မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၀

ဒါဝိဒ်နဲ့ ဂေါလျတ်

ဒါဝိဒ်နဲ့ ဂေါလျတ်

ယေဟောဝါက ရှမွေလ​ကို ‘ယေရှဲအိမ်ကို သွားပါ။ သူ့​သားတစ်ယောက်​ဟာ အစ္စရေး​ဘုရင်ဖြစ်လာ​မယ်’ လို့ပြောတယ်။ ဒါနဲ့ ရှမွေလ​လည်း ယေရှဲ​အိမ်​ကို သွားတယ်။ အကြီးဆုံးသား​ကို တွေ့​တဲ့အခါ ‘ဒီလူငယ်ပဲ ဖြစ်​ရမယ်’ လို့ ရှမွေလ တွေး​လိုက်​ပေ​မဲ့ သူ​မဟုတ်ဘူးလို့ ယေဟောဝါ​ပြောတယ်။ ‘လူတွေ​က အပြင်ပန်း​ကိုပဲ ကြည့်​တတ်တယ်။ ငါ​က​တော့ နှလုံးသား​ကို​ကြည့်​တ​ယ်’ လို့ ယေဟောဝါ​ပြောတယ်။

နောက်ထပ် သား ၆ ယောက်ကို ယေရှဲ ခေါ်လာပြတယ်။ ဒါပေမဲ့ ‘ယေဟောဝါ သူတို့ကို မရွေး​ဘူး။ တခြား​သား ရှိသေးလား’ လို့ ရှမွေလ​မေး​တော့ ယေရှဲ​က ‘အငယ်ဆုံး​သား ဒါဝိဒ် ကျန်​သေးတယ်။ သူ သိုး​ကျောင်း​နေတယ်’ လို့ ပြန်ပြောတယ်။ ဒါဝိဒ်​ပြန်လာတဲ့​အခါ ယေဟောဝါက ရှမွေလကို ‘သူ​ပဲ’ လို့ပြော​တဲ့အခါ ရှမွေလ​က ဒါဝိဒ်​ခေါင်း​ပေါ် ဆီလောင်း​ပြီး အစ္စရေး​ဘုရင်အဖြစ် ခန့်အပ်​လိုက်တယ်။

နှစ်​အနည်းငယ်​အကြာ​မှာ အစ္စရေး​တွေဟာ လူထွားကြီး စစ်သူရဲ ဂေါလျတ်​ပါတဲ့ ဖိလိတိ​လူတွေနဲ့ စစ်တိုက်​ဖို့ စစ်ခင်းတယ်။ ဂေါလျတ်​ဟာ အစ္စရေး​တွေကို နေ့တိုင်း လှောင်ပြောင်​တ​ယ်။ ‘ငါ​နဲ့ တိုက်​မယ့်​သူ ထွက်​ခဲ့​စမ်း။ သူ နိုင်ရင် ငါ​တို့ ကျွန်ခံ​မယ်။ ငါ​နိုင်​ရင်​တော့ မင်း​တို့​ကျွန်ခံ​ရမယ်’ လို့ စိန်ခေါ်​တ​ယ်။

ဒါဝိဒ်ဟာ အစ္စရေး​စစ်တပ်​မှာရှိတဲ့ အစ်ကို​တွေဆီ စားစရာ​ယူလာ​ပေး​တဲ့အခါ ဂေါလျတ်​စကားကို ကြား​ပြီး ‘ကျွန်တော် သူနဲ့​တိုက်​မယ်’ လို့ပြောတယ်။ ဘုရင်​ရှောလု​က ‘မင်း​က ချာတိတ်​လေး​ပဲ​ရှိသေး​တာ’ လို့ပြော​တော့ ‘ယေဟောဝါ ကျွန်တော့်ကို ကူညီ​မှာပါ’ လို့​ပြန်ဖြေ​တ​ယ်။

ရှောလု​က သူ့ရဲ့​စစ်​ဝတ်​တန်ဆာ ပေး​ဝတ်​တော့ ဒါဝိဒ်က ‘ဒီဝတ်စုံနဲ့ အဆင်မပြေ​နိုင်​ဘူး’ လို့ ပြောတယ်။ ဒါဝိဒ်ဟာ သူ့လောက်လွှဲ​နဲ့ စမ်းချောင်းဘက် ထွက်​သွားတယ်။ ကျောက်စရစ်​ငါးလုံး​ကို ကောက်​ပြီး လောက်လွှဲ​အိတ်ထဲ ထည့်​လိုက်တယ်။ ပြီးတော့ ဂေါလျတ်​ဆီ ပြေး​သွားတယ်။ ဂေါလျတ်​က ‘လာ​စမ်း၊ ကောင်လေး။ မင်း​ရဲ့​အသား​ကို ငှက်တွေ၊ သားရဲ​တွေ ကျွေး​ပစ်​မယ်’ လို့ ကြိမ်းမောင်း​ပေ​မဲ့ ဒါဝိဒ်​က​တော့ မကြောက်​ဘဲ ဒီလို​ပြန်ပြောတယ်– ‘ခင်ဗျား​က ဓား​တွေ၊ လှံ​တွေနဲ့ လာ​ပေ​မဲ့ ကျွန်တော်က​တော့ ယေဟောဝါ​နာမည်​နဲ့ လာတယ်။ ခင်ဗျား​က ကျွန်တော်တို့​နဲ့​တိုက်​နေတာ မဟုတ်ဘူး။ ဘုရားကို တိုက်ခိုက်​နေတာ။ ယေဟောဝါဟာ ဓား​တွေ၊ လှံ​တွေ​ထက် တန်ခိုးကြီးမှန်း ဒီ​မှာ​ရှိသူ​အားလုံး သိစေရမယ်။ ဘုရားက ခင်ဗျား​တို့အားလုံး​ကို ကျွန်တော်တို့​လက်ထဲ အပ်မယ်။’

ဒါဝိဒ်ဟာ ကျောက်ခဲ​တစ်လုံး​ကို သူ့​လောက်လွှဲ​ထဲ​ထည့်​ပြီး အရှိန်​ပြင်းပြင်း​နဲ့ လွှဲ​ပစ်လိုက်တယ်။ ယေဟောဝါရဲ့ အကူအညီ​နဲ့ ကျောက်ခဲ​ဟာ ဂေါလျတ်​ရဲ့ နဖူး​တည့်တည့် ထိမှန်​သွားတယ်။ လူထွားကြီး လဲကျ​ပြီး သေဆုံး​သွား​ပါ​လေ​ရော။ ဖိလိတိ​လူတွေ​လည်း ထွက်ပြေး​ကြ​တော့​တ​ယ်။ ဒါဝိဒ်လို ယေဟောဝါကို ယုံကြည်အားကိုး​ပါသလား။

“လူတွေ​အတွက် ဒါဟာ မဖြစ်​နိုင်တဲ့​အရာ​ပဲ။ ဘုရားအတွက်​တော့ အဲဒီလို မဟုတ်ဘူး။ ဘုရားသခင်အတွက် အရာအားလုံး ဖြစ်နိုင်တယ်။” —မာကု ၁၀:၂၇