မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၃

ယာကုပ်နဲ့ ဧသော ပြန်သင့်မြတ်သွား

ယာကုပ်နဲ့ ဧသော ပြန်သင့်မြတ်သွား

ယေဟောဝါက အာဗြဟံ​နဲ့ အိဇက်​ကို ကာကွယ်​ပေးခဲ့သလို ယာကုပ်​ကို ကာကွယ်​ပေးမယ်လို့ ကတိ​ပေးတယ်။ ယာကုပ်​ဟာ ခါရန်​လို့ခေါ်တဲ့ နေရာမှာ အခြေချ​ပြီး အိမ်ထောင်ပြု​လိုက်တယ်။ သူဌေးကြီး ဖြစ်လာတယ်။

နောက်ပိုင်းမှာ ယေဟောဝါက ယာကုပ်​ကို ‘မင်း​ရဲ့​နေရင်းပြည်​ကို ပြန်သွား​ပါ’ လို့ပြောတယ်။ ဒါနဲ့ ယာကုပ်နဲ့ သူ့​မိသားစု​ဟာ ဝေးလံတဲ့​ခရီး​ကို စတင်​ထွက်ခွာ​ခဲ့တယ်။ လမ်းခရီး​မှာ လူတချို့ ယာကုပ်​ဆီ​လာပြီး ‘သခင့်​အစ်ကို ဧ​သော​လာ​နေ​ပြီ။ လူ ၄၀​၀ ပါလာတယ်’ လို့ပြောတယ်။ ယာကုပ်​လည်း သူနဲ့ သူ့​မိသားစု​အတွက် စိုးရိမ်​သွားတယ်။ ‘အစ်ကို​ဧ​သော​ရဲ့​လက်​က​နေ ကာကွယ်​ပေးပါ’ လို့ ယေဟောဝါ​ဆီ သူ​ဆုတောင်း​တ​ယ်။ နောက်​တစ်နေ့​မှာ ဧ​သော​အတွက် သိုး​တွေ၊ ဆိတ်​တွေ၊ နွား​တွေ၊ ကုလားအုတ်​တွေ၊ မြည်းတွေ လက်ဆောင်​ပို့ပေး​လိုက်တယ်။

အဲဒီ​ည ယာကုပ်​တစ်ယောက်တည်း​ရှိနေတုန်း ကောင်းကင်တမန်​တစ်ပါး​ကို မြင်လိုက်တယ်။ သူတို့​နှစ်ယောက် နပန်း​လုံး​တာ မနက်မိုးလင်း​တဲ့​အထိ​ပဲ။ ယာကုပ်​နာကျင်​နေ​ပေ​မဲ့ အရှုံးမပေး​ဘူး။ ကောင်းကင်တမန်​က ‘ငါ့ကို လွှတ်​ပါ​တော့’ လို့ပြော​ပေ​မဲ့ ယာကုပ်​က ‘ကောင်းချီး​မပေး​မချင်း မလွှတ်​ဘူး’ တဲ့။

နောက်ဆုံး​တော့ ကောင်းကင်တမန်​လည်း ကောင်းချီးပေး​လိုက်တယ်။ ဧ​သော​ရန်​က​နေ ယေဟောဝါ ကာကွယ်​ပေး​ဦး​မယ်​ဆိုတာ အခု ယာကုပ်​သိသွား​ပြီ။

အဲဒီ​မနက်​မှာ အဝေး​ကို ယာကုပ်​ကြည့်​လိုက်တဲ့​အခါ လူ ၄၀​၀ နဲ့​လာ​နေတဲ့ ဧ​သော​ကို တွေ့​လိုက်တယ်။ ယာကုပ်​ဟာ သူ့​အစ်ကို​ဆီ အရင်ဆုံး ပြေး​သွားပြီး ခုနစ်ခါ ဦးညွှတ်​လိုက်တယ်။ ဧသော​လည်း ပြေး​လာပြီး သူ့​ညီ ယာကုပ်​ကို ဖက်​နမ်း​တ​ယ်။ ညီအစ်ကို​နှစ်ယောက်စလုံး ငိုကြပြီး ပြန်သင့်မြတ်​သွား​ကြ​တ​ယ်။ ယာကုပ် ဒီလို​လုပ်တာ​ကို ယေဟောဝါ ဘယ်လို​ခံစားရမယ်​လို့ ထင်သလဲ။

အဲဒီနောက် ဧ​သော​ဟာ သူ့အိမ်ကို ပြန်သွား​တ​ယ်။ ယာကုပ်​က​တော့ ခရီးဆက်တယ်။ ယာကုပ်​မှာ သား ၁၂ ယောက်​ရှိတယ်။ သူတို့​နာမည်​တွေ​က ရုဗင်၊ ရှိ​မောင်၊ လေဝိ၊ ယုဒ၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာ၊ အိ​သ​ခါ၊ ဇာဗုလုန်၊ ယောသပ်၊ ဗင်ယာမိန်​တဲ့။ ယေဟောဝါဟာ အဲဒီသားတွေထဲက သူ့​လူမျိုး​ကို ကယ်တင်​ဖို့ ယောသပ်​ကို အသုံးပြုခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ နောက်​အခန်း​မှာ ကြည့်ရ​အောင်။

“ရန်သူ​ကို ချစ်မြဲချစ်​ပါ။ ကိုယ့်ကို​နှိပ်စက်သူတွေ​အတွက် အမြဲ​ဆုတောင်း​ပေးပါ။ ဒါမှ ခင်ဗျားတို့ဟာ ကောင်းကင်မှာ​စံမြန်းတဲ့ အဖဘုရားရဲ့ သားတွေ​ဖြစ်မှန်း သက်သေပြရာ ရောက်မှာပေါ့။”—မဿဲ ၅:၄၄၊ ၄၅