သင်ခန်းစာ ၂၁
ဆယ်ခုမြောက်ကပ်ဘေး
ကျွန်တော် နောက်တစ်ခေါက် မလာတော့ပါဘူးလို့ ဖာရောကို မောရှေ ကတိပေးလိုက်တယ်။ ဒါပေမဲ့ မထွက်သွားခင်မှာ ဖာရောကို ‘ညသန်းခေါင်ကျရင် အီဂျစ်ပြည်က ဖာရောရဲ့သားဦးအပါအဝင် ကျွန်အားလုံးရဲ့ သားဦးမှန်သမျှ သေရလိမ့်မယ်’ လို့ပြောတယ်။
ယေဟောဝါက အစ္စရေးတွေကို အထူးညစာစားဖို့ အခုလိုပြောတယ်– ‘တစ်နှစ်သား သိုးတစ်ကောင် ဒါမှမဟုတ် ဆိတ်တစ်ကောင်ကို သတ်ပြီး သွေးကို တံခါးထုပ်နဲ့ တံခါးတိုင်မှာ သုတ်ပါ။ အသားကို မီးကင်ပြီး တဆေးမဲ့မုန့်နဲ့ စားပါ။ အဆင်သင့် ထွက်သွားနိုင်ဖို့ အဝတ်အစားတွေ ဝတ်ပြီး ဖိနပ်တွေ စီးထားပါ။ ဒီညမှာ မင်းတို့ကို လွတ်မြောက်စေမယ်။’ အစ္စရေးတွေ စိတ်လှုပ်ရှားနေကြမှာပဲ။
ညသန်းခေါင်ရောက်တဲ့အခါ ယေဟောဝါရဲ့ ကောင်းကင်တမန်ဟာ အီဂျစ်ပြည်မှာရှိတဲ့ အိမ်တိုင်းဆီကို သွားတယ်။ သွေးမသုတ်ထားတဲ့ အိမ်တွေထဲက သားဦးမှန်သမျှ သေကုန်တယ်။ သွေးသုတ်ထားတဲ့ အိမ်တွေကို ကောင်းကင်တမန် ကျော်သွားတယ်။ အီဂျစ်ပြည်က ဆင်းရဲတဲ့မိသားစုမှာရော ချမ်းသာတဲ့မိသားစုမှာပါရှိတဲ့ သားဦးတွေ သေကုန်တယ်။ အစ္စရေးတွေရဲ့ သားဦးတစ်ယောက်မှ မသေဘူး။
ဖာရောရဲ့ သားဦးတောင် သေသွားတယ်။ ဖာရော အရှုံးပေး လိုက်ရတော့တယ်။ မောရှေနဲ့ အာရုန်ကို ညတွင်းချင်း ခေါ်ပြီး ‘ထွက်သွားကြတော့။ မင်းတို့ ဘုရားကို သွားဝတ်ပြုကြ၊ မင်းတို့တိရစ္ဆာန်တွေပါ ယူသွားကြ’ လို့ပြောတယ်။
လပြည့်ညမှာ အစ္စရေးတွေဟာ မိသားစုလိုက်၊ မျိုးနွယ်လိုက် စနစ်တကျ အီဂျစ်ပြည်ကနေ ထွက်လာကြတယ်။ အစ္စရေးယောက်ျားချည်းပဲ ၆၀၀,၀၀၀ နဲ့ မိန်းမတွေ၊ ကလေးတွေပါ ပါသွားတယ်။ တခြားသူ အများကြီးလည်း ယေဟောဝါကို ဝတ်ပြုဖို့ သူတို့နဲ့အတူ လိုက်သွားတယ်။ နောက်ဆုံးတော့ အစ္စရေးတွေ လွတ်မြောက်သွားပြီ။
ယေဟောဝါ သူတို့ကို ဘယ်လို ကယ်တင်ခဲ့တယ်ဆိုတာ သတိရဖို့ နှစ်တိုင်း အဲဒီအထူးညစာစားပွဲကို ကျင်းပရမှာဖြစ်တယ်။ အဲဒီပွဲကို ပသခါပွဲလို့ ခေါ်တယ်။
“မင်းကိုသုံးပြီး ငါ့တန်ခိုးကို ပြဖို့၊ ငါ့နာမည်ကို မြေတစ်ပြင်လုံး သိစေဖို့ မင်းကို ငါ အသက်ရှင်ခွင့် ပေးနေတာ။”—ရောမ ၉:၁၇