မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၅

ဟန္န သားလေးမွေးဖို့ ဆုတောင်း

ဟန္န သားလေးမွေးဖို့ ဆုတောင်း

အစ္စရေး​လူ ဧလကာန​မှာ မိန်းမ​နှစ်ယောက်​ရှိတယ်။ သူတို့​နာမည်က ဟန္န​နဲ့ ပေနိန္န​တဲ့။ ဧလကာန​က ဟန္န​ကို ပို​ချစ်​တ​ယ်။ ဒါပေမဲ့ ဟန္န​မှာ သားသမီး​မရှိ​လို့ ကလေး​အများကြီး​ရှိတဲ့ ပေနိန္န​က သူ့ကို မခံနိုင်​အောင် အမြဲ​ပြောလေ့ရှိ​တ​ယ်။ ဧလကာန​က သူ့​မိသားစု​ကို တဲတော်​ရှိတဲ့ ရှိလော​မြို့​ဆီ နှစ်​တိုင်း ခေါ်​သွားတယ်။ တစ်ခေါက်၊ သူတို့ အဲဒီ​ကို ရောက်နေ​တုန်း ချစ်​ရတဲ့​ဇနီး ဟန္န ဝမ်းနည်း​နေတာ ဧလကာန သတိပြုမိတယ်။ ဒါနဲ့ သူက ‘ဟန္န​ရယ်၊ မ​ငို​ပါနဲ့။ ငါ​ရှိ​တာပဲ။ နင့်ကို ငါချစ်တယ်​လေ’ လို့​နှစ်သိမ့်ပေး​တာပေါ့။

နောက်တော့၊ ဟန္န​ထွက်သွားပြီး တစ်ယောက်တည်း သွား​ဆုတောင်း​နေတယ်။ သူ့ကိုသနား​ပါလို့ ယေဟောဝါ​ဆီ ဆုတောင်း​နေရင်း ငိုပဲငိုနေတယ်။ ‘ယေဟောဝါ၊ ကျွန်မကို သားလေး​ပေးမယ်​ဆိုရင် ကိုယ်တော့်ကို ပေးဆက်​ပါ့​မယ်။ သူ့တစ်သက်တာ​လုံး ကိုယ်တော့်​အမှု​ကို ထမ်းဆောင်​စေမယ်’ ဆိုပြီး ဟန္န​ကတိ​ပေးတယ်။

ပုရောဟိတ်မင်း ဧလိက ဟန္န​ငို​နေတာကို​တွေ့​ပြီး အရက်မူးနေတယ်​လို့ ထင်​သွားတယ်။ ဟန္န​က ‘ကျွန်မ အရက်မူး​တာ မဟုတ်ပါဘူး။ ကျွန်မ​စိတ်ဆင်းရဲ​လွန်း​လို့ ယေဟောဝါကို ပြောပြ​နေ​တာပါ’ တဲ့။ ဒါနဲ့ ဧလိက သူ​မှား​မှန်း​သိ​ပြီး ‘မင်း​လိုချင်​တာ​ကို ယေဟောဝါ ပေးပါစေ’ လို့ ပြောတယ်။ ဒီ​နောက်၊ ဟန္န​စိတ်သက်သာ​သွားပြီး ပြန်သွား​တ​ယ်။ တစ်နှစ်အတွင်းမှာပဲ သားလေး​မွေး​တော့ ရှမွေလ​လို့ နာမည်​ပေးတယ်။ ဟန္န ဘယ်လောက်​ပျော်​လိုက်​မလဲ စဉ်းစားကြည့်ပါ။

ယေဟောဝါကို ပေးထား​တဲ့ ကတိ​ကို ဟန္န မမေ့​ဘူး။ ရှမွေလ​လေး​ကို နို့​ဖြတ်​ပြီး​တာနဲ့ တဲတော်​ကို ခေါ်လာ​တ​ယ်။ ပြီးတော့ ဧလိ​ကို သူက ‘ဒီ​သားလေး​ကိုရဖို့ ကျွန်မ​ဆုတောင်း​ခဲ့တာ။ သူ့ကို ယေဟောဝါ​ဆီ တစ်သက်လုံး ပေးအပ်​လိုက်​ပြီ’ လို့ပြောတယ်။ ဧလကာန​နဲ့ ဟန္န​တို့ဟာ ရှမွေလ​ဆီ နှစ်​တိုင်း​သွားပြီး လက်ပြ​တ်​ဝတ်ရုံ​တစ်ထည် ယူသွား​ပေးတယ်။ ယေဟောဝါက ဟန္နကို သား​သုံးယောက်​နဲ့ သမီး​နှစ်ယောက် ထပ်​ပေးတယ်။

“တောင်း​မြဲ​တောင်း​ပါ၊ ရ​လိမ့်မယ်။ ရှာ​မြဲ​ရှာ​ပါ၊ တွေ့​လိမ့်မယ်။” —မဿဲ ၇:၇