မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၁

ယုံကြည်ခြင်း စမ်းသပ်ခံရ

ယုံကြည်ခြင်း စမ်းသပ်ခံရ

အာဗြဟံ​ဟာ သား​ဖြစ်သူ အိဇက်​ကို ယေဟောဝါကို ချစ်​ဖို့၊ ကိုယ်တော့်​ကတိ​တွေကို ယုံကြည်ကိုးစား​ဖို့ သင်ပေးတယ်။ ယေဟောဝါက အိဇက် အသက် ၂၅ နှစ်မှာ အာဗြဟံ​အတွက် သိပ်​ခက်​တဲ့​အလုပ်​တစ်ခု လုပ်​ခိုင်း​တ​ယ်။ ဘာအလုပ်ဖြစ်မလဲ။

ဘုရား​သခင်က ‘မင်း​ရဲ့ တစ်ဦးတည်း​သော​သား​ကို ပူဇော်​ဖို့ မော​ရိ​အရပ်​က တောင်ပေါ်ကို ခေါ်သွား​ပါ’ လို့ ပြောတယ်။ ယေဟောဝါ ဘာ​လို့ အဲဒီလို​လုပ်​ခိုင်း​မှန်း အာဗြဟံ​မသိပေမဲ့ ယေဟောဝါ​စကား နားထောင်​ခဲ့တယ်။

နောက်​မနက်စောစော​မှာ အာဗြဟံ​ဟာ အိဇက်​နဲ့ ကျွန်​နှစ်ယောက်​ကို ခေါ်ပြီး မောရိအရပ်ကို ထွက်​သွားတယ်။ သုံးရက်ကြာ​တော့ အဝေးက​နေ တောင်​တွေကို မြင်နေရတယ်။ ကျွန်​တွေကို စောင့်​ခိုင်း​ပြီး ပူဇော်​ဖို့ သူနဲ့​အိဇက်​ပဲ ထွက်​သွားတယ်။ အိဇက်ကို ထင်း​တွေ​သယ်​ခိုင်း​ပြီး အာဗြဟံ​က ဓား​ကို ကိုင်​ထားတယ်။ ဒီ​အခါ အိဇက်​က ‘အဖေ၊ ပူဇော်မယ့်​အကောင်​က ဘယ်မှာ​လဲ’ လို့​မေး​တော့ အာဗြဟံ​က ‘ဘုရားသခင် ပြင်ဆင်ပေး​မှာပေါ့ သားရယ်’ လို့ ပြန်ဖြေ​တ​ယ်။

တောင်ပေါ်​လည်း​ရောက်​ရော ပူဇော်ရာပလ္လင် ဆောက်ကြတယ်။ ပြီးတော့ အိဇက်​ရဲ့ ခြေလက်​တွေကို​ချည်​ပြီး ပူဇော်ရာပလ္လင်​ပေါ် တင်​လိုက်တယ်။

အာဗြဟံ​ဟာ ဓား​ကို​ယူ​လိုက်တဲ့​အခါ ယေဟောဝါရဲ့ ကောင်းကင်တမန်​က ‘အာဗြဟံ။ မင်းရဲ့သားကို ဘာမှ​မလုပ်ပါနဲ့။ မင်း​ရဲ့​သား​ကို​တောင် ပေးတဲ့​အတွက် မင်းဟာ ဘုရားကို ယုံကြည်​တယ်ဆိုတာ အခု ငါ​သိ​ပြီ’ လို့ပြောတယ်။ အဲဒီနောက် ချုံပုတ်​မှာ​ငြိ​နေတဲ့ သိုးထီး​တစ်ကောင်​ကို အာဗြဟံ မြင်​သွားတယ်။ အိဇက်​ကို မြန်မြန်ဆန်ဆန် ကြိုး​ဖြ​ည်​ပေးပြီး သိုးထီး​ကို ပူဇော်​လိုက်တယ်။

အဲဒီ​နေ့​ကစပြီး ယေဟောဝါက အာဗြဟံ ကို မိတ်ဆွေ​လို့ ခေါ်တယ်။ ဘာလို့လဲ သိလား။ အာဗြဟံ​ဟာ ယေဟောဝါ လုပ်ခိုင်း​တာ​မှန်သမျှ လုပ်​လို့ပဲ။ ဘာ​လို့​လုပ်​ခိုင်း​မှန်း မသိ​တာတောင် လုပ်တယ်။

ယေဟောဝါက အာဗြဟံ​ကို ‘မင်း​ကို ကောင်းချီး​ပေးမယ်၊ မင်း​ရဲ့​မျိုးနွယ်​ကို တိုးပွားများပြား​စေမယ်’ လို့ ထပ်​ပြီး ကတိ​ပေးတယ်။ ဆိုလိုတာက အာဗြဟံ​ရဲ့ မျိုးနွယ်​ကတစ်ဆင့် ဘုရား​စကား​နားထောင်​တဲ့ လူအားလုံး ကောင်းချီးခံစား​ရမှာ​ဖြစ်တယ်။

“ဘုရား​သခင်က လူ့လောက​ကို အလွန်​ချစ်​တ​ယ်။ ဒါကြောင့် မိမိရဲ့​သား​ကို ယုံကြည်သက်ဝင်​သူတိုင်း ဖျက်ဆီး​မခံ​ရ​ဘဲ ထာဝရအသက်​ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်း​သော သား​ကို​တောင် ပေးအပ်ခဲ့​တ​ယ်။”—ယောဟန် ၃:၁၆