မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၅

ယေဟောဝါက ယောသပ်ကို မေ့မထား

ယေဟောဝါက ယောသပ်ကို မေ့မထား

ယောသပ် ထောင်ကျ​နေတုန်း အီဂျစ်​ဘုရင် ဖာရော အိပ်မက်​မက်​တ​ယ်။ အိပ်မက် အဓိပ္ပာယ်ကို ဘယ်သူမှ မရှင်းပြ​နိုင်​ဘူး။ ယောသပ်​တော့ ရှင်းပြ​နိုင်မယ်​လို့ ကျွန်​တစ်ယောက်က ဖာရော​ကို ပြောတယ်။ ဒါနဲ့ ယောသပ်​ကို ချက်ချင်း ခေါ်​ခိုင်း​လိုက်တယ်။

ဖာရော​က ‘ငါ့​အိပ်မက် အဓိပ္ပာယ်​ကို မင်း​ပြောပြ​နိုင်မလား’ လို့​မေး​တော့ ယောသပ်​က ‘အီဂျစ်ပြည်​မှာ ခုနစ်နှစ် အစားအစာ ပေါများ​မယ်၊ နောက်​ခုနစ်နှစ်​မှာ အငတ်ဘေး​ကြုံ​မယ်။ အစားအစာ​တွေ သိုလှောင်​ဖို့ ပညာရှိ​တစ်ယောက်​ကို ခန့်အပ်​ပါ။ ဒါမှ မင်းကြီး​ရဲ့​လူတွေ အငတ်ဘေး​မ​ကြုံ​မှာ’ လို့ပြောတယ်။ ဒါနဲ့​ပဲ ဖာရော​က ‘မင်း​ကို ငါ​ခန့်အပ်​လိုက်​ပြီ။ မင်းဟာ အီဂျစ်ပြည်​မှာ ဒုတိယ​အကြီးဆုံး​သူ​ဖြစ်​ရမယ်’ လို့ပြောတယ်။ ဖာရော​ရဲ့ အိပ်မက် အဓိပ္ပာယ်​ကို ယောသပ် ဘယ်လို​သိ​တာလဲ။ ယေဟောဝါ ကူညီပေး​လို့ပါ။

ခုနစ်နှစ်​လုံးလုံး အစားအစာ​တွေကို ယောသပ် သိုလှောင်​တ​ယ်။ အဲဒီနောက် ယောသပ် ပြောသလိုပဲ တစ်ကမ္ဘာ​လုံး အငတ်ဘေး​ဆိုက်​ပါ​လေ​ရော။ ဒါနဲ့ နေရာအနှံ့​က လူတွေ ယောသပ်​ဆီ​လာပြီး အစားအစာ​ဝယ်​တ​ယ်။ အီဂျစ်ပြည်​မှာ အစာ​ရှိတယ်လို့ ယာကုပ် ကြားတော့ အစာ​ဝယ်ဖို့ သား​ဆယ်ယောက်​ကို လွှတ်လိုက်​တ​ယ်။

ယာကုပ်​သားတွေ ရောက်လာတဲ့​အခါ သူတို့ကို ယောသပ် ချက်ချင်း​မှတ်မိ​ပေ​မဲ့ အစ်ကို​တွေက ယောသပ်​မှန်း မ​သိ​ကြဘူး။ ယောသပ် ငယ်ငယ်​က အိပ်မက်​အတိုင်း သူ့ကို အစ်ကို​တွေ ဦးညွှတ်​ကြ​တ​ယ်။ အစ်ကို​တွေမှာ မုန်းတီးစိတ် ရှိနေ​တုန်းပဲ​လား​လို့ ယောသပ် သိချင်​တာနဲ့ ‘ခင်ဗျား​တို့ဟာ သူလျှို​တွေပဲ။ ငါ​တို့ တိုင်းပြည်​ရဲ့ အားနည်းချက်​ကို လာ​စုံစမ်း​တာ’ လို့ပြော​တော့ သူတို့က ‘မဟုတ်​ရ​ပါဘူး။ ကျွန်တော်တို့ဟာ ခါနန်ပြည်​က​ပါ၊ ညီအစ်ကို ၁၂ ယောက်​ရှိတယ်။ ညီတစ်ယောက် သေသွား​ပါ​ပြီ။ အငယ်ဆုံး​က အဖေ​နဲ့ နေရစ်​ခဲ့​ပါတယ်’ လို့​ပြန်ပြော​တာနဲ့ ယောသပ်​က ‘မင်း​တို့ ညီ​အငယ်ဆုံး​ကို ခေါ်လာ​ပြ​မှ ငါ​ယုံ​မယ်’ လို့ပြောလိုက်တယ်။ ဒီ​နောက် သူတို့ အဖေ​ဆီ ပြန်သွား​ကြ​တ​ယ်။

