မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၆

ယောဘက ဘယ်သူလဲ

ယောဘက ဘယ်သူလဲ

ဥ​ဇ​ပြည်​မှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူ​တစ်ယောက်​ရှိတယ်။ သူ့​နာမည်က ယောဘတဲ့။ သူဟာ သူဌေး​ဖြစ်ပြီး မိသားစု​လည်း​ကြီး​တ​ယ်။ ဆင်းရဲသား​တွေ၊ မုဆိုးမ​တွေ၊ မိဘမဲ့​ကလေးတွေကို ကူညီပေး​သူ၊ ကြင်နာ​တတ်တဲ့​သူ​လည်း ဖြစ်တယ်။ လူကောင်း​ဖြစ်လို့ သူ ဘယ်တော့မှ ဒုက္ခ​မ​တွေ့​တော့ဘူး​လား။

ယောဘ​ဟာ သူ့ကို စာတန်​မာရ်နတ် စောင့်ကြည့်​နေမှန်း မသိရှာဘူး။ ယေဟောဝါက စာတန်​ကို ‘ငါ့​ကျွန် ယောဘ​ကို သတိထား​မိ​သလား။ သူ့လိုလူ တစ်ယောက်​မှ ကမ္ဘာပေါ်မှာ မရှိဘူး။ ငါ့​စကားကို သူ​နားထောင်ပြီး မှန်​တာ​ကို​လုပ်တယ်’ လို့ပြော​တော့ စာတန်​က ‘ယောဘ နားထောင်​မှာပေါ့။ သူ့ကို ကာကွယ်​ပြီး ကောင်းချီး ပေး​ထားတာကိုး။ သူ့မြေ​တွေ၊ တိရစ္ဆာန်တွေ​ကို ဖျက်ဆီး​ကြည့်ပါ​လား၊ ဆက်​ဝတ်ပြု​တော့မှာ မဟုတ်ဘူး’ လို့ဖြေတယ်။ ဒါနဲ့ ယေဟောဝါက ‘ယောဘ​ကို မင်း စမ်းသပ်​နိုင်တယ်။ သူ့​အသက်​ကိုတော့ မထိ​နဲ့’ လို့ စာတန်​ကို ပြောတယ်။ ယောဘကို စမ်းသပ်​ခွင့် ဘာ​လို့​ပေးတာ​လဲ။ ယေဟောဝါ သူ့ကို ယုံကြည်စိတ်ချ​လို့ပါ။

စာတန်​ဟာ ဘေးဒုက္ခ​အမျိုးမျိုး​နဲ့ ယောဘ​ကို စမ်းသပ်​တ​ယ်။ ဦးဆုံး၊ ယောဘရဲ့ နွားတွေနဲ့ မြည်း​တွေကို ခိုး​သွားဖို့ သေ​ဘ​လူမျိုး​ကို လွှတ်လိုက်​တ​ယ်။ ပြီးတော့ ယောဘရဲ့ သိုးအားလုံးကို မီး​နဲ့ ဖျက်ဆီး​ပစ်​တ​ယ်။ ကုလားအုတ်​တွေကို ခါလဒဲ​လူမျိုး ခိုး​သွားတယ်။ တိရစ္ဆာန် ထိန်းကျောင်း​သူတွေ​လည်း အသတ်ခံရ​တ​ယ်။ အဆိုးဆုံး​က ယောဘ သားသမီး​အားလုံး စုဆုံ​စားသောက်​နေတုန်း အိမ်​ပြိုကျပြီး သေ​ကုန်​တဲ့​သတင်း​ပဲ။ ယောဘ​ခမျာ စိတ်နှလုံး​ကြေကွဲ​သွားပေ​မဲ့ ယေဟောဝါကို ဆက်​ကိုးကွယ်ဝတ်ပြု​တုန်းပဲ။

စာတန်​က ယောဘ​ကို ဒီထက်မက ဒုက္ခခံ​စား​စေချင်တယ်။ ဒီတော့ ယောဘ တစ်ကိုယ်လုံး​မှာ အနာစိမ်း​တွေ ပေါက်​စေ​လို့ သူ့​ခမျာ အကြီးအကျယ် နာကျင်​နေတယ်။ ဘာကြောင့် ဒါတွေ​ဖြစ်နေ​မှန်း ယောဘ မသိ​ရှာ​ဘူး။ ဒါတောင်မှ ယေဟောဝါကို သူ​ဆက်​ကိုးကွယ်​တယ်။ ဘုရားက ဒါတွေ​အားလုံးကို မြင်ပြီး ယောဘ သစ္စာရှိ​လို့ အရမ်း​ဝမ်းသာ​တယ်။

