မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၁

ဒါဝိဒ်နဲ့ ရှောလု

ဒါဝိဒ်နဲ့ ရှောလု

ဂေါလျတ်​ကို ဒါဝိဒ် သတ်​ပြီးနောက် ဘုရင်​ရှောလု​က ဒါဝိဒ်​ကို စစ်တပ်​ခေါင်းဆောင် ခန့်​လိုက်တယ်။ ဒါဝိဒ်ဟာ တိုက်ပွဲ​အများကြီး​ကို အနိုင်ရ​လို့ နာမည်ကြီး​လာတယ်။ စစ်ပွဲ​နိုင်ပြီး ဒါဝိဒ်​ပြန်လာတဲ့​အခါတိုင်း အမျိုးသမီးတွေ​က ‘ရှောလု​သတ်​တာ အ​ထောင်​ထောင်၊ ဒါဝိဒ်​သတ်​တာ အသောင်းသောင်း’ ဆိုပြီး သီချင်းဆို ကခုန်​ကြ​တ​ယ်။ ဒါနဲ့ ရှောလု​ဟာ ဒါဝိဒ်​ကို မနာလို​ဖြစ်လာ​ပြီး သတ်ဖို့ ကြိုးစား​တော့​တ​ယ်။

ဒါဝိဒ်ဟာ စောင်း​ကို ကောင်းကောင်း​တီး​တတ်တယ်။ တစ်နေ့၊ ရှောလု​အတွက် ဒါဝိဒ်​စောင်းတီး​ပေး​နေတုန်း ဘုရင်​က သူ့​လှံ​နဲ့ ဒါဝိဒ်​ကို ပစ်ပေါက်​လိုက်တယ်။ ဒါဝိဒ် အချိန်မီ​ရှောင်​လိုက်လို့ လှံ​ဟာ နံရံ​မှာ သွား​စိုက်​တ​ယ်။ အဲဒီနောက်​ပိုင်း ရှောလု​ဟာ ဒါဝိဒ်​ကို သတ်ဖို့ ခဏခဏ ကြိုးစား​တ​ယ်။ နောက်ဆုံး ဒါဝိဒ်​ထွက်ပြေး​ပြီး တောကန္တာရ​မှာ ပုန်း​နေရ​တော့​တ​ယ်။

ရှောလု​ဟာ စစ်သား ၃,၀​၀​၀ နဲ့ ဒါဝိဒ်ကို လိုက်ဖမ်းရင်း ဒါဝိဒ်​နဲ့ သူ့​လူတွေ​ပုန်း​နေတဲ့ ဂူထဲ ဝင်မိသွား​တယ်။ ဒါဝိဒ်​လူတွေ​က ‘ရှောလု​ကို သတ်ဖို့ အခွင့်အရေး​ပဲ’ လို့ပြော​ကြ​တော့ ဒါဝိဒ်ဟာ ရှောလု​နား သွား​ပြီး ဘုရင့်​အင်္ကျီ​စ​ကို ဖြတ်​ယူ​လိုက်တယ်။ အဲဒါကို ရှောလု သိ​တောင်​မသိလိုက်​ဘူး။ ယေဟောဝါ​ခန့်အပ်​ထားတဲ့ ဘုရင်​ကို မလေးစား​ရာ​ရောက်​သွား​လို့ ဒါဝိဒ် နောင်တရ​မိတယ်။ သူ့​လူတွေကို​လည်း ရှောလု​ကို မထိခိုက်ခိုင်းဘူး။ ဒီ​နောက် အခွင့်အရေး​ရလျက်နဲ့ ဘုရင့်​ကို​မ​သတ်​ခဲ့ဘူး​လို့ ရှောလု​ကို လှမ်းအော်​ပြောပြတယ်။ ရှောလု စိတ်ပြောင်း​လဲသွား​သလား။

မပြောင်းလဲ​ဘူး။ ဒါဝိဒ်​ကို လိုက်​ဖမ်း​နေတုန်းပဲ။ တစ်ည ဒါဝိဒ်​နဲ့ သူ့​တူ​အဘိရှဲ​ဟာ ရှောလုရဲ့​တပ်စခန်း​ထဲ ခိုးဝင်​ကြ​တ​ယ်။ ရှောလု​ရဲ့ သက်​တော်​စောင့် အာဗနာ​လည်း အိပ်ပျော်နေတယ်။ အဘိရှဲ​က ‘အခွင့်အရေး​ပဲ။ သူ့ကို သတ်​ပါ​ရစေ’ လို့ပြော​တော့ ဒါဝိဒ်​က ‘ယေဟောဝါပဲ ရှောလုကို စီရင်​ပါစေ။ သူ့ရဲ့​လှံ​နဲ့ ရေ​ဘူး​ပဲ ယူသွားရအောင်’ တဲ့။

ဒါဝိဒ်ဟာ ရှောလု​တပ်စခန်း​ကို မြင်​ရတဲ့​အနီး​နားက တောင်ပေါ် တက်သွားပြီး ‘အာဗနာ၊ မင်းကြီး​ကို ဘာ​လို့ မကာကွယ်​တာလဲ။ ဘုရင့် ရေဘူးနဲ့လှံတံ ဘယ်မှာ​လဲ’ လို့ အော်​မေး​တော့ ရှောလု​က ဒါဝိဒ်​အသံ​ကို မှတ်မိသွားပြီး ‘မင်း​ငါ့ကို သတ်​နိုင်​လျက်​နဲ့ မ​သတ်​ခဲ့ဘူး။ မင်းဟာ နောက်တက်မယ့် ဘုရင် ဖြစ်မယ်​ဆိုတာ ငါ​သိ​ပြီ’ လို့​ပြန်ပြောတယ်။ ရှောလု​ဟာ နန်းတော်​ကို ပြန်သွား​တ​ယ်။ ရှောလု​မိသားစု​ထဲမှာ ဒါဝိဒ်​ကို မမုန်း​တဲ့​သူ​လည်း ရှိပါတယ်။

“ဖြစ်​နိုင်မယ်​ဆိုရင် လူအားလုံး​နဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ချစ်ရသူ​တို့၊ လက်စားမချေပါနဲ့။ အမျက်တော်​ကိုသာ အခွင့်ပေး​လိုက်ပါ။”—ရောမ ၁၂:၁၈၊ ၁၉