သင်ခန်းစာ ၆
လူရှစ်ယောက် အသက်ရှင်လွတ်မြောက်
နောဧရယ် သူ့မိသားစုနဲ့ တိရစ္ဆာန်တွေ သင်္ဘောထဲဝင်ပြီးတာနဲ့ ယေဟောဝါ တံခါးပိတ်လိုက်တယ်။ အဲဒီနောက် မိုးစရွာလာတော့တယ်။ မိုးရွာလွန်းလို့ ရေတက်လာပြီး သင်္ဘောဟာ ရေပေါ် ပေါလောပေါ်လာတယ်။ နောက်ဆုံး ကမ္ဘာတစ်ခုလုံး ရေမြုပ်ကုန်တယ်။ သင်္ဘောအပြင်က လူဆိုးတွေအားလုံး သေကုန်ကြပြီ။ သင်္ဘောထဲက နောဧတို့မိသားစုကတော့ လုံလုံခြုံခြုံပဲ။ သူတို့ ယေဟောဝါစကား နားထောင်ခဲ့လို့ ကျေးဇူးတင်နေမှာပဲ။
နေ့ရောညပါ ရက် ၄၀ မိုးရွာပြီးမှ မိုးတိတ်သွားတယ်။ တဖြည်းဖြည်းနဲ့ ရေကျသွားပြီး သင်္ဘောကြီးဟာ တောင်ထိပ်ပေါ်မှာ တင်နေတယ်။ မြေတစ်ပြင်လုံး ရေဖုံးလွှမ်းနေသေးလို့ နောဧနဲ့ သူ့မိသားစုဟာ သင်္ဘောထဲကနေ ချက်ချင်း မထွက်နိုင်သေးဘူး။
တဖြည်းဖြည်းနဲ့ ရေခန်းခြောက်သွားတယ်။ နောဧနဲ့ သူ့မိသားစုဟာ သင်္ဘောထဲမှာ တစ်နှစ်ကျော် နေခဲ့ရပြီးမှ ထွက်လာနိုင်ပြီလို့ ယေဟောဝါ ပြောတယ်။ သူတို့မိသားစုဟာ အသက်ဆက်ရှင်ခွင့်ရလို့ ယေဟောဝါကို ကျေးဇူးတင်တဲ့အတွက် ပူဇော်ခဲ့ကြတယ်။
အဲဒီလို ပူဇော်တာကို ယေဟောဝါ သဘောကျတယ်။ ကမ္ဘာချီ ရေလွှမ်းမိုးဘေးနဲ့ မဖျက်ဆီးတော့ဘူးလို့ ကတိပေးတယ်။ သက်သေအနေနဲ့ ကောင်းကင်မှာ သက်တံကို ပထမဆုံးအကြိမ် ပေါ်စေတယ်။ သက်တံကို တွေ့ဖူးလား။
ယေဟောဝါက နောဧမိသားစုကို သားသမီးတွေမွေးပြီး ကမ္ဘာကို ပြည့်စေပါလို့ ပြောတယ်။
“လူတွေဟာ နောဧ သင်္ဘောထဲ ဝင်တဲ့နေ့အထိ . . . ရေလွှမ်းမိုးဘေးရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်အထိ သတိမဲ့နေကြတယ်။” —မဿဲ ၂၄:၃၈၊ ၃၉