မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၈

ဗာလမ်ရဲ့မြည်း စကားပြော

ဗာလမ်ရဲ့မြည်း စကားပြော

အစ္စရေးတွေ တောကန္တာရ​ထဲ​ရောက်နေ​တာ အနှစ် ၄၀ ပြည့်တော့မယ်။ မြို့အတော်များများကို​လည်း တိုက်ခိုက်​သိမ်းပိုက်​ခဲ့ကြတယ်။ အခု ဂျော်ဒန်​မြစ် အရှေ့ဘက်ခြမ်း၊ မောဘ​လွင်ပြင်​မှာ စခန်းချ​နေကြ​ပြီး ကတိပေး​ထားတဲ့​ပြည်​ထဲ ဝင်ခါနီး​ပြီ။ မောဘ​ဘုရင် ဗာလက်​က သူ့ရဲ့​နယ်မြေ​ကို သိမ်းယူ​ကြ​တော့မှာ​ပဲ ဆိုပြီး စိုးရိမ်​လာတယ်။ ဒါနဲ့ အစ္စရေး​တွေကို ကျိန်စာတိုက်​ပေးဖို့ ဗာလမ်​ကို မောဘ​ပြည်​လာဖို့ ဖိတ်ခေါ်​လိုက်တယ်။

ယေဟောဝါက ဗာလမ်​ကို ‘မင်း ကျိန်စာ​မ​တိုက်​ရဘူး’ လို့ပြောတယ်။ ဒါနဲ့ ဗာလမ်​က မလာ​ဘူးလို့ ငြင်း​လိုက်တယ်။ ဗာလက်​မင်း​က ဒုတိယ​အကြိမ် ဖိတ်ခေါ်​ပြီး သူ​တောင်း​သမျှ​ပေးမယ်လို့ ကတိ​ပေးတယ်။ ဗာလမ် ထပ်​ငြင်း​လိုက်တယ်။ ဘုရား​သခင်က ‘လိုက်​သွား​ပါ။ ဒါပေမဲ့ ငါ​ပြောခိုင်း​တာတွေကို​ပဲ ပြောရမယ်’ လို့ပြောတယ်။

ဗာလမ်​လည်း မြည်း​စီး​ပြီး မောဘ​ပြည်​ကို ထွက်​လာတယ်။ ယေဟောဝါက ကျိန်စာ​မ​တိုက်​ဖို့ မှာ​ထား​ပေ​မဲ့ သူက​တော့ အစ္စရေးတွေကို ကျိန်စာတိုက်​ဖို့ ကြံစည်​ထားတယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်​ဟာ ဗာလမ်​ရှေ့ သုံးခါ ပေါ်လာတယ်။ ဗာလမ်က ကောင်းကင်တမန်​ကို မမြင်​ရပေမဲ့ သူ့​မြည်း​က​တော့ မြင်​တ​ယ်။ ပထမအကြိမ်​မှာ မြည်း​က လမ်းဘေး​ဆင်း​ပြီး ရှောင်​လိုက်တယ်။ ဒုတိယ​အကြိမ်​မှာ မြည်း​က ကျောက်တံတိုင်း​ဘက်​ကို အတင်းတိုးကပ်သွားတော့ ဗာလမ်​ရဲ့​ခြေထောက် တံတိုင်း​နဲ့ ညပ်သွားတယ်။ နောက်ဆုံး​အကြိမ်​မှာ မြည်း​က လမ်း​လယ်​မှာ ဝပ်ချလိုက်တယ်။ မြည်း​ကို သုံးကြိမ်​စလုံး ဗာလမ် တုတ်​နဲ့​ရိုက်တယ်။

တတိယအကြိမ်​မှာ ယေဟောဝါက မြည်း​ကို စကားပြော​အောင် လုပ်ခဲ့​တ​ယ်။ မြည်း​က ဗာလမ်​ကို ‘ငါ​ဘာ​မှား​လို့ ရိုက်​နေ​တာလဲ’ ဆိုပြီး မေးတယ်။ ဗာလမ်​က ‘မင်း ငါ့ကို အရူးလုပ်တာကိုး။ ဓား​သာ​ရှိရင် မင်း​ကို သတ်​လိုက်​ပြီ’ လို့​ကြိမ်း​တ​ယ်။ မြည်း​က ‘ငါ့ကို တစ်သက်လုံး စီး​လာ​ခဲ့တာ​ပဲ။ ငါ အခုလို လုပ်​ဖူး​လို့​လား’ လို့​ပြန်​မေးတယ်။

ယေဟောဝါက ကောင်းကင်တမန်​ကို ဗာလမ် မြင်​အောင် လုပ်ပေးလိုက်တယ်။ ‘အစ္စရေးတွေကို မ​ကျိန်​ရဘူး​လို့ ယေဟောဝါ သတိပေး​ထားတယ်​လေ’ လို့ ကောင်းကင်တမန် ပြောတယ်။ ဗာလမ်​က ‘ကျွန်တော် မှား​ပါ​ပြီ။ ကျွန်တော် အိမ်ပြန်​ပါ့​မယ်’ ဆိုပြီး ပြော​တော့ ကောင်းကင်တမန်​က ‘မောဘ​ပြည်​ကို သွား​ပါ။ ယေဟောဝါ​ပြော​ခိုင်း​တာကိုပဲ ပြောရမယ်’ လို့ မှာတယ်။

ဒီကနေ ဗာလမ် သင်ခန်းစာယူ​ခဲ့သလား။ မယူ​ခဲ့ဘူး။ နောက်ပိုင်းမှာ ဗာလမ်​ဟာ အစ္စရေး​တွေကို ကျိန်စာတိုက်​ဖို့ သုံးကြိမ် ကြိုးစား​ခဲ့တယ်။ အကြိမ်တိုင်း ကောင်းချီး​ပေးတဲ့ စကား​တွေပဲ ဖြစ်အောင် ယေဟောဝါ လုပ်ခဲ့​တ​ယ်။ အစ္စရေးတွေ မောဘ​ပြည်​ကို တိုက်ခိုက်​ခဲ့​တယ်။ နောက်ပိုင်းမှာ ဗာလမ်လည်း အသတ်ခံရ​တ​ယ်။ ယေဟောဝါရဲ့​စကားကို အစ​ကတည်းက ဗာလမ် နားထောင်​ခဲ့​ရမှာ။

“လောဘ​ကြီး​ခြင်း အမျိုးမျိုးကို သတိ​နဲ့​ရှောင်ကြ​ပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်​ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့​စည်းစိမ်​က အသက်မပေးနိုင်ဘူး။”—လုကာ ၁၂:၁၅