ​ယ်။

နောဧ​က သင်္ဘော​ကို ချက်ချင်း စ​ဆောက်​တ​ယ်။ နောဧ​မိသားစု သင်္ဘော​ဆောက်တာ အနှစ် ၅၀ လောက်​ကြာ​တ​ယ်။ ယေဟောဝါ​ပြောတဲ့​ပုံစံ​အတိုင်း အတိအကျ ဆောက်​ကြတာ။ ဆောက်​နေရင်း​လည်း ရေလွှမ်းမိုး​မယ့်​အကြောင်း လူတွေကို နောဧ သတိပေး​တယ်။ တစ်ယောက်​မှ နားမထောင်​ကြဘူး။

နောက်ဆုံး၊ သင်္ဘော​ထဲ ဝင်​ရမယ့်​အချိန် ရောက်လာ​ပြီ။ ဘာ​ဆက်​ဖြစ်သလဲ​ဆိုတာ ကြည့်ရ​အောင်။

“နောဧ​လက်ထက်မှာ ဖြစ်သလို လူသား ရောက်ရှိနေချိန်​မှာ ဖြစ်​လိမ့်မယ်။” —မဿဲ ၂၄:၃၇