မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၆

သူလျှိုတစ်ဆယ့်နှစ်ယောက်

သူလျှိုတစ်ဆယ့်နှစ်ယောက်

အစ္စရေး​တွေဟာ ဆိုင်းနိုင်း​တောင်​က​နေ ထွက်​လာတယ်။ ပါရန်တောကန္တာရ​ကို​ဖြတ်​ပြီး ကာဒေရှ​အရပ်​ကို သွားတယ်။ အဲဒီမှာ ယေဟောဝါက မောရှေ​ကို ‘မျိုးနွယ်​တစ်နွယ်​က​နေ တစ်ယောက်၊ လူ ၁၂ ယောက်ကို ရွေး​ပြီး အစ္စရေး​တွေကို​ပေးမယ့် ခါနန်ပြည်​ကို ထောက်လှမ်း​ဖို့ လွှတ်လိုက်​ပါ’ လို့ပြောတယ်။ ဒါနဲ့ မောရှေ​လည်း လူ ၁၂ ယောက်​ရွေး​ပြီး ‘ခါနန်ပြည်​ကို သွား​ပါ။ အဲဒီ​ပြည်​က စိုက်ပျိုး​လို့​ကောင်းမကောင်း၊ ပြည်သား​တွေ​က ခွန်အားကြီး​သလား၊ အားနည်း​သလား၊ တဲ​နဲ့​နေ​သလား၊ ခံတပ်​နဲ့​နေ​သလား ဆိုတာ​တွေ သွား​စုံစမ်း​ပါ’ လို့ပြောတယ်။ ယောရှု​နဲ့ ကာလ​က်​အပါအဝင် သူလျှို ၁၂ ယောက်​ဟာ ခါနန်ပြည်​ကို ထွက်သွား​ကြ​တ​ယ်။

ရက် ၄၀ ကြာ​ပြီးနောက် သဖန်းသီး၊ သလဲသီး၊ စပျစ်သီး​တွေ​ယူလာ​ပြီး သူလျှို​တွေ ပြန်ရောက်​လာတယ်။ ‘ပြည်​က​တော့ကော​င်း​ပေ​မဲ့ ပြည်သား​တွေ​က အားကောင်းမောင်းသန်​ကြီးတွေ၊ ခံတပ်မြို့​ကြီး​တွေမှာ နေကြ​တာ’ လို့​ပြန်ပြော​ကြ​တ​ယ်။ ကာလ​က်​က ‘သူတို့ကို ကျုပ်တို့ အနိုင်ရမှာပါ။ ချက်ချင်း သွား​စစ်တိုက်​ရ​အောင်’ လို့ ပြောတယ်။ ကာလ​က် ဘာ​လို့ အဲဒီလို​ပြောတာလဲ သိလား။ သူနဲ့ ယောရှု​ဟာ ယေဟောဝါကို ယုံကြည်ကိုးစား​လို့ပဲ။ တခြား သူလျှို​ဆယ်ယောက်​က​တော့ ‘အဲဒီ​က​လူတွေဟာ လူထွားကြီး​တွေ။ ကျုပ်​တို့​က သူတို့နဲ့​ယှဉ်​ရင် နှံကောင်​တွေလိုပဲ’ လို့ပြော​ကြ​တ​ယ်။

အစ္စရေးတွေ စိတ်ပျက်​ကုန်​ကြ​တ​ယ်။ ပြစ်တင်ညည်းညူ​ပြီး ‘ခေါင်းဆောင် နောက်​တစ်ယောက် ခန့်​ပြီး အီဂျစ်ပြည် ပြန်သွား​ကြစို့။ ခါနန်ပြည်​ကို​သွားပြီး ဘာ​လို့​အသေခံ​မှာ​လဲ’ လို့ပြော​ကြ​တော့ ယောရှု​နဲ့ ကာလ​က်​က ‘ယေဟောဝါကို မ​ပုန်ကန်​ကြပါ​နဲ့၊ မကြောက်​ကြ​နဲ့။ ယေဟောဝါ ကာကွယ်​ပေး​လိမ့်မယ်’ လို့ပြော​ပေ​မဲ့ အစ္စရေးတွေ နားမထောင်​ကြဘူး။ ယောရှု​နဲ့ ကာလ​က်​ကို သတ်​တောင်​သတ်ပစ်​ချင်​ကြ​တ​ယ်။

ယေဟောဝါ ဘာ​လုပ်​သလဲ။ ‘အစ္စရေးတွေ​အတွက် ငါ အားလုံး​လုပ်ပေး​ပြီး​တာတောင် သူတို့ ငါ့​စကား နားမထောင်​ကြ​သေး​ဘူး။ ဒါကြောင့် တောကန္တာရ​ထဲမှာ အနှစ် ၄၀ နေ​ပြီး သေကြရမယ်။ သူတို့ရဲ့ ကလေးတွေ​ရယ်၊ ယောရှု​နဲ့ ကာလ​က်​ပဲ ငါ​ကတိပေး​ထားတဲ့​ပြည်​မှာ နေခွင့်​ရမယ်’ လို့ မောရှေ​ကို ပြောတယ်။

“ယုံကြည်ခြင်း​နည်း​သူတို့၊ ဘာလို့​ကြောက်နေ​တာလဲ။”—မဿဲ ၈:၂၆