မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၃၉

အစ္စရေးနိုင်ငံရဲ့ ပထမဘုရင်

အစ္စရေးနိုင်ငံရဲ့ ပထမဘုရင်

ယေဟောဝါက အစ္စရေး​တွေကို ဦးဆောင်​ဖို့ တရားသူကြီး​တွေ ပေးထား​သားနဲ့ သူတို့က ဘုရင်​တစ်ပါး လိုချင်​တ​ယ်။ ဒါနဲ့ ‘တခြား​လူမျိုး​တွေလို ကျွန်တော်တို့ကို အုပ်ချုပ်​မယ့် ဘုရင်တစ်ပါး ခန့်အပ်​ပေးပါ’ လို့ ရှမွေလ​ကို တောင်းဆို​ကြ​တ​ယ်။ ဒီလို​မ​လုပ်သင့်​ဘူးလို့ ရှမွေလ ထင်​တာနဲ့ အဲဒီ​အကြောင်း ယေဟောဝါကို ဆုတောင်းပြီး ပြောပြတယ်။ ယေဟောဝါက ‘သူတို့ မင်း​ကို ငြင်းပယ်​တာ မဟုတ်ဘူး။ ငါ့ကို ငြင်းပယ်​နေတာ။ သူတို့​တောင်းဆို​တဲ့​အတိုင်း လုပ်ပေးလိုက်။ ဒါပေမဲ့ ဘုရင်​က သူတို့ဆီကနေ အများကြီး​တောင်းဆို​မယ်လို့ ပြောလိုက်’ ဆိုပြီး ရှမွေလ​ကို မိန့်ဆို​တ​ယ်။ ဒါတောင်မှ လူတွေ​က ‘ဘာ​ပဲ​ဖြစ်ဖြစ်၊ ကျွန်တော်တို့ ဘုရင်​လိုချင်တယ်’ တဲ့။

ဒီ​အခါ ယေဟောဝါက ရှောလု​ဟာ ပထမဘုရင်​ဖြစ်​လိမ့်မယ်​လို့ ရှမွေလ​ကို ပြောတယ်။ ဒါနဲ့ ရာ​မ​မြို့မှာ​ရှိတဲ့ ရှမွေလ​ဆီ ရှောလု ရောက်လာတဲ့​အခါ သူ့​ခေါင်း​ပေါ် ဆီလောင်း​ပြီး ဘုရင်အဖြစ် ဘိသိက်ပေး​လိုက်တယ်။

အဲဒီနောက် ရှမွေလ​က ဘုရင်​ကို​ပြဖို့ အစ္စရေး​တွေကို စုဝေးလိုက်တဲ့အခါ ရှောလုကို ရှာ​မ​တွေ့​ကြဘူး။ ဘာ​လို့လဲ​သိလား။ အထုပ်အပိုး​တွေ​ကြား​ထဲမှာ ရှောလု ပုန်းနေလို့ပဲ။ သူ့ကို​ရှာတွေ့​ပြီး လူ​ကြား ခေါ်ထုတ်​လာတဲ့အခါ သူက အားလုံး​ထက် အရပ်​ပို​မြင့်​နေတယ်။ ရုပ်​ကလည်း ချော​တ​ယ်။ ရှမွေလ​က ‘ဒီ​မှာ​ကြည့်​ကြ။ ယေဟောဝါဘုရား ရွေးချယ်​တာ သူ​ပဲ’ လို့ပြော​တော့ လူတွေ​က ‘အရှင်မင်းကြီး အသက်တော်ရှည်ပါစေ’ လို့​ကြွေးကြော်​ကြ​တ​ယ်။

အစ​မှာတော့ ရှောလု​ဟာ ရှမွေလ​ပြောတာကို နားထောင်ပြီး ယေဟောဝါကို နာခံ​တ​ယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြောင်းလဲ​သွားတယ်။ ဥပမာ၊ ဘုရင်​ဆိုတာ ပူဇော်သက္ကာ​တွေ မ​ဆက်သ​ရဘူး။ တစ်ခါ​မှာ၊ ရှမွေလ​က သူ့ကို​စောင့်နေ​ဖို့ ရှောလု​ကို မှာ​ထား​လျက်​နဲ့ ရှမွေလ ရောက်လာ​ဖို့ ကြာနေ​တဲ့​အတွက် သူ့ဘာသာ​သူ ပူဇော်သက္ကာ​တွေ ဆက်သ​လိုက်တယ်။ ရှောလု ဒီလို​လုပ်​တော့ ရှမွေလ ဘာ​လုပ်​သလဲ သိလား။ ရှမွေလ​က ရှောလု​ကို ‘မင်း ယေဟောဝါဘုရား​ပေးတဲ့ ပညတ်​ကို မနာခံ​ဘူး’ လို့ ပြောတယ်။ ဒီ​အမှား​ကြောင့် ရှောလု သင်ခန်းစာ ရ​သလား။

နောက်ပိုင်း၊ အာမလက်​လူတွေကို ရှောလု သွားတိုက်​တော့ ရှမွေလ​က ‘သူတို့​မှာ​ရှိသမျှ အကုန်​ဖျက်ဆီး​ပါ’ လို့ မှာ​တ​ယ်။ ဒါပေမဲ့ ရှောလု​က ဘုရင်​အာဂတ်​ကို မ​သတ်​ဘူး။ ဒါနဲ့ ရှမွေလကို ယေဟောဝါက ‘ရှောလု ငါ့ကို စွန့်​သွား​ပြီ။ ငါ့​စကား​နားမထောင်ဘူး’ လို့ပြောတယ်။ ရှမွေလ ဝမ်းနည်း​သွားတယ်။ ဒါနဲ့ ရှောလု​ကို ရှမွေလ​က ‘မင်း ယေဟောဝါ​စကား နားမထောင်​တော့​တဲ့​အတွက် နောက်ထပ် ဘုရင်​တစ်ပါး​ကို ထပ်​ရွေး​လိမ့်မယ်’ လို့ ပြောပြီး လှည့်ထွက်​သွားတဲ့​အခါ ရှောလု လှမ်းဆွဲ​လိုက်​တော့ ရှမွေလ​ရဲ့ ဝတ်ရုံ စုတ်ပြဲ​သွားတယ်။ အဲဒီအခါ ရှမွေလ​က ‘ယေဟောဝါဟာ ဘုရင့်အာဏာ​ကို မင်း​ဆီကနေ ရုပ်သိမ်း​မယ်’ ဆိုပြီး ပြောတယ်။ ယေဟောဝါကို ချစ်​ပြီး နာခံ​မယ့်​သူ​ကို နိုင်ငံ​ပေး​တော့မှာ ဖြစ်တယ်။

“နာခံ​တာဟာ ပူဇော်သက္ကာ​ထက် ပိုကောင်းတယ်။”—၁ ရှမွေလ ၁၅:၂၂