မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၁

ယောရှုနဲ့ ဂိဗောင်မြို့သားတွေ

ယောရှုနဲ့ ဂိဗောင်မြို့သားတွေ

ယေရိခေါ​မြို့ သတင်း​ဟာ ခါနန်ပြည်​က တခြား​လူမျိုး​တွေဆီ​အထိ ပျံ့နှံ့​သွားတယ်။ ဒီတော့ အစ္စရေးလူမျိုး​ကို ဘုရင်​ငါးပါး​က ပူးပေါင်း​တိုက်ခိုက်​ဖို့ ဆုံးဖြတ်​တ​ယ်။ ဂိဗောင်​မြို့သား​တွေကတော့ သူတို့နဲ့​မပူးပေါင်း​ချင်​ဘဲ ယောရှု​ဆီ ဟောင်းနွမ်း​စုတ်ပြဲ​နေတဲ့ အဝတ်​တွေကို ဝတ်ပြီး သွား​ကြ​တ​ယ်။ ‘ကျွန်တော်တို့ အဝေးကြီး​က လာ​တာပါ။ ယေဟောဝါ​အကြောင်း ကြားဖူး​တ​ယ်။ အီဂျစ်ပြည်​နဲ့ မောဘ​ပြည်​မှာ ခင်ဗျား​တို့အတွက် ကိုယ်တော် လုပ်ပေး​သမျှကို ကြားတယ်။ ကျွန်တော်တို့ကို မ​တိုက်​ပါနဲ့။ ခင်ဗျား​တို့ဆီ​မှာ ကျွန်ခံ​ပါ့​မယ်’ လို့ပြောတယ်။

ယောရှုက သူတို့ကို​ယုံ​ပြီး မ​တိုက်​ဘူးလို့ ကတိ​ပေးတယ်။ သုံးရက်ကြာ​တော့ ဒီလူတွေ​ဟာ ရပ်​ဝေး​က မဟုတ်ဘဲ ခါနန်ပြည်​က​လူတွေ​ဆိုတာ သိသွား​တ​ယ်။ ဒါနဲ့ ယောရှုက ‘ငါ​တို့​ကို ဘာကြောင့် လိမ်ပြော​တာလဲ’ လို့​မေး​တော့ ဂိဗောင်​မြို့သား​တွေ​က ‘ကြောက်​လို့​ပါ။ ခင်ဗျားတို့ရဲ့ ဘုရား ယေဟောဝါဟာ ခင်ဗျား​တို့အတွက် စစ်တိုက်​ပေးနေမှန်း သိတယ်။ ကျွန်တော်တို့ကို မ​သတ်​ပါနဲ့’ လို့ပြောတယ်။ ယောရှုက သူတို့ကို ကတိပေး​ထားတဲ့​အတိုင်း အသက်ချမ်းသာ​ပေး​လိုက်တယ်။

မကြာခင်​မှာ ခါနန်​ဘုရင် ငါးပါး​နဲ့ သူတို့ရဲ့ စစ်တပ်​တွေက ဂိဗောင်မြို့သားတွေကို လာခြိမ်းခြောက်​တ​ယ်။ သူတို့ကို ကယ်ဖို့ ယောရှု​နဲ့ သူ့​စစ်တပ်​က တစ်ည​လုံး ချီတက်လာတယ်။ နောက်​နေ့ မနက်စောစော စစ်တိုက်​ကြပါ​လေရော။ ခါနန်လူမျိုး​တွေ စစ်​ရှုံး​ပြီး ထွက်ပြေး​နေကြ​တဲ့အခါ ယေဟောဝါက သူတို့​အပေါ် မိုးသီးကြီးတွေ ကျ​စေတယ်။ အဲဒီ​နေ့​မှာ ယောရှုက နေကို ရပ်နေ​စေဖို့ ယေဟောဝါ​ဆီ တောင်းဆို​တ​ယ်။ နေ​ဟာ တစ်ခါ​မှ မရ​ပ်​ဖူး​ဘဲ​နဲ့ ယေဟောဝါကို ဘာကြောင့် အဲဒီလို တောင်းဆိုတာလဲ။ ယေဟောဝါကို ယောရှု ယုံကြည်ကိုးစား​တဲ့​အတွက် ဖြစ်တယ်။ အဲဒီတစ်နေ့လုံး နေ​မဝင်​လို့ ခါနန်​ဘုရင်တွေ​နဲ့ သူတို့ရဲ့ စစ်တပ်​တွေကို အစ္စရေးတွေ အနိုင်ယူနိုင်ခဲ့တယ်။

“ဟုတ်​ရင် ‘ဟုတ်​တ​ယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါ​ပဲ​ပြောပါ။ ဒီထက်​ပို​တဲ့ စကားဟာ ဆိုးညစ်သူ​ဆီက လာတာပဲ။”—မဿဲ ၅:၃၇