မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၇

ယေဟောဝါကို သူတို့ပုန်ကန်ကြ

ယေဟောဝါကို သူတို့ပုန်ကန်ကြ

အစ္စရေးတွေ တောကန္တာရ​ထဲမှာ ရှိနေတုန်း ကောရ၊ ဒါသန်၊ အဘိရံ​နဲ့ တခြား​လူ ၂၅၀ ဟာ မောရှေ​ကို ပုန်ကန်​ကြ​တ​ယ်။ သူတို့က ‘မင်း​ကို လက်အောက်​မခံနိုင်​တော့ဘူး။ မင်း​က ငါ​တို့ရဲ့ ခေါင်းဆောင် ဘာ​လို့​ဖြစ်နေ​ရတာလဲ၊ အာရုန်​က​ရော ပုရောဟိတ်မင်း ဘာလို့​ဖြစ်နေ​ရတာလဲ။ ယေဟောဝါဟာ ငါ​တို့အားလုံး​နဲ့အတူ ရှိ​တာပဲ။ မင်း​နဲ့၊ အာရုန်နဲ့ပဲ အတူ​ရှိတာ​မဟုတ်ဘူး’ လို့​မောရှေ​ကို​ပြောတယ်။ အဲဒါကို ယေဟောဝါ လုံးဝ​မကြိုက်​ဘူး။ သူတို့က ယေဟောဝါကို ပုန်ကန်​နေကြ​တာ။

ကောရ​နဲ့ သူ့​အပေါင်းအပါ​တွေကို မောရှေ​က ‘မနက်ဖြန် နံ့သာပေါင်း​ထည့်​ထားတဲ့ မီးခဲခွက်တွေကိုင်ပြီး တဲတော်​ကို ယူလာ​ပါ။ ယေဟောဝါ ဘယ်သူ့​ကို ရွေးချယ်​သလဲ​ဆိုတာ ပြ​လိမ့်မယ်’ လို့ပြောတယ်။

နောက်​တစ်နေ့၊ ကောရ​နဲ့ လူ ၂၅၀ ဟာ မောရှေ​နဲ့​တွေ့​ဖို့ တဲတော်​ကိုလာပြီး ပုရောဟိတ်တွေ​သာလုပ်​ရတဲ့ နံ့သာပေါင်း ပူဇော်​တဲ့​အလုပ်ကို လုပ်ကြတယ်။ ဒီ​အခါ ယေဟောဝါက မောရှေ​နဲ့ အာရုန်​ကို ‘ကောရ​နဲ့ သူ့​လူတွေနဲ့ ဝေး​ဝေး​နေကြ’ လို့​မှာ​တ​ယ်။

ကောရ​ဟာ မောရှေ​ရှိ​နေတဲ့ တဲတော်​ကို ရောက်လာ​ပေ​မဲ့ ဒါသန်၊ အဘိရံ​နဲ့ သူတို့​မိသားစု​တွေကတော့ အခေါ်လွှတ်​တာတောင် မလို​က်​လာ​ကြဘူး။ ယေဟောဝါက ကောရ၊ ဒါသန်၊ အဘိရံ​တို့ရဲ့ တဲ​တွေနဲ့ ဝေး​ဝေး​နေဖို့ အစ္စရေး​တွေကို မိန့်မှာ​တ​ယ်။ အစ္စရေးတွေ​လည်း ချက်ချင်း​ပဲ ခွဲထွက်​သွား​ကြ​တ​ယ်။ ဒါသန်၊ အဘိရံ​နဲ့ သူတို့​မိသားစု​တွေဟာ တဲဝမှာ ရပ်​နေကြတယ်။ ရုတ်တရက် မြေကြီး​ကွဲအက်​ပြီး သူတို့ကို မျိုပစ်​တ​ယ်။ တဲတော်​ရှိတဲ့ နေရာမှာ​ကျတော့ ယေဟောဝါ​ဆီကနေ မီး​ကျ​လာပြီး ကောရ​နဲ့ သူ့လူ ၂၅၀ ကို​လောင်ကျွမ်း​သွားတယ်။

ဒီ​နောက် ယေဟောဝါက မောရှေ​ကို ‘မျိုးနွယ်တစ်ခုစီရဲ့ ခေါင်းဆောင်တွေဆီက တောင်ဝှေး​တစ်ချောင်း​စီ ယူလာ​ပြီး တစ်ယောက်စီ​ရဲ့ နာမည်ကို ရေးထား​လိုက်။ လေဝိ​မျိုးနွယ်​ရဲ့ တောင်ဝှေး​မှာတော့ အာရုန်​ရဲ့ နာမည်​ရေး​ပါ။ တောင်ဝှေး​တွေကို တဲတော်​ထဲ​ထားပါ၊ ငါ​ရွေးချယ်​တဲ့​သူရဲ့ တောင်ဝှေး​မှာ ပန်း​တွေ ပွင့်​လာ​လိမ့်မယ်’ လို့ပြောတယ်။

နောက်​နေ့​မှာ မောရှေ​ဟာ တောင်ဝှေး​အားလုံးကို ယူလာ​ပြီး ခေါင်းဆောင်​တွေကို ပြတယ်။ အာရုန်​ရဲ့ တောင်ဝှေး​မှာ ပန်း​တွေ ဖူး​ပွင့်​နေ​ပြီး ဗာဒံ​သီး​တွေ ဝင်းမှည့်​နေတယ်။ ဒီလိုနဲ့ ယေဟောဝါဟာ အာရုန်​ကို ပုရောဟိတ်မင်း​အဖြစ် ရွေးချယ်​တယ်ဆိုတာ သက်သေပြ​တ​ယ်။

“ဦးဆောင်တဲ့​သူတွေကို နာခံ​ပါ၊ လက်အောက်ခံ​ပါ။” —ဟီဘရူး ၁၃:၁၇