မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၂

ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်

ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်

ယေဟောဝါ​လူမျိုး​ကို နှစ်​အတော်ကြာ ဦးဆောင်​ခဲ့တဲ့ ယောရှု အသက် ၁၁၀ မှာ သေဆုံးသွားတယ်။ သူ အသက်ရှင်နေ​သ​ရွေ့ ယေဟောဝါကို အစ္စရေးတွေ ကိုးကွယ်​တ​ယ်။ ဒါပေမဲ့ ယောရှု မရှိတော့​တဲ့အခါ ခါနန်​လူမျိုး​တွေလို ရုပ်တု​တွေ ကိုးကွယ်​လာတယ်။ အစ္စရေး​တွေဟာ ယေဟောဝါ​နောက် မလိုက်​တော့​တဲ့​အတွက် ခါနန်​ဘုရင် ယာဘိန်​ဟာ သူတို့ကို နှိပ်စက်​တော့​တ​ယ်။ လူတွေ​က ယေဟောဝါ​ဆီ အကူအညီတောင်း​ဆို​တဲ့အခါ ခေါင်းဆောင်​အသစ် ဗာရက်​ကို ကိုယ်တော် လွှတ်ပေးတယ်။ ဒီ​ခေါင်းဆောင်​က လူတွေကို ယေဟောဝါ​ဆီ ပြန်လာ​စေ​မှာ ဖြစ်တယ်။

ပရောဖက်​မ ဒေဗောရ​က ဗာရက်​ကို လူ​လွှတ်​ခေါ်​ပြီး သူ့ကို ယေဟောဝါ​ဆီက ဒီ​သတင်း​ကို ပေးတယ်။ ‘လူ ၁၀,၀​၀​၀ ကို​ခေါ်​ပြီး ချီတက်​ပါ။ ကိရှုန်​သဲ​ချောင်း​မှာ ယာဘိန်​မင်း​ရဲ့ ဗိုလ်ချုပ် သိသရ​ကို မင်း​အနိုင်ရ​မယ်။’ ဒီ​အခါ ဒေဗောရ​ကို ဗာရက်​က ‘အစ်မ လိုက်​မှ ကျွန်တော်​သွားမယ်’ လို့ပြော​တော့၊ ဒေဗောရ​က ‘ကောင်း​ပြီ၊ လိုက်ခဲ့​မယ်။ ဒါပေမဲ့ သိသရ​ကို မင်း​သတ်​ခွင့်​ရမှာ မဟုတ်ဘူး။ ယေဟောဝါ​ဘုရားက အမျိုးသမီး​တစ်ယောက်​ကို သတ်​ခွင့်​ပေး​လိမ့်မယ်’ တဲ့။

စစ်တိုက်​ဖို့ ပြင်ဆင်​တဲ့အခါ ဒေဗောရ​က တာဗော်​တောင်​ကို ဗာရက်စစ်တပ်နဲ့ လိုက်သွားတယ်။ ဒီ​သတင်း​ကို သိသရ ကြား​တာနဲ့ စစ်မြင်းရထား​နဲ့ စစ်သည်​အားလုံးကို တောင်ခြေက ချိုင့်ဝှမ်း​မှာ စု​လိုက်တယ်။ ဒီ​နောက် ဗာရက်​ကို ဒေဗောရ​က ‘ဒီနေ့၊ ယေဟောဝါက မင်း​ကို စစ်နိုင်​စေ​လိမ့်မယ်’ လို့ပြောတယ်။ ဗာရက်​လည်း ပါ​လာတဲ့​လူ ၁၀,၀​၀​၀ နဲ့အတူ သိသရ​ရဲ့ အင်အားကြီး​စစ်တပ်​ကို တိုက်ခိုက်​ဖို့ တောင်ပေါ်​က​နေ ဆင်းလာတယ်။

အဲဒီအချိန်​မှာ၊ ယေဟောဝါက ကိရှုန်​ချောင်း​ကို ရေ​ကြီး​စေတဲ့​အတွက် သိသရ စစ်မြင်းရထား​တွေ ရွှံ့ဗွက်​ထဲ နစ်​ကုန်​ရော။ နောက်ဆုံး၊ သိသရ​ဟာ မြင်းရထားပေါ်က ဆင်း​ပြီး ခြေကျင် ထွက်ပြေး​ရတော့​တ​ယ်။ ဗာရက်​နဲ့ သူ့စစ်သားတွေ​ကြောင့် သိသရ​ရဲ့​စစ်သည်​တွေ ကျဆုံး​ကုန်​တ​ယ်။ သိသရ​ဟာ ထွက်ပြေး​သွားပြီး ယေ​လ​ရဲ့​တဲ​မှာ ပုန်း​နေတယ်။ ယေ​လ​က နို့​တစ်ခွက်​တိုက်​ပြီး စောင်ခြုံ​ပေးတယ်။ မောပန်း​နေတဲ့ စစ်ဗိုလ်ချုပ် အိပ်မောကျ​သွားတဲ့​အခါ ယေ​လ​က အနား​ကို အသာလေး​သွားပြီး တဲငုတ်တိုင်​ကို နားထင်​က​နေ မြေကြီး​ထဲ စိုက်​ဝင်​တဲ့​အထိ ရိုက်သွင်း​လိုက်တယ်။ ဒါနဲ့ သူ​သေသွား​တယ်။

အဲဒီအချိန်​မှာ သိသရ​ကို လိုက်ရှာ​နေတဲ့ ဗာရက်​ရောက်လာ​တော့ ယေ​လ​က ထွက်ကြိုပြီး ‘လာ​ပါ။ ရှင်​လိုက်ရှာ​နေတဲ့​လူ​ကို ကျွန်မ​ပြ​မယ်’ တဲ့။ ဗာရက်​က တဲ​ထဲ​ဝင်ကြည့်​တဲ့အခါ သိသရ သေ​နေတာကို တွေ့​လိုက်တယ်။ အစ္စရေးတွေ စစ်နိုင်​လို့ ဒေဗောရ​နဲ့ ဗာရက်​တို့​က သီချင်းဆို​ပြီး ယေဟောဝါကို ချီးမွမ်း​ကြ​တ​ယ်။ ဒါနဲ့​ပဲ နောက်​အနှစ် ၄၀ လုံးလုံး အစ္စရေးတွေ အေးအေးဆေးဆေး နေနိုင်​ကြ​တ​ယ်။

“သတင်းကောင်း ကြေညာ​တဲ့ အမျိုးသမီးတွေ​ဟာ အတိုင်းမသိ များပြား​တ​ယ်။”—ဆာလံ ၆၈:၁၁