မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၀

နောက်ထပ် ကပ်ဘေးခြောက်ခု

နောက်ထပ် ကပ်ဘေးခြောက်ခု

‘ငါ့​လူတွေကို မလွှတ်​ပေး​ရင် မှ​က်​တွေကို လွှတ်လိုက်​မယ်’ လို့ ဖာရော​ကို ပြော​ဖို့ မောရှေ​နဲ့ အာရုန် ထွက်​လာတယ်။ အီဂျစ်ပြည်​မှာရှိတဲ့ ဆင်းရဲ​တဲ့​အိမ်၊ ချမ်းသာ​တဲ့ အိမ်​တွေ​ထဲ မှ​က်​တွေ အုပ်​လိုက်​ကြီး ဝင်​လာတယ်။ တစ်ပြည်လုံး မှ​က်​တွေ အပြည့်​ပဲ။ အစ္စရေးတွေ နေတဲ့ ဂေါ​ရှင်​အရပ်​မှာတော့ မှ​က်​တစ်ကောင်​မှ မရှိဘူး။ ဒီ​လေးခု​မြောက် ကပ်ဘေး​ကစပြီး အီဂျစ်လူ​တွေပဲ ဘေးကြုံရ​တော့​တာ။ ‘ဒီ​မှ​က်​တွေ ထွက်သွား​အောင် လုပ်ပေး​ဖို့ ယေဟောဝါကို အသနားခံ​ပေးပါ။ မင်း​လူတွေ​လည်း ထွက်သွား​နိုင်တယ်’ လို့ ဖာရော ပြောတယ်။ ယေဟောဝါက မှက်တွေကို ဖယ်ရှားပေး​လိုက်တဲ့​အခါ ဖာရော စိတ်ပြောင်း​သွား​ပြန်​ရော။ ဖာရော​ဟာ သင်ခန်းစာ​ကို မရနိုင်ဘူး။

ယေဟောဝါက ‘ဖာရော​ဟာ ငါ့​လူမျိုး​ကို မလွှတ်​ပေး​ရင် အီဂျစ်ပြည်​က တိရစ္ဆာန်တွေ နာပြီး သေ​ရမယ်’ လို့ပြောတယ်။ နောက်​နေ့​မှာ တိရစ္ဆာန်တွေ သေ​ကုန်​တ​ယ်။ ဒါပေမဲ့ အစ္စရေး​တွေရဲ့ တိရစ္ဆာန်တွေ​တော့ မသေ​ဘူး။ ဖာရော ခေါင်းမာ​နေဆဲပဲ။

ဒါနဲ့ ယေဟောဝါက မောရှေ​ကို ဖာရော​ရှေ့​သွားပြီး လေ​ထဲ ပြာမှုန့်​တွေ​ကြဲ​ဖို့ ပြောတယ်။ ပြာမှုန့်​တွေဟာ လေ​ထဲ​ပျံ့နှံ့​သွားပြီး အီဂျစ်လူ​တွေ​ပေါ် ကျတဲ့​အခါ အီဂျစ်လူ​တွေနဲ့ သူတို့ရဲ့ တိရစ္ဆာန်တွေ​ပေါ်မှာ အနာစိမ်း​တွေ ပေါက်​လာတယ်။ ဒါတောင် ဖာရော​ဟာ အစ္စရေး​တွေကို မလွှတ်​သေး​ဘူး။

