မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၄

ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်

ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်

ယောသပ်​ဟာ ယာကုပ်​ရဲ့ နို့​ညှာ​သား ဖြစ်တယ်။ ယောသပ်​ကို အဖေ​အချစ်ဆုံး​ဆိုတာ အစ်ကိုကြီး​တွေ​သိတော့ သူတို့ ဘယ်လို​ခံစားရ​သလဲ။ ယောသပ်​ကို မနာလို​ဖြစ်ပြီး မုန်းတီး​လာကြတယ်။ ယောသပ်​ဟာ ထူးဆန်းတဲ့​အိပ်မက်​တွေ မက်​တော့ အစ်ကို​တွေကို ပြောပြတယ်။ တစ်နေ့​ကျ​ရင် ယောသပ်​ကို သူတို့ ဦးညွှတ်​ရမယ်​ဆိုတဲ့ အဓိပ္ပာယ်​ထွက်​နေ​တော့ ပို​တောင် မုန်းသွား​ကြ​တ​ယ်။

တစ်နေ့၊ ယောသပ်​အစ်ကို​တွေဟာ ရှေခင်​မြို့​အနား​မှာ သိုး​ကျောင်း​နေကြ​တော့ အစ်ကို​တွေကို သွား​ကြည့်ပါ​ဆိုပြီး ယာကုပ်​က ယောသပ်​ကို လွှတ်လိုက်​တ​ယ်။ ယောသပ်​လာ​နေတာကို အဝေးက​နေ အစ်ကို​တွေ​မြင်ပြီး ‘အိပ်မက်​ဆရာ လာ​နေ​ပြီ။ သူ့ကို သတ်​လိုက်ရ​အောင်’ လို့ အချင်းချင်း ပြော​ကြ​တ​ယ်။ ဒီနောက် ယောသပ်​ကို ဖမ်းချုပ်​ပြီး ရေတွင်း​ထဲ ပစ်ချလိုက်တယ်။ ဒါပေမဲ့ အစ်ကို ယုဒ​က ‘မ​သတ်​ပါနဲ့။ ကျွန်​အဖြစ်​ပဲ ရောင်းစား​လိုက်ရ​အောင်’ လို့​ပြောပြီး အီဂျစ်ပြည်​ကို ခရီးသွား​နေ​ကြတဲ့ မိဒျန်​ကုန်သည်​တွေဆီ ငွေ​စ ၂၀ နဲ့ ရောင်း​လိုက်​ကြ​တ​ယ်။

ပြီးတော့ အစ်ကို​တွေဟာ ယောသပ်​ရဲ့​ဝတ်ရုံ​ကို ဆိတ်​သွေး​ထဲ​နှစ်ပြီး အဖေ့ကို​ပြ​တ​ယ်။ ‘ဒါက အဖေ့​သား​ဝတ်ရုံ​လား’ လို့​မေးတယ်။ ဒါနဲ့ ယောသပ်​ကို သားရဲ​ကိုက်သတ်​လို့ သေ​ပြီ​လို့ ယာကုပ်​ထင်ပြီး ဝမ်းနည်းကြေကွဲ​ပါ​လေ​ရော။ ဘယ်သူမှ သူ့ကို နှစ်သိမ့်ပေး​လို့​မရဘူး။

အီဂျစ်ပြည်​ကိုရော​က်​တော့ ယောသပ်​ဟာ နန်းတွင်းအရာရှိ ပေါတိဖာ အိမ်​မှာ ကျွန်​အဖြစ် ရောင်းစား​ခံ​လိုက်ရတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ယောသပ်​နဲ့အတူ ရှိတယ်။ ယောသပ်ဟာ အားကိုး​လို့​ရသူ၊ ယုံကြည်စိတ်ချ​နိုင်သူ ဖြစ်တယ်​ဆိုတာ ပေါတိဖာ မြင်​လာ​တော့ သူ့ကို လူယုံ​တော်​အဖြစ် ခန့်​လိုက်တယ်။

ယောသပ်​ဟာ ကိုယ်လုံးကိုယ်ထည်​တော​င့်​တဲ့ လူချော​ဖြစ်မှန်း ပေါတိဖာ​မိန်းမ သတိထား​မိတယ်။ ဒါနဲ့ သူနဲ့​အိပ်​ဖို့ ယောသပ်​ကို နေ့တိုင်း သွေးဆောင်​တော့​တ​ယ်။ ယောသပ် ဘာ​လုပ်မလဲ။ ယောသပ်​က ‘ဒီလို​လုပ်တာ မှားတယ်။ သခင်က ကျွန်တော့်ကို စိတ်ချ​တယ်။ သခင်မ​က သူ့​မိန်းမ။ သခင်မ​နဲ့ အိပ်​ရင် ဘုရားကို ကျွန်တော် ပြစ်မှား​တာပဲ’ ဆိုပြီး ငြင်းဆို​တ​ယ်။

တစ်နေ့​ကျတော့ ပေါတိဖာ​မိန်းမ​ဟာ ယောသပ်​ကို သူနဲ့​အိပ်​ဖို့ မရမက တောင်းဆို​တ​ယ်။ ယောသပ်​ဝတ်ရုံ​ကို ဆွဲ​လိုက်​တော့ ယောသပ် ထွက်ပြေး​သွားတယ်။ ပေါတိဖာ ပြန်လာတဲ့​အခါ သူ့ကို ယောသပ်က မတရား​လုပ်ဖို့ကြံ​ပါတယ်ဆိုပြီး လိမ်ပြော​တ​ယ်။ ပေါတိဖာ အရမ်း​စိတ်ဆိုး​သွားပြီး ယောသပ်​ကို ထောင်ချ​လိုက်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ယောသပ်​ကို မမေ့ပါဘူး။

“ဘုရား​သခင်က အချိန်တန်​ရင် ချီးမြှောက်​မှာ​ဖြစ်လို့ တန်ခိုး​ကြီးတဲ့ လက်ရုံးတော်​အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​ကြပါ။”—၁ ပေတရု ၅:၆