မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉

သားတစ်ယောက်ရလာ

သားတစ်ယောက်ရလာ

အာဗြဟံ​နဲ့ စာရာ​ဟာ လက်ထပ်​ပြီး​တာ နှစ်​အတော်ကြာ​နေ​ပြီ။ ဥရမြို့​က အိမ်ကို ထားခဲ့ပြီး တဲ​နဲ့​ပဲ​နေကြတယ်။ အဲဒီလို​နေရ​လို့ စာရာ မ​ညည်းညူ​ဘူး။ ယေဟောဝါ​ဘုရားကို သူယုံကြည်ကိုးစား​လို့​ပေါ့။

စာရာ​ဟာ သားတစ်ယောက် သိပ်​လိုချင်​နေ​တော့ ‘ကျွန်မရဲ့ ကျွန် ဟာဂရ​ကို ယူပါ။ သူ​သာ ကလေး​ရမယ်​ဆိုရင် အဲဒီ​ကလေး​က ကျွန်မက​လေး​ပဲ’ လို့ အာဗြဟံ​ကို ပြောတယ်။ ဟာဂရ သားလေး​မွေး​တဲ့အခါ သူ့ကို အိရှမေလ​လို့ နာမည်​ပေးတယ်။

အာဗြဟံ​အသက် ၉၉ နှစ်၊ စာရာ​အသက် ၈၉ နှစ်မှာ ဧည့်သည်​သုံးယောက် ရောက်​လာတယ်။ အာဗြဟံ​ဟာ သူတို့​သုံးယောက်​ကို သစ်ပင်​အောက်မှာ ခဏ​အနားယူ​ပြီး စားသောက်​ဖို့ ဖိတ်ခေါ်တယ်။ အဲဒီ​ဧည့်သည်​သုံးယောက်​က ဘယ်သူ​တွေလဲ သိလား။ ကောင်းကင်တမန်​တွေ။ သူတို့က အာဗြဟံ​ကို ‘နောက်​နှစ် ဒီ​အချိန်​မှာ မင်း​နဲ့ မင်း​ဇနီး ကလေး​တစ်ယောက် ရမယ်’ လို့ပြောတယ်။ စာရာ​က တဲ​ထဲကနေ နားထောင်​နေတာ။ ‘ငါက အသက်ကြီး​နေ​ပြီ​လေ။ ကလေး​ရနိုင်​ပါ့​မလား’ လို့​တွေး​ပြီး ရယ်မိ​တ​ယ်။

နောက်​နှစ်မှာ ဘုရားသခင့်​ကောင်းကင်တမန်​တွေ ကြိုပြော​ခဲ့တဲ့​အတိုင်း စာရာ​ဟာ သားလေး​တစ်ယောက် မွေး​တ​ယ်။ အာဗြဟံ​က သားလေး​ကို “ရယ်မော​သူ” လို့ ​အဓိပ္ပာယ်​ရှိတဲ့ အိဇက်​လို့ နာမည်​ပေးတယ်။

ငါးနှစ်​အရွယ် အိဇက်​ကို အိရှမေလ ကဲ့ရဲ့​နေတာ စာရာ မြင်သွားတယ်။ သားဖြစ်သူကို ကာကွယ်​ပေးချင်​တော့ ဟာဂရ​နဲ့ အိရှမေလ​ကို နှင်ထုတ်​လိုက်​ဖို့ အာဗြဟံကို တောင်းဆို​တ​ယ်။ အစပိုင်းမှာ​တော့ အာဗြဟံ မ​နှင်ထုတ်​ချင်ဘူး။ ဒါပေမဲ့ ယေဟောဝါက ‘စာရာ​ရဲ့​စကားကို နားထောင်​လိုက်။ အိရှမေလ​ကို ငါ​စောင့်ရှောက်​ပေးမယ်။ ဒါပေမဲ့ ငါ့​ကတိ​က အိဇက် ကနေပဲ ပြည့်စုံ​လာ​မှာ’ လို့ အာဗြဟံ​ကို ပြောတယ်။

“စာရာ​က အရွယ်​လွန်​ချိန်မှာ​တောင် မျိုးနွယ်ကို ကိုယ်ဝန်ဆောင်​နိုင်တာ​လည်း ယုံကြည်ခြင်း​ကြောင့်​ပဲ။ ကတိ​ပေးတဲ့​အရှင်​ဟာ သစ္စာရှိ​မှန်း သူ​ယုံ​တာ​ကိုး။” —ဟီဘရူး ၁၁:၁၁