သင်ခန်းစာ ၁၉
ပထမ ကပ်ဘေးသုံးခု
အစ္စရေးလူတွေဟာ ကျွန်တွေအဖြစ် အတင်းအဓမ္မ ခိုင်းစေခံနေရတယ်။ ယေဟောဝါဟာ မောရှေနဲ့ အာရုန်ကတစ်ဆင့် ဖာရောဘုရင်ကို ဒီလိုပြောတယ်– ‘တောမှာ ငါ့ကို ဝတ်ပြုနိုင်ဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ။’ မောက်မာတဲ့ ဖာရောက ‘ယေဟောဝါ ပြောတာကို ဂရုမစိုက်ဘူး။ အစ္စရေးတွေကို လွှတ်မပေးနိုင်ဘူး’ လို့ပြန်ပြောတယ်။ ပြီးတော့ အရင်ကထက် ပိုပြီးအလုပ် လုပ်ခိုင်းတယ်။ ဒါနဲ့ ယေဟောဝါက ဖာရောကို သင်ခန်းစာ ပေးတော့မယ်။ ဘယ်လိုနည်းနဲ့လဲ။ အီဂျစ်ပြည်ပေါ် ကပ်ဘေးဆယ်ခု ကျရောက်စေခဲ့တယ်။ ယေဟောဝါက မောရှေကို ‘ဖာရောဟာ ငါ့စကားကို နားမထောင်ဘူး။ မနက်ကျရင် သူ နိုင်းမြစ်မှာ ရှိနေလိမ့်မယ်’ လို့ပြောတယ်။ သူ့ဆီသွားပြီး ‘ငါ့လူမျိုးကို မလွှတ်ပေးရင် နိုင်းမြစ်တစ်ခုလုံး သွေးဖြစ်သွားလိမ့်မယ်’ လို့ ပြောခိုင်းတယ်။ မောရှေလည်း ပြောတဲ့အတိုင်း ဖာရောဆီသွားတယ်။ နိုင်းမြစ်ကို တောင်ဝှေးနဲ့ အာရုန်ရိုက်တာကို ဖာရောကြည့်နေရင်း မြစ်ရေဟာ သွေး ဖြစ်သွားတယ်။ ရေတွေဟာ ပုပ်စော်နံလာပြီး ငါးတွေ သေကုန်တယ်။ နိုင်းမြစ်ရေကို သောက်လို့မရတော့ဘူး။ ဒါတောင်မှ ဖာရောက အစ္စရေးတွေကို မလွှတ်ပေးဘူး။
ခုနစ်ရက်ကြာပြီးနောက် ယေဟောဝါဟာ မောရှေကို ဖာရောဆီ ထပ်လွှတ်ပြန်တယ်။ ‘ငါ့လူမျိုးကို မလွှတ်ရင် အီဂျစ်ပြည် တစ်ပြည်လုံး ဖားတွေနဲ့ ပြည့်နေလိမ့်မယ်’ လို့ ပြောခိုင်းလိုက်တယ်။ အာရုန်ဟာ သူ့တောင်ဝှေးကို မြှောက်လိုက်တာနဲ့ တစ်တိုင်းပြည်လုံး ဖားတွေချည်းပဲ။ အိမ်တွေမှာ၊ ကုတင်ပေါ်မှာ၊ အိုးခွက်တွေမှာရောပဲ။ နေရာတကာမှာ ဖားတွေ အပြည့်ပဲ။ ဒီကပ်ဘေးကို ယေဟောဝါ ရပ်ပေးအောင် အသနားခံပေးဖို့ မောရှေကို ဖာရောပြောတယ်။ အစ္စရေးတွေကို လွှတ်ပေးမယ်လို့လည်း ဖာရော ကတိပေးတယ်။ ကပ်ဘေးကို ယေဟောဝါ ရပ်ပေးလိုက်တာနဲ့ ဖားအသေကောင်တွေကို အီဂျစ်တွေ စုပုံလိုက်တာ အပုံလိုက် အပုံလိုက်ပဲ။ တစ်တိုင်းပြည်လုံး ပုပ်စော်နံနေတာပဲ။ ဒါတောင်မှ ဖာရောက အစ္စရေးတွေကို မလွှတ်ပေးဘူး။
ဒါနဲ့ ယေဟောဝါက မောရှေကို အခုလိုပြောတယ်– ‘အာရုန်ဟာ သူ့တောင်ဝှေးကို မြေကြီးပေါ် ရိုက်ရမယ်။ အဲဒီအခါ ဖုန်တွေဟာ ဖြုတ်တွေ ဖြစ်လာလိမ့်မယ်။’ ဘယ်ပဲကြည့်ကြည့် ဖြုတ်တွေချည်းပဲ။ လူတချို့က ဖာရောကို ‘ဒီကပ်ဘေးဟာ ဘုရားဆီကလာတာ’ လို့ ပြောပေမဲ့ အစ္စရေးတွေကို မလွှတ်ပေးဘူး။
“ငါ့တန်ခိုးနဲ့ ခွန်အားကို သူတို့သိအောင် လုပ်မယ်။ ငါ့နာမည်ဟာ ယေဟောဝါဖြစ်မှန်း သူတို့သိရကြလိမ့်မယ်။”—ယေရမိ ၁၆:၂၁