မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၄

ဂိဒေါင် မိဒျန်လူမျိုးကို နှိမ်နင်း

ဂိဒေါင် မိဒျန်လူမျိုးကို နှိမ်နင်း

ကြာ​လာ​တော့ အစ္စရေး​တွေဟာ ယေဟောဝါကို ကျောခိုင်း​ပြီး တခြား​ဘုရားတွေကို ကိုးကွယ်ကြတယ်။ မိဒျန်​လူမျိုးဟာ ခုနစ်နှစ်​လုံးလုံး အစ္စရေး​တွေရဲ့ သိုး​နွား​တိရစ္ဆာန်တွေ​ကို လုယူ​တ​ယ်၊ စားပင်​တွေကို ဖျက်ဆီး​တ​ယ်။ မိဒျန်​တွေရဲ့ ရန်​ကို ရှောင်​ဖို့ အစ္စရေး​တွေဟာ ဂူတွေထဲ၊ တောင်​တွေ​ပေါ် တက်​နေထိုင်​ကြရတယ်။ ဒါကြောင့် သူတို့ကို ကယ်​ပါ​လို့ ယေဟောဝါကို အသနားခံ​ကြ​တ​ယ်။ ဒါနဲ့ ယေဟောဝါက လူငယ် ဂိဒေါင်​ဆီ ကောင်းကင်တမန်​တစ်ပါး​လွှတ်​ပြီး ‘ခွန်အားကြီး​တဲ့ စစ်သူရဲ​ဖြစ်ဖို့ မင်း​ကို ယေဟောဝါဘုရား ရွေး​တ​ယ်’ လို့ ပြောခိုင်းတယ်။ ဒါပေမဲ့ ဂိဒေါင်​က ‘ကျွန်တော်က အစ္စရေး​တွေကို ဘယ်လို​လုပ် ကယ်တင်​နိုင်မှာလဲ။ ကျွန်တော်က အရေးမပါ​တဲ့​လူ​ပါ’ လို့​ပြန်ပြောတယ်။

ယေဟောဝါက သူ့ကို​ရွေး​တယ်ဆိုတာ ဂိဒေါင် ဘယ်လို သိ​မလဲ။ မြေကြီး​ပေါ်မှာ သိုးမွေး​ချထား​ပြီး ယေဟောဝါကို သူက ‘နောက်​နေ့​မနက်​မှာ သိုးမွေး​ပေါ်​မှာပဲ နှင်း​ကျပြီး ပတ်လည်​မြေပြင်​က ခြောက်သွေ့​နေမယ်​ဆိုရင် အစ္စရေး​တွေကို ကယ်တင်​စေချင်တယ်​ဆိုတာ သိရပါလိမ့်မယ်’ လို့ပြောတယ်။ နောက်​နေ့ မနက်​မှာ သိုးမွေး​က စိုရွှဲ​နေ​ပြီး ပတ်ပတ်လည်​မြေပြင်​ကျတော့ ခြောက်သွေ့​နေတယ်။ ဒါနဲ့ ဂိဒေါင်​က ‘နောက်​နေ့​မနက်​မှာ သိုးမွေးက ခြောက်သွေ့​ပြီး ပတ်လည်​မြေပြင်​က စို​နေ​ပါစေ’ လို့ ထပ်တောင်းဆို​တယ်။ အဲဒီ​အတိုင်း ဖြစ်ပျက်​တာ​ကို​တွေ့​တော့ သူ့ကို ယေဟောဝါ ရွေးချယ်​မှန်း သေချာ​သွားတယ်။ ဒီတော့ မိဒျန်​တွေကို တိုက်ခိုက်​ဖို့ စစ်သားတွေ စုဆောင်း​လိုက်တယ်။

ဒီ​အခါ ယေဟောဝါက ‘အစ္စရေး​တွေကို ငါ စစ်နိုင်​စေ​မှာပါ။ ဒါပေမဲ့ မင်း​မှာ စစ်သားတွေ များ​လွန်း​နေတဲ့​အတွက် မင်း​က ကိုယ့်​အင်အား​နဲ့​ကိုယ် စစ်နိုင်တာလို့ ကြွား​မှာ​စိုး​လို့ ကြောက်​တဲ့​သူ​ကို အိမ်ပြန်​ခိုင်းပါ’ လို့ပြောတယ်။ ဒါနဲ့ စစ်သား ၂၂,၀​၀​၀ ပြန်သွား​တ​ယ်။ ၁၀,၀​၀​၀ ကျန်​ခဲ့တယ်။ ယေဟောဝါက ‘များနေသေးတယ်။ စမ်း​ချောင်း​ကို ခေါ်​သွားပြီး ရေ​သောက်​ခိုင်းပါ။ ရေသောက်ရင်း ရန်သူ​ရှိ​မရှိ သတိထား​သူတွေကို​ပဲ အသုံးပြုပါ’ လို့ပြော​တော့ လူ ၃၀​၀ ပဲ အဲဒီလို ရေ​သောက်​တာ တွေ့ရတယ်။ ဒီ​နောက် ယေဟောဝါက မိဒျန်စစ်သား ၁၃၅,၀​၀​၀ ကို အဲဒီ​လူနည်းစု​လေး​နဲ့ စစ်နိုင်​မယ်လို့ ကတိ​ပေးတယ်။

ည​တွင်း​ချင်း​ပဲ ဂိဒေါင်​ကို ယေဟောဝါက ‘မိဒျန်​လူတွေကို အခု တိုက်​ပါ’ လို့ အမိန့်​ပေးတယ်။ ဂိဒေါင်​က သူ့​လူတွေကို တံပိုး​တွေနဲ့ မီးတုတ်​ထည့်​ထားတဲ့ မြေအိုး​ကြီး​တွေ​ပေးပြီး ‘ငါ့ကို​ကြည့်​နေ။ ငါ​လုပ်​တဲ့​အတိုင်း လိုက်လုပ်​ကြ’ လို့​မှာ​တ​ယ်။ ဂိဒေါင်​က တံပိုးမှုတ်​ပြီး မြေအိုး​ကို ရိုက်ခွဲ​လိုက်တယ်။ မီးတုတ်​ကို မြှောက်​ပြီး ‘ယေဟောဝါနဲ့ ဂိဒေါင်ရဲ့​ဓား’ လို့​အော်​တဲ့​အတိုင်း လူ ၃၀​၀ လိုက်လုပ်​တ​ယ်။ မိဒျန်​လူတွေ​လည်း ကြောက်​အား​လန့်​အား​နဲ့ လျှောက်​ပြေး​ကြ​တော့တယ်။ ဒီလိုဖရိုဖရဲ​ဖြစ်နေ​တုန်း​မှာ သူတို့​အချင်းချင်း တိုက်ခိုက်​ကြ​ရော။ ဒါနဲ့​ပဲ ယေဟောဝါက အစ္စရေးတွေကို စစ်နိုင်​စေခဲ့တယ်။

“သာမန်​ထက်​ထူးကဲ​တဲ့ တန်ခိုး​ဟာ ကျွန်တော်တို့ဆီက မဟုတ်ဘဲ ဘုရားသခင်​ဆီက​မှန်း ထင်ရှားတယ်။”—၂ ကောရိန္သု ၄:၇