အစားအစာ​တွေ ကုန်​သွားတဲ့​အခါ အီဂျစ်ပြည်​ဆီ သားတွေကို ယာကုပ် ထပ်​လွှတ်​ပြန်​တ​ယ်။ ဒီ​တစ်ကြိမ်​မှာတော့ ညီ​အငယ်ဆုံး ဗင်ယာမိန်​ပါ ပါသွား​တ​ယ်။ ယောသပ်​ဟာ အစ်ကို​တွေကို စမ်းသပ်ဖို့ ဗင်ယာမိန်​ရဲ့ အိတ်ထဲ သူ့ငွေ​ခွက်​ကို ထည့်ခိုင်း​ပြီး သူတို့ ခိုး​သွား​ပါတယ်​လို့ စွပ်စွဲ​တ​ယ်။ ခွက်​ကို ဗင်ယာမိန်​ရဲ့ ကောက်နှံ​အိတ်ထဲ​မှာ ယောသပ်​ရဲ့​ကျွန်​တွေ တွေ့​တော့ သူ့​အစ်ကို​တွေ လန့်​သွားတယ်။ ဗင်ယာမိန်​အစား သူတို့ကို အပြစ်ပေး​ပါ​လို့ ယောသပ်​ကို တောင်းပန်​ကြ​တ​ယ်။

အစ်ကို​တွေ စိတ်ပြောင်း​သွား​ပြီ​ဆိုတာ အခု ယောသပ် သေချာ​သိလိုက်​ပြီ။ အဲဒီအခါ ယောသပ်​ဟာ သူ့​ခံစားချက်ကို မြို​သိပ်​မထား​နိုင်​တော့ဘူး။ ဒါနဲ့ ငို​ပြီး ‘ကျွန်တော်ဟာ ယောသပ်ပါ။ အဖေ ရှိသေး​လား’ လို့​မေးတယ်။ အစ်ကို​တွေလည်း အံ့ဩ​နေကြတယ်။ ‘အစ်ကိုတို့ ကျွန်တော့်ကို လုပ်ခဲ့တာ​အတွက် ဝမ်း​မနည်း​ကြပါ​နဲ့။ အစ်ကို​တို့​ကို ကယ်တင်​ဖို့ ကျွန်တော့်ကို ဘုရားက ဒီ​ကို​လွှတ်လိုက်​တာ။ အခု အမြန်​ပြန်​ပြီး အဖေ့ကို​ခေါ်လာ​ပေးပါ’ လို့ ဆက်ပြောတယ်။

သူတို့​အိမ်ပြန်​သွားပြီး အဖေ့ကို အကျိုးအကြောင်း ပြောပြတယ်။ ပြီးတော့ အီဂျစ်ပြည်ကို ခေါ်လာ​တ​ယ်။ နှစ်​အတော်ကြာ​ပြီး နောက်ဆုံး​မှာတော့ ယောသပ်​နဲ့​သူ့​အဖေ ပြန်တွေ့​ဆုံ​ခဲ့ကြတယ်။

“သူတစ်ပါး​ရဲ့​အပြစ်​ကို ခွင့်မလွှတ်​ရင်​တော့ အဖဘုရား​က ခင်ဗျား​တို့ရဲ့​အပြစ်​ကို ခွင့်လွှတ်​မှာ မဟုတ်ဘူး။”—မဿဲ ၆:၁၅