မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၂

သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်

သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်

ဘုရင်​ရှောလု​ရဲ့ သားကြီး ယောနသန်​ဟာ သတ္တိ​ရှိတဲ့ စစ်သူရဲ​ဖြစ်တယ်။ ယောနသန်ဟာ လင်းယုန်​ထက်​ပိုမြန်​ပြီး ခြင်္သေ့​ထက် ပို​ခွန်အားကြီး​တယ်လို့ ဒါဝိဒ်​ပြော​ဖူးတယ်။ တစ်နေ့၊ တောင်ပေါ်​မှာ ဖိလိတိ​စစ်သား ၂၀ ကို ယောနသန် တွေ့​တ​ယ်။ ဒါနဲ့ သူ့ရဲ့​လက်နက်ကိုင်​ကို ‘ယေဟောဝါ နိမိတ်​ပြ​မှ သူတို့ကို တိုက်ခိုက်​မယ်။ တကယ်​လို့ ဖိလိတိ​တွေ​က တက်လာ​ခဲ့လို့​ပြော​ရင် တိုက်​ရမယ်​ဆိုတဲ့ အဓိပ္ပာယ်​ပဲ’ လို့ပြောတယ်။ ဖိလိတိ​တွေ​က ‘တက်လာ​ပြီး တိုက်စမ်းပါ’ လို့ အော်ပြော​ကြ​တော့ သူတို့​နှစ်ယောက် တက်​သွားပြီး စစ်သားတွေ​ကို​တိုက်​တော့ အနိုင်ရသွားတယ်။

ယောနသန်​ဟာ ရှောလု​ရဲ့ အကြီးဆုံးသား​ဖြစ်လို့ မင်းလောင်း ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ဒါဝိဒ်​ကို နောက်​တက်​မယ့်​ဘုရင်​ဖြစ်ဖို့ ရွေးချယ်​လိုက်​ပေ​မဲ့ သူ မနာလို​မဖြစ်ခဲ့ဘူး။ ယောနသန်​နဲ့ ဒါဝိဒ်ဟာ ရင်းနှီးတဲ့​မိတ်ဆွေတွေ ဖြစ်သွား​ကြ​တ​ယ်။ အချင်းချင်း ကာကွယ်စောင့်ရှောက်​မယ်လို့ ကတိ​ပေးကြတယ်။ ယောနသန်​ဟာ သူ့ရဲ့​လက်ပြ​တ်​ဝတ်ရုံ၊ ဓား၊ လေး​နဲ့ ခါးစည်းကြိုး​ကို မိတ်ဆွေ အထိမ်းအမှတ်​အနေနဲ့ ဒါဝိဒ်​ကို ပေး​လိုက်တယ်။

ရှောလု​ရန်​က​နေ ဒါဝိဒ်​ထွက်ပြေး​နေချိန်​မှာလည်း ယောနသန်​ဟာ ဒါဝိဒ်​ဆီ​သွားပြီး ‘မကြောက်နဲ့၊ ရဲရင့်​ပါ။ မင်း​ကို ဘုရင်​ဖြစ်ဖို့ ယေဟောဝါ ရွေးချယ်​ပြီးပြီ။ ငါ့​အဖေ​တောင် သိတယ်’ လို့ ပြောတယ်။ ယောနသန်​လို သူငယ်ချင်း​ကောင်း ရှိ​ချင်​ကြ​သလား။

မိတ်ဆွေ​ကို ကူညီပေး​လို့ ယောနသန်​ဟာ အသက်ဘေး​နဲ့ ကြုံရတဲ့​အခါ​တွေ ရှိတယ်။ ရှောလု​က ဒါဝိဒ်​ကို သတ်ချင်​နေမှန်း သိတော့ ‘အပြစ်​မရှိတဲ့​ဒါဝိဒ်​ကို သတ်​ရင် အပြစ်​ဖြစ်မယ်။ သူ့မှာ ဘာ​အပြစ်​မှ မရှိဘူး’ လို့ ဖခင်​ကို​ပြောတယ်။ ရှောလု​ဟာ ယောနသန်​ကို သိပ်​စိတ်ဆိုး​သွားတယ်။ နှစ်​အနည်းငယ်​ကြာ​တော့ ရှောလု​နဲ့ ယောနသန်​ဟာ တိုက်ပွဲ​တစ်ခုမှာ အတူ​သေဆုံး​သွား​ကြ​တ​ယ်။

ယောနသန်​သေသွား​ပြီးနောက် ဒါဝိဒ်ဟာ ယောနသန်​ရဲ့​သား မေဖိဗောရှက်​ကို လိုက်ရှာပြီး ‘မင်း​အဖေ​က ငါ့​မိတ်ဆွေကောင်း​ဖြစ်လို့ မင်း​ကို​တစ်သက်လုံး ငါ​စောင့်ရှောက်​သွားမယ်။ ငါ့နန်းတော်​မှာ နေ​ပြီး ငါ​နဲ့​တစ်​စားပွဲ​တည်း စား​ရမယ်’ လို့ပြောတယ်။ ဒါဝိဒ်ဟာ မိတ်ဆွေ ယောနသန်​ကို မမေ့​ခဲ့ဘူး။

‘ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျား​တို့လည်း အချင်းချင်း ချစ်​ကြပါ။ မိတ်ဆွေတွေ​အတွက် အသက်စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာ မရှိဘူး။’—ယောဟန် ၁၅:၁၂၊ ၁၃