မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၂

ပင်လယ်နီက အံ့ဖွယ်ဖြစ်ရပ်

ပင်လယ်နီက အံ့ဖွယ်ဖြစ်ရပ်

အစ္စရေးတွေ အီဂျစ်ပြည်​က​နေ ထွက်သွား​မှန်း သိလိုက်​တာနဲ့ ဖာရော ချက်ချင်း စိတ်ပြောင်း​သွားတယ်။ ဒါနဲ့ သူ့​စစ်သားတွေ​ကို ‘စစ်ရထား​အားလုံး အသင့်ပြင်၊ သူတို့ကို လိုက်​ဖမ်း​ကြစို့။ သူတို့ကို မလွှတ်​သင့်​ဘူး’ လို့​ပြောပြီး အစ္စရေးတွေ​နောက် လိုက်​ကြ​တ​ယ်။

ယေဟောဝါဟာ နေ့​ဘက်မှာ မိုးတိမ်တိုင်၊ ညဘက်​မှာ မီးတိုင်​သုံးပြီး သူ့​လူမျိုး​ကို ဦးဆောင်​သွားတယ်။ ပင်လယ်နီ​ကို ရောက်တဲ့​အခါ စခန်းချ​ဖို့ မိန့်မှာ​တ​ယ်။

ဖာရော​နဲ့ သူ့​စစ်တပ် လိုက်​လာ​တာ​ကို အစ္စရေးတွေ မြင်​သွားတယ်။ ရှေ့မှာ ပင်လယ်​ခံ​နေ​ပြီး နောက်မှာ အီဂျစ်စစ်တပ်​ဆိုတော့ သူတို့ ပိတ်မိ​နေကြ​ပြီ။ ဒါနဲ့ သူတို့က မောရှေ​ကို ‘ကျွန်တော်တို့ သေ​ကုန်​တော့မယ်၊ အီဂျစ်ပြည်​မှာ နေခဲ့ရ​င်​ကောင်း​သား’ လို့ ပြောတယ်။ ဒါပေမဲ့ မောရှေ​က ‘မကြောက်​ကြ​နဲ့၊ ယေဟောဝါ ဘယ်လို ကယ်တင်​မယ်​ဆိုတာ ကြည့်​ကြ’ လို့​အားပေး​တ​ယ်။ မောရှေ​က ယေဟောဝါကို တကယ် ယုံကြည်ကိုးစား​တ​ယ်။

ယေဟောဝါက အစ္စရေး​တွေကို စခန်း​သိမ်း​ဖို့ ပြောတယ်။ အဲဒီ​ညမှာ ယေဟောဝါက အီဂျစ်လူတွေနဲ့ အစ္စရေးတွေ​ကြား မိုးတိမ်တိုင်​ကို ခံ​ပေး​လိုက်တယ်။ မိုးတိမ်​က အီဂျစ်​တွေ​ဘက်မှာ မှောင်​မည်း​နေ​ပြီး အစ္စရေးတွေ​ဘက်မှာ လင်း​နေတယ်။

ယေဟောဝါက မောရှေ​ကို ပင်လယ်နီ​ပေါ် လက်​ဆန့်​လိုက်​ဖို့ ပြောတယ်။ ဒါနဲ့ တစ်ည​လုံး လေပြင်း​တိုက်ခတ်​တော့​တာပဲ။ ပင်လယ်​ဟာ နှစ်ခြမ်း​ကွဲ​သွားပြီး အလယ်​မှာ လမ်းပေါ်​လာတယ်။ အဲဒီအခါ သန်းနဲ့ချီတဲ့ အစ္စရေး​တွေဟာ ရေနံ​ရံ​နှစ်ခု​ကြား ခြောက်သွေ့​တဲ့ မြေပေါ်ကနေ တစ်ဖက်ကမ်းကို ကူးသွား​ကြ​တ​ယ်။

ဖာရော​စစ်တပ်​လည်း ပင်လယ်​ကြမ်းပြင်​ကို​ဖြတ်​ပြီး အစ္စရေးတွေ​နောက်ကနေ လိုက်​လာ​ကြ​တယ်။ ယေဟောဝါက အဲဒီ​စစ်တပ်​ကို ဖရိုဖရဲ​ဖြစ်စေ​တော့ မြင်းရထား​ဘီး​တွေ ကျွတ်ထွက်​ကုန်တယ်။ ဒါနဲ့ စစ်သားတွေ​က ‘ပြေး​ကြစို့။ အစ္စရေးတွေ​ဘက်က​နေ ယေဟောဝါ စစ်တိုက်​နေ​ပြီ’ လို့ အော်ပြော​ကြ​တ​ယ်။

ယေဟောဝါက မောရှေ​ကို ‘ပင်လယ်​ပေါ် လက်​ဆန့်​လိုက်’ လို့ပြောတော့ ရေနံရံတွေဟာ အီဂျစ်စစ်တပ်​ပေါ် ပြိုကျ​လာပြီး ဖာရော​နဲ့ သူ့​လူအားလုံး သေ​ကုန်​တ​ယ်။ တစ်ယောက်​မှ မလွတ်ဘူး။

ပင်လယ်​ရဲ့ တစ်ဖက်​ကမ်း​မှာတော့ “ယေဟောဝါကို ချီးမွမ်းသီချင်း​ဆို​ကြစို့။ ကိုယ်တော် အကြီးအကျယ် အောင်ပွဲခံ​ပြီ။ မြင်း​နဲ့ မြင်းစီးသူရဲ​ကို ပင်လယ်​ထဲ ချပစ်​လိုက်​ပြီ” ဆိုပြီး လူအုပ်ကြီးဟာ ချီးမွမ်းသီချင်း ဆို​ကြ​တ​ယ်။ လူတွေ သီချင်းဆို​ချိန်မှာ အမျိုးသမီးတွေ ကခုန်ကြပြီး ချူတပ်ဗုံ တီး​နေကြတယ်။ အခု တကယ်ပဲ လွတ်မြောက်​သွား​လို့ အားလုံး သိပ်ပျော်​နေကြတယ်။

“‘ယေဟောဝါဟာ ကူညီမစရှင်​ဖြစ်တဲ့​အတွက် ငါ ဘာကိုမှ မကြောက်​ဘူး။ လူက ငါ့ကို ဘာ​လုပ်နိုင်​မှာ​လဲ’ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်​တယ်။” —ဟီဘရူး ၁၃:၆