မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၈

မီးလောင်နေတဲ့ ချုံပုတ်

မီးလောင်နေတဲ့ ချုံပုတ်

မောရှေ​ဟာ မိဒျန်​ပြည်​မှာ အနှစ် ၄၀ နေ​ခဲ့တယ်။ အိမ်ထောင်ကျ​ပြီး ကလေးတွေ ရလာ​တယ်။ တစ်နေ့၊ ဆိုင်းနိုင်း​တောင်​နား​မှာ သိုး​ကျောင်း​နေတုန်း ထူးဆန်း​တာ​တစ်ခု တွေ့​လိုက်တယ်။ ချုံပုတ်​တစ်ခုက မီးလောင်​နေ​ပေ​မဲ့ လောင်ကျွမ်း​မသွား​ဘူး။ ဘာများ​လဲ​ဆိုတာ မောရှေ သိချင်လို့ အနား​သွား​ကြည့်​တဲ့အခါ ‘မောရှေ၊ ရှေ့မ​တိုးလာ​နဲ့။ မင်း​ရပ်နေတဲ့ နေရာဟာ မြင့်မြတ်လို့ ဖိနပ်​ချွတ်​ပါ’ ဆိုတဲ့ ချုံပုတ်​ထဲက အသံ​ကို ကြားလိုက်​ရတယ်။ ကောင်းကင်တမန်​ကတစ်ဆင့် ယေဟောဝါ ပြော​နေတာ။

မောရှေ​ဟာ ကြောက်​သွား​လို့ မျက်နှာ​ကို ကာ​လိုက်တယ်။ အသံရှင်​က ‘အစ္စရေး​တွေရဲ့ ဆင်းရဲဒုက္ခ​ကို ငါ မြင်​နေရတယ်။ အီဂျစ်​လက်​က​နေ သူတို့ကို ကယ်တင်​ပြီး ကောင်းမွန်​တဲ့​ပြည်​ကို ခေါ်သွား​မယ်။ ငါ့​လူမျိုး​ကို အီဂျစ်ပြည်​က​နေ ကယ်ထုတ်​လာ​ရမယ့်​သူဟာ မင်း​ပဲ’ လို့ပြောတယ်။ မောရှေ သိပ်​အံ့ဩ​သွား​မှာပဲ။

မောရှေ​က ‘ဘယ်သူ​လွှတ်လိုက်​တာလဲ​လို့ လူတွေ မေး​ရင်​ကော’ လို့​ ပြန်​မေး​တော့ ‘အာဗြဟံ​ရဲ့​ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်​ရဲ့​ဘုရား ယေဟောဝါ လွှတ်လိုက်​တာ​လို့ ပြောလိုက်​ပါ’ လို့​ ပြန်ဖြေ​တ​ယ်။ ‘ကျွန်တော်​ပြောတာ မယုံကြ​ရင်​ကော’ လို့​ထပ်​မေး​တော့ ယေဟောဝါက သူ့ကို​ကူညီ​မယ့်​အကြောင်း သက်သေပြ​တ​ယ်။ ကိုင်​ထားတဲ့​တောင်ဝှေး​ကို လွှတ်ချ​လိုက်ပါ​လို့ မောရှေ​ကို​ပြော​တယ်။ မောရှေလွှတ်ချလိုက်တော့ တောင်ဝှေး​ဟာ မြွေ​ဖြစ်သွား​ပါ​လေ​ရော။ မြွေ​ရဲ့​အမြီး​ကို ဆွဲ​ဖမ်း​လိုက်​တော့ တောင်ဝှေး​ပြန်ဖြစ်သွား​တ​ယ်။ ‘ဒီ​အံ့ဖွယ်အမှု​ကို လုပ်ပြ​ရင် မင်း​ကို ငါ​လွှတ်လိုက်​တာ သူတို့​သိ​လိမ့်မယ်’ လို့ ယေဟောဝါ​ပြောတယ်။

‘ကျွန်တော်ဟာ စကားပြော​သွက်တဲ့​သူ မဟုတ်ပါဘူး’ လို့ မောရှေ​ပြောတဲ့အခါ ယေဟောဝါက ‘ဘာ​ပြောရမယ်​ဆိုတာ ငါ ပြောပြ​မယ်၊ မင်း​ကို​ကူညီပေးဖို့ မင်း​အစ်ကို အာရုန်​ကို လွှတ်​ပေးမယ်’ လို့​ ကတိ​ပေးတယ်။ ယေဟောဝါ သူနဲ့​အတူ​ရှိတယ်​ဆိုတာ သိလိုက်​ရလို့ မောရှေ​ဟာ မိန်းမ​နဲ့ သားတွေ​ကို ခေါ်​ပြီး အီဂျစ်ပြည်​ကို ပြန်လာ​ခဲ့တယ်။

“ခင်ဗျား​တို့​ကို အပ်နှံ​တဲ့အခါ ဘယ်လို​ပြော​ရ​မလဲ၊ ဘာ​ပြော​ရ​မလဲ​ဆိုပြီး တွေးပူ​မနေ​ပါနဲ့။ ပြော​ရမယ့်​စကားကို အဲဒီအချိန်​ကျ​ရင် သိလာ​လိမ့်မယ်။” —မဿဲ ၁၀:၁၉