မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၆

ယေဖသရဲ့ ကတိ

ယေဖသရဲ့ ကတိ

ယေဟောဝါကို အစ္စရေးတွေ စွန့်ပြီး တခြား​ဘုရားတွေ​ကို ကိုးကွယ်​ကြတယ်။ အမ္မုန်လူတွေက အစ္စရေး​တွေကို လာ​တိုက်ခိုက်​တဲ့အခါ အဲဒီ​ဘုရားတွေ​က သူတို့ကို မကူညီဘူး။ ဒါနဲ့ အစ္စရေးတွေ​က နှစ်​အတော်ကြာ ဆင်းရဲဒုက္ခ ခံ​နေကြ​ရတယ်။ နောက်ဆုံးတော့၊ ယေဟောဝါကို သူတို့က ‘ကျွန်တော်တို့ ပြစ်မှား​ပါ​ပြီ။ ရန်သူ​တွေ လက်ထဲကနေ ကျွန်တော်တို့ကို ကယ်နုတ်​ပါ’ လို့ အသနားခံ​တ​ယ်။ အစ္စရေးတွေ​က သူတို့ရဲ့ ရုပ်တု​တွေကို ဖျက်ဆီး​လိုက်​ပြီး ယေဟောဝါကို ပြန်​ကိုးကွယ်​တ​ယ်။ သူတို့ ဒုက္ခခံ​နေရတာ​ကို ယေဟောဝါ မကြည့်​ရက်​တော့ဘူး။

အမ္မုန်​လူတွေကို ထွက်​တိုက်ခိုက်​ဖို့ ယေဖသ​လို့ခေါ်တဲ့ စစ်သူရဲ​တစ်ယောက်​ကို ရွေးကြတယ်။ ဒီ​အခါ ယေဟောဝါကို သူက ‘ဒီ​စစ်​ကို အနိုင်ရ​စေမယ်​ဆိုရင် ကျွန်တော် အိမ်ပြန်ရောက်​တဲ့အခါ အရင်ဆုံး ထွက်​ကြို​တဲ့​သူ​ကို ကိုယ်တော့်ကို ဆက်သ​ပါ့​မယ်’ လို့ပြောတယ်။ ယေဟောဝါက ယေဖသ​ရဲ့ ဆုတောင်းသံ​ကို နားထောင်ပြီး စစ်နိုင်​ဖို့ ကူညီပေး​တာပေါ့။

ယေဖသ အိမ်ပြန်ရောက်​တော့ သူ့ကို အိမ်​ထဲကနေ အရင်ဆုံး ထွက်လာ​ပြီး ကြိုဆို​တဲ့​သူက သူ့ရဲ့ တစ်ဦးတည်း​သမီးလေး ဖြစ်တယ်။ သူက ချူတပ်ဗုံ​ကို တီး​ရင်း ကခုန်​ပြီး လာကြို​တ​ယ်။ ဒီ​အခါ ယေဖသ ဘာလုပ်သလဲ။ သူ့ရဲ့​ကတိ​ကို သတိရ​ပြီး ‘အို​သမီး​ရယ်၊ အဖေ ရင်​ကွဲ​ရ​ပြီ။ ယေဟောဝါကို အဖေ ကတိပေး​ထားတယ်။ အဲဒီ​ကတိတည်​ဖို့ သမီးလေး​ကို ရှိလော​မြို့​က တဲတော်​မှာ အမှုထမ်း​ဖို့ ပို့​လိုက်ရ​တော့မှာပါ​လား’ ဆိုပြီး ပြော​တော့ သမီး​က ဒီလို​ပြန်ပြောတယ်။ ‘အဖေ၊ ယေဟောဝါကို ကတိပေး​ထားတယ်​ဆိုရင် ကတိတည်​ရမယ်​လေ။ ကျွန်မ တောင်းဆို​ချင်တာ တစ်ခု​ပဲ၊ နှစ်​လ​လောက် သူငယ်ချင်း​တွေနဲ့ တောင်ပေါ်​မှာ သွား​နေ​ပါ​ရစေ။ ပြီးရင် ကျွန်မ​သွား​ပါ့​မယ်။’ ယေဖသ​ရဲ့​သမီး​ဟာ တဲတော်​မှာ တစ်သက်လုံး အမှုထမ်း​ခဲ့တယ်။ သူ့ဆီကို သူငယ်ချင်း​တွေ​က နှစ်​တိုင်း သွားလည်​တ​ယ်။

“ကျွန်တော့်​ထက် သားသမီးကို ပို​ချစ်တဲ့​သူက ကျွန်တော့်​တပည့် မဖြစ်ထိုက်​ဘူး။” —မဿဲ ၁၀:၃၇