ယောဘ​ကို စမ်းသပ်ဖို့ စာတန်​က လူ​သုံးယောက် လွှတ်လိုက်​သေးတယ်။ သူတို့က ‘မင်း အပြစ်လုပ်​ပြီး မ​ဝန်ခံ​လို့ ဘုရား ဒဏ်ပေး​နေတာ’ ဆိုပြီး​ပြော​တော့ ယောဘ​က ‘ငါ ဘာ​အမှား​မှ မလုပ်​ဘူး’ လို့ဖြေတယ်။ ဒီ​ဒုက္ခ​တွေကို ယေဟောဝါ ခံစား​စေ​တာပဲ​လို့ သူ​ထင်​ပြီး ဘုရားက မတရား​ဘူးလို့ စဉ်းစား​မိ​လာ​ရော။

လူကြီး​တွေ အပြန်အလှန် ပြောဆို​နေတာကို လူငယ် ဧလိဟု နားထောင်​နေတယ်။ မနေနိုင်တော့​တဲ့​အဆုံး ‘ခင်ဗျား​တို့အားလုံး ပြောတာ မှားတယ်။ ယေဟောဝါရဲ့ ကြီးမြတ်မှု​ကို ကျွန်တော်တို့ အပြည့်အဝ မသိနိုင်​ဘူး။ ဘုရား​သခင်က ဆိုးညစ်​တာ​ကို ဘယ်တော့မှ မလုပ်ဘူး။ အရာအားလုံး​ကို ကိုယ်တော် မြင်​တ​ယ်။ ဒုက္ခရောက်​နေ​သူ​ကို ကယ်ဆယ်​တ​ယ်’ လို့ သူဝင်ပြောတယ်။

ယေဟောဝါက ယောဘ​ကို ‘ကောင်းကင်နဲ့ မြေကြီးကို ငါ​ဖန်ဆင်း​တုန်းက မင်း ဘယ်မှာ​ရှိ​သလဲ။ ငါ မတရား​ဘူးလို့ ဘာ​လို့ပြော​ရတာလဲ။ ဖြစ်​ရတဲ့​အကြောင်းရင်းကို မသိဘဲ မင်း​ပြော​နေတယ်’ လို့ပြော​တဲ့အခါ ယောဘ​က သူ့​အမှား​သူ ဒီလို​ဝန်ခံ​တယ်– ‘ကျွန်တော် မှား​ပါတယ်။ ကိုယ်တော့်​အကြောင်းကို အရင်က ကြားဖူး​ရုံပဲ ရှိတယ်။ အခုတော့ ကိုယ်တော့်ကို အသေအချာ​သိ​ပါ​ပြီ။ ကိုယ်တော် မတတ်နိုင်​တာ ဘာမှ​မရှိဘူး။ ပြော​မိ​တာ​တွေအတွက် တောင်းပန်​ပါတယ်။’

အမျိုးမျိုး စမ်းသပ်ခံရ​ပြီးနောက် ယောဘ​ကို ယေဟောဝါ ပြန်​ကျန်းမာ​လာစေပြီး အရင်ကထက် ပို​ချမ်းသာကြွယ်ဝ​စေတယ်။ ယောဘ​ဟာ ပျော်ပျော်ရွှင်ရွှင်​နဲ့ အသက်ရှည်ရှည် နေခဲ့​ရတယ်။ ခက်ခဲ​နေချိန်မှာတောင် ဘုရား​စကား နားထောင်​ခဲ့လို့ သူ ကောင်းချီးခံစား​ခဲ့ရတယ်။ ယောဘ​လို ဘာပဲဖြစ်ဖြစ် ယေဟောဝါကို အမြဲ​ဝတ်ပြုကိုးကွယ်​မလား။

“ခင်ဗျား​တို့​က ယောဘရဲ့​ခံနိုင်ရည်အကြောင်း ကြားဖူး​သလို သူ့ကို ယေဟောဝါ ကောင်းချီးပေး​ခဲ့တာကိုလည်း သိထား​ကြတာ​ပဲ။” —ယာကုပ် ၅:၁၁