မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၂

ယာကုပ် အမွေရရှိခဲ့

ယာကုပ် အမွေရရှိခဲ့

အိဇက်​ဟာ ရေဗက္ကာ​နဲ့ လက်ထပ်ချိန်​မှာ အသက် ၄၀ ရှိပြီ။ ရေဗက္ကာ​ကို သူ သိပ်ချစ်​တာ။ နောက်ပိုင်းမှာ သားအမြွှာ မွေး​လာတယ်။

သားကြီး​ကို ဧ​သော​လို့​မှည့်​ပြီး သားငယ်​ကို ယာကုပ်လို့ မှည့်​တ​ယ်။ ဧ​သော​ဟာ တော​မှာ​ပျော်​တဲ့ မုဆိုး​ဖြစ်လာတယ်။ ယာကုပ်​ကျတော့ တဲ​မှာ​အ​နေ​များ​တ​ယ်။

အဲဒီခေတ်​အခါမှာ အကြီးဆုံးသား​တွေဟာ ဖခင်​သေသွား​ရင် နယ်မြေ​တွေ အများကြီး၊ ပိုက်ဆံ​တွေ​အများကြီး အမွေရတယ်။ အိဇက် အမွေ​ပေး​ရမယ့်​အထဲ​မှာ အာဗြဟံ​ကို ယေဟောဝါ​ပေးခဲ့တဲ့ ကတိ​လည်း​ပါတယ်။ ဧသော​ဟာ အဲဒီကတိကို စိတ်မဝင်စား​ဘူး။ ယာကုပ်​ကျတော့ ဒီကတိဟာ သိပ်​အရေးကြီး​မှန်း သိထား​တ​ယ်။

တစ်နေ့၊ တစ်​နေ​ကုန် အမဲလိုက်​ပြီး မော​မော​နဲ့ ဧသော အိမ်ပြန်လာ​တ​ယ်။ ယာကုပ်​ချက်​နေတဲ့ ဟင်း​နံ့​ရပြီး ဧသောက ‘ငါ ဆာ​လှ​ပြီ။ မင်း​ရဲ့ ပဲ​ဟင်း​နီ နည်းနည်းလောက် ကျွေး​စမ်း​ပါ’ လို့ပြောတယ်။ ယာကုပ်​က ‘ကျွေး​မယ်။ ဒါပေမဲ့ မင်း​ရဲ့​သားဦး​အခွင့်အရေး​ကို ပေးမယ်လို့ အရင်က​တိ​ပေး’ လို့​ပြန်ပြောတယ်။ ဧ​သောက ‘ဒီ​အခွင့်အရေး​ကို ဘာ​လုပ်​ရမှာလဲ။ မင်း​ယူ​လိုက်။ ငါ စား​ချင်​နေ​ပြီ’ လို့​ ပြန်ပြောတယ်။ ဧ​သော​လုပ်တာ ပညာရှိ​သလား။ မရှိဘူး။ ဧ​သော​ဟာ ပဲဟင်း​တစ်ခွက်​အတွက် သိပ်​တန်ဖိုး​ရှိတဲ့​အရာ​ကို စွန့်လွှတ်​လိုက်တယ်။

အိဇက် အသက်ကြီး​လာတဲ့အခါ သားကြီး​ကို ကောင်းချီး​ပေးဖို့ အချိန်​ရောက်လာ​ပါ​ပြီ။ ဒါပေမဲ့ သားငယ်​ကောင်းချီး​ရဖို့ ရေဗက္ကာ ကူညီပေး​လိုက်တယ်။ ဧ​သော​သိသွား​တဲ့အခါ အရမ်း​စိတ်ဆိုး​ပြီး အမြွှာ​ညီလေး​ကို သတ်ဖို့​ကြံစည်​တ​ယ်။ အိဇက်​နဲ့ ရေဗက္ကာ​လည်း ယာကုပ်​ကို ကာကွယ်​ပေးချင်​တော့ ‘ဧ​သော စိတ်​ပြေ​တဲ့​အထိ မင်းအမေ​ရဲ့​အစ်ကို လာ​ဗ​န်​ဆီ​သွား​နေ​ပါ’ လို့ လွှတ်လိုက်​တ​ယ်။ မိဘ​စကား​နားထောင်ပြီး ယာကုပ်​လည်း ထွက်ပြေး​သွားတယ်။

“တစ်လောက​လုံးကို ပိုင်ဆိုင်​ထား​ပေ​မဲ့ အသက်ဆုံးရှုံး​သွား​ရင် ဘာ​အကျိုးရှိ​မှာ​လဲ။ ကိုယ့်​အသက်​ကို ဘာ​နဲ့​ပြန်​လဲ​ယူ​လို့ ရမှာ​လဲ။” —မာကု ၈:၃၆၊ ၃၇