မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၉

ယေဟောဝါ ယောရှုကို ရွေးချယ်

ယေဟောဝါ ယောရှုကို ရွေးချယ်

မောရှေ​ဟာ အစ္စရေး​တွေကို နှစ်​အတော်ကြာ ဦးဆောင်​ခဲ့​ပြီးနောက် အသက်ကြီး​လာ​လို့ သေဆုံး​ခါနီး​နေ​ပြီ။ ယေဟောဝါက သူ့ကို ‘မင်းဟာ အစ္စရေး​တွေကို ကတိပေး​ထားတဲ့​ပြည်​ထဲ ဦးဆောင်​ခေါ်သွား​ရမယ့်​သူ မဟုတ်ဘူး။ မြင်ခွင့်​တော့​ရမယ်’ လို့ပြောတယ်။ ဒါနဲ့ မောရှေ​က ‘ဦးဆောင်​မယ့်​သူ ရွေး​ပေးပါ’ လို့ ယေဟောဝါကို တောင်းဆို​တော့ ‘ယောရှု​ကို ငါရွေးချယ်တယ်လို့ သူ့ကို သွား​ပြောပါ’ ဆိုပြီး မိန့်မှာ​တ​ယ်။

မောရှေ​က သူ မကြာခင် သေရမယ်၊ ကတိပေး​ထားတဲ့​ပြည်​ထဲ ဦးဆောင်​ခေါ်သွားဖို့ ယောရှု​ကို ယေဟောဝါ ရွေးထားတယ်​လို့ အစ္စရေး​တွေကို ပြောတယ်။ ပြီးတော့ ယောရှု​ကို ‘မကြောက်​နဲ့၊ မင်း​ကို ယေဟောဝါ ကူညီပေးမယ်’ လို့ပြောတယ်။ အဲဒီနောက် မောရှေ​ဟာ နေဗော​တောင်ပေါ် တက်သွားတယ်။ အဲဒီမှာ ယေဟောဝါက အာဗြဟံ၊ အိဇက်၊ ယာကုပ်​တို့​ကို ပေးမယ်လို့ ကတိပေး​ခဲ့တဲ့​ပြည်​ကို သူ့ကို ပြ​တ​ယ်။ မောရှေ သေ​တဲ့​အချိန်​မှာ အသက် ၁၂​၀ ရှိပြီ။

ယေဟောဝါက ယောရှု​ကို ‘ခါနန်ပြည်​ထဲ​ဝင်​ဖို့ ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ပါ။ မောရှေ​ကို ကူညီပေး​ခဲ့​သလို မင်း​ကို ငါ ကူညီ​မယ်။ နေ့တိုင်း ငါ့​ပညတ်​ကို ဖတ်ပါ။ မကြောက်​နဲ့၊ ရဲရင့်​ပါ။ ငါ​ပြောတဲ့​အတိုင်း လုပ်ပါ’ လို့ ပြောတယ်။

ယေရိခေါ​မြို့​ဆီ သူလျှို​နှစ်ယောက်​ကို ယောရှု လွှတ်လိုက်တယ်။ အဲဒီမှာ ဘာတွေ​ဖြစ်သလဲ​ဆိုတာ နောက်​အခန်းက ပြောပြ​မယ်။ သူလျှို​တွေ​ပြန်လာတဲ့​အခါ ခါနန်ပြည်​ထဲ​ဝင်ဖို့ အချိန်​ကောင်း​ပဲလို့ ပြော​ကြ​တ​ယ်။ နောက်​နေ့​မှာ ယောရှုက စခန်း​သိမ်း​ဖို့ လူတွေကို ပြောတယ်။ ပြီးတော့ ဂျော်ဒန်​မြစ်​ကို​ဖြတ်ဖို့ ပဋိညာဉ်သေတ္တာ​သယ်​ရတဲ့ ပုရောဟိတ်တွေကို ရှေ့ကနေ သွားခိုင်းတယ်။ အဲဒီအချိန်​မှာ မြစ်ရေ လျှံနေတယ်။ ဒါပေမဲ့ ပုရောဟိတ်တွေ ရေ​ထဲ​ခြေချ​လိုက်တာ​နဲ့ တစ်ဖက်က မြစ်ရေ​တ​န့်​သွားပြီး တစ်ဖက်​က​ရေ​တွေ ဆက်စီးဆင်းသွား​လို့ ရေခန်းသွားတယ်။ အစ္စရေးတွေ တစ်ဖက်ကမ်းကူးနေတုန်း ပုရောဟိတ်တွေဟာ မြစ်​ကြမ်းပြင်​အလယ်​မှာ ရပ်​နေကြတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်​က ပင်လယ်နီ​မှာ ယေဟောဝါ လုပ်ပေးခဲ့တာ​ကို ပြန်သတိရစေတယ် မဟုတ်လား။

နှစ်တွေ​အတော်ကြာ​ပြီးနောက် ကတိပေး​ထားတဲ့​ပြည်​ထဲ အစ္စရေးတွေ ရောက်လာ​ကြပြီ။ ဒီတော့ အိမ်​တွေ၊ မြို့​တွေ တည်ဆောက်​နိုင်ကြ​ပြီ။ လယ်​တွေ၊ စပျစ်ခြံ​တွေ၊ သစ်သီးခြံ​တွေ စိုက်ပျိုး​နိုင်ကြ​ပြီ။ အဲဒီ​ပြည်​ဟာ နို့​နဲ့​ပျားရည် စီး​တဲ့​ပြည်ပါ။

“ငါ​ယေဟောဝါက မင်း​တို့​ကို အမြဲ​ဦးဆောင်​မယ်။ ခြောက်သွေ့​တဲ့ ပြည်မှာတောင် မင်း​တို့​ကို စိတ်ကျေနပ်​စေမယ်။”—ဟေရှာယ ၅၈:၁၁