မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၃

ရုသနဲ့ နောမိ

ရုသနဲ့ နောမိ

အစ္စရေး​နိုင်ငံမှာ အငတ်ဘေး​ဆိုက်​တုန်းက အစ္စရေး​အမျိုးသမီး နောမိ​ဟာ သူ့​ယောက်ျား၊ သူ့​သား​နှစ်ယောက်​နဲ့ မောဘ​ပြည်​ကို ပြောင်းရွှေ့​သွားတယ်။ နောက်ပိုင်းမှာ သူ့​ယောက်ျား သေသွား​တ​ယ်။ မောဘ​အမျိုးသမီး သြရပ​နဲ့ ရုသ​ကို သားတွေ လက်ထပ်​ယူ​ထားတယ်။ တော်တော်​ကြာ​တော့ နောမိ​ရဲ့ သားတွေ​လည်း သေဆုံးသွားတယ်။

အစ္စရေး​နိုင်ငံမှာ အစာရေစာ ပေါ​ပြီ​လို့ နောမိ​သတင်းရ​တဲ့အခါ ပြန်သွား​ဖို့ ဆုံးဖြတ်​တယ်။ ရုသ​နဲ့ သြရပ​လည်း လိုက်​သွားတယ်။ ဒါပေမဲ့ လမ်းခရီး​မှာ သူတို့ကို နောမိ​က ‘သမီး​တို့​နှစ်ယောက်စလုံး​ဟာ ဇနီးကောင်း​တွေ၊ ချွေးမ​ကောင်း​တွေပဲ။ သမီး​တို့​ကို နောက်​အိမ်ထောင်ပြု​စေချင်တယ်။ မောဘ​ပြည်​ကို ပြန်သွား​ကြ’ လို့ပြောတယ်။ သူတို့က ‘ကျွန်မတို့ အမေ့​ကို ချစ်တယ်။ မ​ခွဲ​ချင်ဘူး’ တဲ့။ နောမိ​က​တော့ ပြန်သွား​ကြ​ဖို့ ဆက်တိုက်​တွန်း​တ​ယ်။ နောက်ဆုံး၊ သြရပ ပြန်သွား​တ​ယ်။ ရုသ​က​တော့ မပြန်​ဘူး။ ဒါနဲ့ ရုသ​ကို နောမိ​က ‘သြရပ​ဟာ သူ့​လူမျိုး၊ သူ့ဘုရားတွေဆီ ပြန်သွား​ပြီ။ သူနဲ့ ပြန်လိုက်သွားပါ။ ကိုယ့်အမေအိမ်ကို ပြန်​ပါ’ လို့ပြော​တော့ ရုသ​က ‘အမေနဲ့ မ​ခွဲ​ဘူး။ အမေ့လူမျိုး​က ကျွန်မ​လူမျိုး​ပဲ။ အမေ့​ဘုရားက ကျွန်မ​ဘုရား​ပါ’ လို့ဖြေတယ်။ အဲဒီလို ရုသ ပြောလိုက်​တော့ နောမိ ဘယ်လို​ခံစားရ​မလဲ။

ရုသ​နဲ့ နောမိ​ဟာ မုယော​စပါး ရိတ်သိမ်း​ခါ​စ​အချိန်​မှာ အစ္စရေး​နိုင်ငံ​ကို ပြန်ရောက်​လာကြတယ်။ တစ်နေ့​ကျတော့ ရုသ​ဟာ ရာခပ်​ရဲ့​သား ဗောဇ​လို့ခေါ်တဲ့​သူရဲ့ လယ်ထဲ​မှာ ကောက်သင်း​သွား​ကောက်​တ​ယ်။ ရုသ​ဟာ နောမိ​နောက် လိုက်​လာခဲ့တဲ့ သစ္စာရှိ မောဘ​အမျိုးသမီး​ဖြစ်မှန်း ဗောဇ​ကြား​ထားတယ်။ ရုသ​အတွက် ကောက်နှံ​တချို့ ချထား​ပေးဖို့ အလုပ်သမား​တွေကို ဗောဇ​မှာ​တ​ယ်။

အဲဒီ​ညနေ​မှာ ရုသ​ကို နောမိ​က ‘ဒီ​က​နေ့ ဘယ်သူ့​လယ်ထဲ​မှာ အလုပ်လုပ်​ခဲ့​သလဲ’ လို့​မေး​တော့ ရုသ​က ‘ဗောဇ​လို့ခေါ်တဲ့​သူရဲ့ လယ်ထဲ​မှာ’ လို့ဖြေတယ်။ ဒါနဲ့ နောမိ​က ‘ဗောဇ​ဟာ အမေတို့​ရဲ့ အမျိုး​ပဲ။ တခြား​အမျိုးသမီးတွေ​နဲ့အတူ သူ့လယ်​မှာ ဆက်​အလုပ်လုပ်​နေ​ပါ။ အဲဒီမှာ လုံခြုံ​တ​ယ်’ တဲ့။

ရုသလည်း ရိတ်သိမ်းချိန်​ပြီး​တဲ့​အထိ ဗောဇ​ရဲ့ လယ်​မှာ ဆက်​အလုပ်​လုပ်တယ်။ ရုသ​ဟာ အလုပ်ကြိုးစား​တဲ့ မိန်းမကောင်း​တစ်ယောက် ဖြစ်တာ​ကို ဗောဇ သတိထား​မိတယ်။ အဲဒီခေတ်​တုန်းက ယောက်ျား​တစ်ယောက် သေသွား​လို့ သားမရှိဘူး​ဆိုရင် အမျိုး​တစ်ယောက်က သူ့​မိန်းမ​ကို လက်ထပ်​ရတယ်။ ဒါကြောင့် ဗောဇ​ဟာ ရုသ​ကို လက်ထပ်​လိုက်တယ်။ သူတို့ဟာ သြဗက်​လို့ခေါ်တဲ့ သားတစ်ယောက်​ရတယ်။ နောက်ပိုင်းမှာ သူတို့​သားက ဒါဝိဒ်​မင်းကြီး​ရဲ့ အဘိုး ဖြစ်လာတယ်။ နောမိ​သူငယ်ချင်း​တွေ​က အရမ်း​ဝမ်းသာ​ကြတယ်။ သူတို့က ‘ယေဟောဝါဟာ ရှင့်​ကို အရင်ဆုံး တကယ်​တော်​တဲ့ ရုသ​ကို ပေးတယ်။ အခု မြေးလေး​ပေး​ပြန်​ပြီ။ ယေဟောဝါကို ချီးမွမ်းကြပါ’ လို့ပြောတယ်။

“ညီအစ်ကို​ထက် တွယ်တာ​တဲ့ မိတ်ဆွေလည်း ရှိတယ်။”—ပညာအလိမ္မာ ၁၈:၂၄