ယေဟောဝါက မောရှေ​ကို ဖာရော​ဆီ ပြန်လွှတ်​ပြီး ဒီလို​ပြော​ခိုင်းတယ်– ‘ငါ့​လူတွေကို လွှတ်​ပေးဖို့ ငြင်း​နေတုန်းပဲ​လား။ မနက်ဖြန်​မှာ မိုးသီး​တွေ​ရွာ​လိမ့်မယ်။’ နောက်​တစ်နေ့​မှာ မိုးသီး၊ မိုးကြိုး၊ မီး​တွေကို ယေဟောဝါ ကျစေတယ်။ အီဂျစ်​မှာ ဖြစ်​ဖူး​ခဲ့​သမျှ မုန်တိုင်း​တွေ​ထဲမှာ အဆိုးဆုံး​ပဲ။ သစ်ပင်​တွေ၊ ကောက်ပဲသီးနှံ​တွေ ပျက်စီး​ကုန်​တ​ယ်။ ဂေါ​ရှင်​အရပ်​မှာတော့ ဘာမှ​မဖြစ်​ဘူး။ ဖာရော​က ‘ဒီ​ကပ်ဘေး​ကို ရပ်​လိုက်​ဖို့ ယေဟောဝါ​ဆီမှာ တောင်းပန်​ပေးပါ၊ ပြီးတော့ မင်း​တို့ ထွက်သွား​နိုင်တယ်’ လို့ ပြော​ပေ​မဲ့​လည်း မိုးသီး​တွေ၊ မိုးတွေ ရပ်သွား​တာနဲ့ ဖာရော စိတ်ပြောင်း​သွား​ပြန်​ရော။

ဒါနဲ့ မောရှေ​က ‘အခု၊ မိုးသီး​ကြောင့် မပျက်စီး​ဘဲ​ကျန်​တဲ့ အပင်​မှန်သမျှကို ကျိုင်းကောင်တွေ စား​ပစ်​လိမ့်မယ်’ လို့ပြောတယ်။ ကျိုင်းကောင်​တွေ အများကြီး​လာပြီး လယ်ကွင်း​တွေမှာ၊ အပင်တွေ​ပေါ်မှာ ကျန်​သမျှ အကုန်စား​ပစ်လိုက်တယ်။ ဖာရော​က ‘ဒီ​ကျိုင်းကောင်​တွေကို ဖယ်ရှားပေး​ပါ’ လို့ အသနားခံ​တ​ယ်။ ကျိုင်းကောင်​တွေ ရပ်သွား​အောင် ယေဟောဝါ လုပ်ပေး​လိုက်​ပေ​မဲ့ ဖာရော ခေါင်းမာ​နေတုန်းပဲ။

ယေဟောဝါက မောရှေ​ကို ‘မင်း​ရဲ့​လက်​ကို ကောင်းကင်​ကို ဖြန့်​ထုတ်​လိုက်ပါ’ လို့ပြောတော့ ကောင်းကင်​တစ်ခုလုံး ချက်ချင်း မှောင်​မည်း​သွားတာ​ပဲ။ အီဂျစ်​တွေဟာ သုံးရက်​လုံးလုံး ဘာကိုမှ မမြင်​ရဘူး။ အစ္စရေး​တွေရဲ့ နေရာမှာ​တော့ လင်း​နေတယ်။

ဖာရော​က မောရှေ​ကို ‘မင်း​နဲ့ မင်း​လူတွေ သွား​နိုင်ပြီ၊ မင်း​တို့​တိရစ္ဆာန်တွေ​ကိုတော့ ထားခဲ့’ လို့ပြော​တော့ မောရှေ​က ‘တိရစ္ဆာန်တွေ​ပါ ယူသွား​မှ ဘုရားကို ပူဇော်​လို့​ရမှာ’ လို့ ပြန်ဖြေ​တ​ယ်။ ဖာရော အရမ်း​ဒေါသထွက်​ပြီး ‘ငါ့​ရှေ့​က ထွက်သွား​စမ်း။ နောက်​တစ်ခါ​တွေ့ရင် သတ်ပစ်​မယ်’ လို့ အော်​လိုက်တယ်။

“ဖြောင့်မတ်သူ​နဲ့ ဆိုးညစ်သူ၊ ဘုရား​အမှုဆောင်သူ​နဲ့ ဘုရား​အမှု မ​ဆောင်​သူရဲ့ ကွာခြားချက်​ကို မင်း​တို့ မြင်ရ​ဦး​မယ်။” —မာလခိ ၃:၁၈