မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၇

ယေဟောဝါကို ကိုးကွယ်ဖို့ မောရှေ ရွေးချယ်ခဲ့

ယေဟောဝါကို ကိုးကွယ်ဖို့ မောရှေ ရွေးချယ်ခဲ့

အီဂျစ်ပြည်​မှာ ယာကုပ်​ရဲ့​မိသားစု​ကို အစ္စရေးလူမျိုး​လို့ ခေါ်​ကြ​တ​ယ်။ ယာကုပ်နဲ့ ယောသပ် သေဆုံး​ပြီးတဲ့နောက် ဖာရောဘုရင်​အသစ် အုပ်ချုပ်​တ​ယ်။ အစ္စရေး​တွေဟာ အီဂျစ်လူမျိုး​ထက် ပို​အင်အားကြီး​လာ​လို့ သူ စိုးရိမ်​နေတယ်။ ဒါနဲ့ ဖာရော​ဟာ အစ္စရေး​တွေကို ကျွန်ခံ​ခိုင်း​တ​ယ်။ အုတ်​တွေ လုပ်​ခိုင်း​တ​ယ်၊ လယ်ကွင်း​မှာ အလုပ်ကြမ်း​တွေ လုပ်​ခိုင်း​တ​ယ်။ အီဂျစ်​တွေ အနိုင်ကျင့်​လေ အစ္စရေး လူဦးရေ တိုးပွား​လာ​လေ​ပဲ။ အဲဒါကို ဖာရော မကြိုက်​တဲ့​အတွက် မွေး​လာတဲ့ အစ္စရေး သားယောက်ျား မှန်သမျှကို သတ်ဖို့ အမိန့်ပေး​လိုက်တယ်။ အစ္စရေးတွေ ဘယ်လောက်​တောင် ကြောက်​လိုက်​မလဲ။

ယော​ခေ​ဗ​တ်​လို့ခေါ်တဲ့ အစ္စရေး အမျိုးသမီး​တစ်ယောက်ဟာ သိပ်ချစ်​ဖို့​ကောင်းတဲ့ သားယောက်ျားလေး မွေး​လာတယ်။ ကလေး​အသတ်​မခံ​ရ​အောင် သူ့ကို တောင်း​ထဲ​ထည့်​ပြီး နိုင်း​မြစ် ကျူပင်​တွေ​ကြား သွား​ဝှက်ထား​တ​ယ်။ ကလေးရဲ့​အစ်မ မိရိအံဟာ ဘာ​ဆက်​ဖြစ်​မလဲ​လို့ အနီး​နား​မှာ စောင့်ကြည့်​နေတယ်။

ဖာရော​သမီး​ဟာ ရေချိုး​ဖို့ နိုင်း​မြစ်​ကို ဆင်း​လာတဲ့အခါ တောင်း​လေး​ကို တွေ့​သွားတယ်။ တောင်း​လေး​ထဲမှာ ငို​နေတဲ့​ကလေးကို​တွေ့​ပြီး သနား​သွားတယ်။ မိ​ရိ​အံ​က ‘ကလေးထိန်း ရှာပေးရမလား’ လို့​မေး​တော့ ဖာရော​သမီး​က သဘောတူ​လိုက်တယ်။ ဒါနဲ့ သူ့​အမေ ယောခေဗတ်ကို သွား​ခေါ်လာ​တ​ယ်။ ဖာရော​သမီး​က ‘ဒီ​ကလေးကို ခေါ်​သွားပြီး ထိန်းပေး​ပါ၊ ကလေးထိန်း​ခ​ကို ငါ​ပေးမယ်’ လို့ပြောတယ်။

ကလေး​လေး ကြီးလာ​တဲ့အခါ ယော​ခေ​ဗ​တ်​ဟာ ဖာရော​သမီး​ဆီ ခေါ်​သွားတယ်။ ဖာရော​သမီး​က သူ့ကို မောရှေ​လို့ နာမည်​ပေးပြီး သား​အရင်း​လို မွေးစား​လိုက်တယ်။ မောရှေဟာ လိုချင်​တာ​မှန်သမျှ ရ​နိုင်တဲ့ မင်းသား​တစ်ပါး​အဖြစ် ကြီးပြင်း​လာတယ်။ ဒါပေမဲ့ ယေဟောဝါကို မောရှေ မေ့​မသွား​ဘူး။ သူဟာ အီဂျစ်လူမျိုး​မဟုတ်ဘဲ အစ္စရေးလူမျိုး​ဖြစ်မှန်း သိတယ်။ ယေဟောဝါကို ကိုးကွယ်​ဖို့ သူ ရွေးချယ်​တ​ယ်။

အသက် ၄၀ ရောက်တဲ့​အခါ မောရှေဟာ သူ့လူမျိုးကို ကူညီဖို့ ဆုံးဖြတ်​လိုက်တယ်။ အီဂျစ်လူ​တစ်ယောက်က အစ္စရေး​ကျွန်​တစ်ယောက်​ကို ရိုက်နှက်​နေတာ​မြင်​တော့ အဲဒီလူ​ကို မောရှေ ရိုက်​သတ်ပစ်​လိုက်တယ်။ ပြီးတော့ အလောင်း​ကို သဲ​ထဲ​မြှုပ်​လိုက်တယ်။ ဖာရော​သိသွား​တဲ့အခါ မောရှေ​ကို သတ်ဖို့ ကြံစည်​တ​ယ်။ မောရှေ​လည်း မိဒျန်ပြည်ကို ထွက်ပြေး​သွားတယ်။ ယေဟောဝါက သူ့ကို စောင့်ရှောက်​ပေးတယ်။

“မောရှေ​က . . . ဘုရင့်​သမီးတော်ရဲ့ သား​လို့ အခေါ်​ခံရ​မယ့်​ဘဝကို ယုံကြည်ခြင်း​ကြောင့် ငြင်းပယ်​ခဲ့တယ်။ . . . ဘုရားသခင်ရဲ့ လူတွေနဲ့​အတူ ညှဉ်းဆဲ​ခံဖို့ ရွေးချယ်ခဲ့တယ်။” —ဟီဘရူး ၁၁:၂၄၊ ၂၅