မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၅

ဝတ်ပြုရာတဲတော်

ဝတ်ပြုရာတဲတော်

ဆိုင်းနိုင်း​တောင်ပေါ် မောရှေ​ရှိနေ​ချိန်မှာ ယေဟောဝါက အစ္စရေးတွေ ကိုယ်တော့်ကို ဝတ်ပြုနိုင်ဖို့ အထူး​တဲ​တစ်ခု ဆောက်​ဖို့ ပြောတယ်။ အဲဒီ​တဲတော်​ကို သူတို့​သွား​လေ​ရာ​ရာ သယ်သွား​နိုင်မှာ​ဖြစ်တယ်။

ယေဟောဝါ​ဘုရားက ‘တဲတော်​ဆောက်​ဖို့ တတ်နိုင်​သလောက်​လှူ​ကြ​လို့ လူတွေကို ပြောပါ’ ဆိုပြီး မောရှေ​ကို ပြောတယ်။ ဒါနဲ့ အစ္စရေး​တွေဟာ ရွှေ၊ ငွေ၊ ကြေးဝါ၊ တန်ဖိုးရှိ ကျောက်မျက်ရတနာ​တွေ လှူ​ကြ​တ​ယ်။ သိုးမွေး၊ ချည်ချော၊ တိရစ္ဆာန်​သားရေ​တွေနဲ့ တခြား​အရာ​အများကြီး​လည်း လှူ​ကြ​တ​ယ်။ သူတို့ရက်ရော​လွန်း​လို့ ‘လုံလောက်​ပြီ၊ မယူလာ​ကြ​နဲ့​တော့’ ဆိုပြီး မောရှေ ပြောရတဲ့​အထိ​ပဲ။

တဲတော်​ကို အတတ်ပညာကျွမ်းကျင်တဲ့ ယောက်ျား၊ မိန်းမ​တွေ ဝိုင်းဆောက်​ကြတယ်။ လိုအပ်တဲ့ ဉာဏ်​ပညာ​ကို ယေဟောဝါ​ပေးတယ်။ တချို့​က ချည်ငင်တယ်၊ အထည်​ရက်​တ​ယ်၊ ပန်းထိုးတယ်။ ကျောက်​သွေး​ပြီး စီခြယ်​တဲ့​သူ၊ ပန်းထိမ်​လုပ်​တဲ့​သူ၊ လက်သမား​လုပ်​တဲ့​သူတွေ​လည်း ရှိတယ်။

ယေဟောဝါ ပြောတဲ့ပုံစံအတိုင်း တဲတော်​ကို ဆောက်​လုပ်ကြတယ်။ တဲတော်​ရဲ့ သန့်ရှင်း​ရာ​အခန်း​နဲ့ အသန့်ရှင်းဆုံး​အခန်း​ကို လှပတဲ့​ကန့်လန့်ကာ​နဲ့ ကာ​ထားတယ်။ အသန့်ရှင်းဆုံး​အခန်း​ထဲမှာ ရှား​သားနဲ့​လုပ်ပြီး ရွှေ​ချ​ထားတဲ့ ပဋိညာဉ်​သေတ္တာ ထားတယ်။ သန့်ရှင်း​ရာ​အခန်း​ထဲမှာ ရွှေ​မီးတိုင်၊ စားပွဲ​တစ်လုံး၊ နံ့သာပေါင်းပူဇော်ဖို့ ပလ္လင်​တစ်ခု ရှိတယ်။ တဲတော်​ဝင်းထဲမှာ ကြေးဝါ​ရေကန်​နဲ့ မီးရှို့ရာပလ္လင်ကြီးတစ်ခု ရှိတယ်။ ပဋိညာဉ်​သေတ္တာ​က အစ္စရေးတွေ ယေဟောဝါ​စကား နားထောင်​ပါ့​မယ်ဆို​ပြီး ကတိပေး​ထားတာကို သတိရ​စေတယ်။ ပဋိညာဉ်​ဆိုတာ ဘာကို​ပြောတာလဲ သိလား။ အဲဒါက အထူး​ကတိပြု​တာ​ကို ပြောတာ။

ယေဟောဝါက အာရုန်​နဲ့ သူ့​သားတွေ​ကို တဲတော်မှာ ပုရောဟိတ်တွေ​အဖြစ် အမှုဆောင်ဖို့ တာဝန်ပေး​တယ်။ သူတို့ဟာ တဲတော်​မှာ အလုပ်တွေ​လုပ်​ရပြီး ယေဟောဝါကို ပူဇော်​ပေး​ရတယ်။ ပုရောဟိတ်မင်းဖြစ်တဲ့ အာရုန်​တစ်ယောက်တည်း​ပဲ အသန့်ရှင်းဆုံး​အခန်း​ထဲ ဝင်ခွင့်​ရှိတာ။ တစ်နှစ်​မှာ တစ်ခါ​ပဲ ဝင်ရတယ်။ သူ့အပြစ်၊ သူ့​မိသားစု​အပြစ်​နဲ့ အစ္စရေး​တစ်မျိုးလုံး​ရဲ့ အပြစ်​တွေ​ဖြေ​ဖို့ ဝင်​ရတာ။

အီဂျစ်ပြည်​က ထွက်လာ​ပြီး တစ်နှစ်​အကြာ​မှာ တဲတော်​ဆောက်​ပြီးသွား​တ​ယ်။ အခုမှ ယေဟောဝါကို ဝတ်ပြုကိုးကွယ်​ဖို့ နေရာ​ရှိသွား​ပြီ။

ယေဟောဝါက သူတို့​ဆောက်​တဲ့ တဲတော်​ကို နှစ်သက်သဘောကျတဲ့အတွက် တဲတော်ပေါ်မှာ မိုးတိမ်​တည်​ရှိနေ​စေတယ်။ တဲတော်​ပေါ်မှာ မိုးတိမ်​ရှိနေ​သ​ရွေ့ အစ္စရေးတွေ ဆက်နေ​တယ်။ မိုးတိမ်​တက်​သွား​ရင် တဲတော်​ကို ဖြုတ်သိမ်း​ကြပြီး မိုးတိမ်နောက်လိုက်​ကြတယ်။

“ရာဇပလ္လင်​က​နေ ကျယ်လောင်​တဲ့​အသံ ထွက်ပေါ်​လာ​တာ ကျွန်တော်​ကြားတယ်– ‘ဘုရားသခင်ရဲ့ တဲတော်​ဟာ လူတွေနဲ့​အတူရှိပြီး ဘုရားက သူတို့​ဆီမှာ စံမြန်း​မယ်။ သူတို့လည်း ဘုရားရဲ့​လူမျိုး ဖြစ်လိမ့်မယ်။ ဘုရားသခင်ကိုယ်​တိုင် သူတို့နဲ့အတူ ရှိနေ​မယ်။’”—ဗျာဒိတ် ၂၁:၃