မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၃

ဘုရင်ဒါဝိဒ်ရဲ့ အပြစ်

ဘုရင်ဒါဝိဒ်ရဲ့ အပြစ်

ရှောလု​သေပြီး​နောက် ဒါဝိဒ် ဘုရင်ဖြစ်လာ​ချိန်မှာ အသက် ၃၀ ရှိပြီ။ ဘုရင်ဖြစ်တာ နှစ်အတော်ကြာ​ပြီးနောက် တစ်​ညနေခင်း​မှာ နန်းတော်​အမိုး​က​နေ သိပ်​လှတဲ့ အမျိုးသမီး​တစ်ယောက်​ကို တွေ့​တ​ယ်။ သူ့​နာမည်က ဗာသရှေဘ​တဲ့။ သူက စစ်သား ဥရိယ​ရဲ့​မိန်းမ ဖြစ်တယ်။ ဒါဝိဒ်ဟာ ဗာသရှေဘ​ကို နန်းတော်​ဆီ ခေါ်​လိုက်တယ်။ သူနဲ့​အတူ​အိပ်​လိုက်​တော့ ကိုယ်ဝန်ရ​သွားတယ်။ ဒါဝိဒ်ဟာ သူ့အပြစ်​ကို ဖုံးကွယ်​ဖို့ ကြိုးစား​တော့​တ​ယ်။ ဥရိယ​ကို ရှေ့တန်းမှာ​ထားပြီး တစ်ယောက်တည်း​ထားခဲ့​ဖို့ သူ့​ဗိုလ်ချုပ်​ကို မှာ​လိုက်တယ်။ တိုက်ပွဲ​မှာ ဥရိယ​သေသွား​တော့ ဗာသရှေဘ​ကို ဒါဝိဒ် ယူ​လိုက်တယ်။

ယေဟောဝါဘုရားဟာ အဖြစ်အပျက် အားလုံးကို မြင်​တ​ယ်။ ကိုယ်တော် ဘာလုပ်သလဲ။ ပရောဖက်​နာသန်​ကို ဒါဝိဒ်ဆီ လွှတ်လိုက်​တ​ယ်။ နာသန်​လည်း သွားပြီး ဒီလိုပြောတယ်– ‘သူဌေးကြီး​တစ်ယောက်​မှာ သိုး​နွား​တိရစ္ဆာန် အများကြီး​ရှိတယ်။ ဆင်းရဲသား​မှာတော့ သူသိပ်​ချစ်တဲ့ သိုးမလေးတစ်ကောင်ပဲ ရှိတယ်။ သူဌေး​က ဆင်းရဲသား​မှာရှိတဲ့ သိုးမလေးကို ယူလိုက်တယ်။’ ဒါကို ဒါဝိဒ်​ကြား​တော့ သိပ်စိတ်ဆိုး​ပြီး ‘ဒီ​သူဌေး သေဒဏ်​ခံထိုက်တယ်’ လို့ပြောတယ်။ နာသန်​က ‘မင်းကြီး​ဟာ အဲဒီ​သူဌေး​ပါပဲ’ လို့ ပြန်ပြော​တော့ ဒါဝိဒ် အကြီးအကျယ် စိတ်မကောင်း​ဖြစ်သွား​ပြီး ‘ယေဟောဝါကို ကျွန်တော်​ပြစ်မှား​မိ​ပြီ’ လို့ သူ့အပြစ်​ကို ဝန်ခံ​တ​ယ်။ ဒီ​အပြစ်​ကြောင့် ဒါဝိဒ်​နဲ့ သူ့​မိသားစု ပြဿနာတွေ အများကြီး ကြုံ​ရတယ်။ ယေဟောဝါဟာ ဒါဝိဒ်​ကို ဒဏ်ခတ်​ပေ​မဲ့ သူ့ရဲ့​ရိုးသားမှု​နဲ့ နှိမ့်ချမှု​ကြောင့် အသက်ချမ်းသာ​ပေးတယ်။

ဒါဝိဒ်ဟာ ယေဟောဝါ​အတွက် ဗိမာန်တော် ဆောက်​ပေးချင်​ပေမဲ့ ယေဟောဝါက ဒါဝိဒ်ရဲ့သား ရှောလမုန်​ကိုပဲ ဆောက်ခွင့်​ပေးတယ်။ ဒါဝိဒ်​က ‘ယေဟောဝါရဲ့​အိမ်တော်​ဟာ သိပ်ကို ခမ်းနားထည်ဝါ​ပြီး လှပတင့်တယ်​ရမယ်။ ရှောလမုန်ဟာ အသက်​ကလည်း​ငယ်​သေး​တော့ သူ့​အတွက် အသင့်ပြင်​ထား​ပေး​မှ​ဖြစ်မယ်’ လို့ ပြောပြီး လိုအပ်သမျှ ပြင်ဆင်ပေး​ခဲ့တယ်။ ဆောက်လုပ်ရေး​အတွက် ဒါဝိဒ်​ကိုယ်တိုင် အများကြီး လှူဒါန်း​တ​ယ်။ ကျွမ်းကျင်​တဲ့​အလုပ်သမား​တွေ ရှာပေးတယ်။ ရွှေ​တွေ၊ ငွေ​တွေနဲ့ တိုင်​ရာ​မြို့၊ ဆိုင်ဒုန်​မြို့​က သစ်ကတိုးသားတွေ စုဆောင်း​ထား​ပေးတယ်။ သူ အသက်ကြီးပိုင်း​ရောက်တဲ့​အခါ ဗိမာန်တော် ပုံကြမ်း​ကို ရှောလမုန်​လက်ထဲ အပ်​ပြီး ‘မင်း​အတွက် ငါ့ကို ယေဟောဝါ ရေးသား​စေ​တာ။ ယေဟောဝါ မင်း​ကို ကူညီပေး​လိမ့်မယ်။ မကြောက်​နဲ့။ ရဲ​ရဲရင့်​ရင့်​နဲ့ ဆောက်ကြ’ လို့ပြောခဲ့တယ်။

“ကိုယ့်​အမှား​ကို ဖုံးကွယ်​ထားတဲ့သူက အောင်မြင်​မှာ မဟုတ်ဘူး။ အမှား​ကို​ဝန်ခံ​ပြီး စွန့်လွှတ်​သူက​တော့ ကရုဏာ ခံစားရလိမ့်မယ်။”—ပညာအလိမ္မာ ၂၈:၁၃