သင်ခန်းစာ ၂၃
ယေဟောဝါကို ပေးတဲ့ကတိ
အစ္စရေးတွေဟာ အီဂျစ်ပြည်ကထွက်လာပြီး နှစ်လလောက်အကြာမှာ ဆိုင်းနိုင်းတောင်ကို ရောက်ပြီး စခန်းချကြတယ်။ ယေဟောဝါဟာ မောရှေကို တောင်ပေါ်တက်လာခိုင်းပြီး ‘အစ္စရေးတွေကို ငါ ကယ်ခဲ့ပြီ။ သူတို့သာ ငါ့စကားနားထောင်ပြီး ငါ့ပညတ်တွေလိုက်နာရင် ငါ့ရဲ့အထူးလူမျိုးဖြစ်ခွင့်ရမယ်’ လို့ပြောတယ်။ တောင်အောက် မောရှေ ပြန်ဆင်းလာပြီး အစ္စရေးတွေကို ယေဟောဝါပြောတာတွေ ပြန်ပြောပြတယ်။ သူတို့ဘယ်လိုတုံ့ပြန်သလဲ။ ‘ယေဟောဝါ ပြောသမျှကို နာခံလိုက်နာပါ့မယ်’ လို့ ကတိပြုကြတယ်။
မောရှေဟာ နောက်တစ်ခေါက် တောင်ပေါ်ပြန်တက်သွားတယ်။ အဲဒီမှာ ယေဟောဝါဘုရားက ‘နောက်သုံးရက်ကျရင် မင်းကို ငါ စကားပြောမယ်။ ဆိုင်းနိုင်းတောင်ပေါ် တခြားသူတွေ တက်မလာပါစေနဲ့’ တဲ့။ မောရှေ တောင်အောက်ပြန်ဆင်းလာပြီး အစ္စရေးတွေကို ယေဟောဝါ ပြောတာနားထောင်ဖို့ အသင့်စောင့်နေပါလို့ မှာခဲ့တယ်။
သုံးရက်မြောက်နေ့မှာ လျှပ်စီးတွေလက်ပြီး တောင်ပေါ်ကို တိမ်ထုကြီး ဆင်းလာတာ အစ္စရေးတွေ မြင်တယ်။ မိုးခြိမ်းသံနဲ့ တံပိုးမှုတ်သံလည်း ကြားတယ်။ အဲဒီနောက် ယေဟောဝါက မီးလျှံနဲ့ ဆင်းလာတယ်။ အစ္စရေးတွေ ကြောက်ဒူးတုန်ကုန်ကြတယ်။ တောင်တစ်တောင်လုံး သွက်သွက်ခါအောင် လှုပ်နေပြီး မီးခိုးတွေ တက်လာတယ်။ တံပိုးမှုတ်သံဟာ ကျယ်သည်ထက် ကျယ်လာတယ်။ ဘုရားက ‘ငါဟာ ယေဟောဝါပဲ။ တခြားဘယ်ဘုရားကိုမှ မင်းတို့ ဝတ်မပြုရဘူး’ လို့ပြောတယ်။
မောရှေ တောင်ပေါ်ပြန်တက်သွားတဲ့အခါ ယေဟောဝါက ကိုယ်တော့်ကို လူတွေ ဘယ်လို ဝတ်ပြုကိုးကွယ်ရမယ်၊ ဘယ်လို ပြုမူနေထိုင်ရမယ် ဆိုတဲ့ပညတ်တွေ ပေးတယ်။ အဲဒီပညတ်တွေကို မောရှေ ချရေးပြီး အစ္စရေးတွေကို ပြန်ဖတ်ပြတယ်။ သူတို့က ‘ယေဟောဝါ ပြောသမျှ နာခံလိုက်နာပါ့မယ်’ လို့ကတိပေးကြတယ်။ ဘုရားသခင်ကို သူတို့ အဲဒီလို ကတိပေးတယ်။ ဒါပေမဲ့ သူတို့ ကတိတည်ပါ့မလား။
“ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။”—မဿဲ ၂၂:၃၇