မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၄

ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်

ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်

ရှောလမုန်​ဟာ အစ္စရေး​ဘုရင်ဖြစ်လာ​ပြီးနောက် ယေဟောဝါက သူ့ကို ‘ဘာလိုချင်လဲ’ လို့ မေးတဲ့​အခါ ‘ကျွန်တော်ဟာ အသက်ငယ်​သေးတယ်၊ ဘာ​လုပ်​ရမယ် မသိဘူး။ ကိုယ်တော့်​လူမျိုး​ကို အုပ်ချုပ်​နိုင်​ဖို့ ဉာဏ်​ပညာပေး​ပါ’ လို့ ပြောတယ်။ ဒါနဲ့ ယေဟောဝါက ‘ဉာဏ်​ပညာပေး​ဖို့ တောင်း​လို့ မင်း​ကို ကမ္ဘာပေါ်မှာ ဉာဏ်​ပညာ​အရှိဆုံး​သူ ဖြစ်စေမယ်။ စည်းစိမ်ဥစ္စာ​တွေလည်း ပေးမယ်။ ငါ့​စကား​နားထောင်​ရင် အသက်ရှည်​မယ်’ လို့ ပြောတယ်။

ရှောလမုန်​ဟာ ဗိမာန်တော်​ကို စ​ဆောက်​တ​ယ်။ အကောင်းဆုံး ရွှေ၊ ငွေ၊ သစ်သား၊ ကျောက်​တွေကို သုံး​တ​ယ်။ ထောင်နဲ့​ချီတဲ့ ကျွမ်းကျင်​အလုပ်သမား​တွေဟာ ဗိမာန်တော်​ကို ဆောက်​လုပ်ကြတယ်။ ခုနစ်နှစ်​ကြာ​တော့ ဗိမာန်တော်​ကို ယေဟောဝါ​ဆီ အပ်နှံ​ခဲ့ကြတယ်။ အဲဒီမှာ ပူဇော်ရာပလ္လင်​ရှိတယ်။ ပူဇော်ရာပလ္လင်​ရှေ့ ရှောလမုန် ဒူးထောက်ပြီး ‘အို၊ ယေဟောဝါ၊ ဒီ​ဗိမာန်တော်​ဟာ ကိုယ်တော် စံမြန်း​နိုင်​လောက်အောင် မ​ကျယ်ဝန်း​ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို လက်ခံပြီး ဆုတောင်းသံ​ကို နားထောင်ပေး​ပါ’ လို့ အသနားခံ​တ​ယ်။ ယေဟောဝါက အဲဒီ​ဗိမာန်တော်​နဲ့ ရှောလမုန်​ဆုတောင်း​တာ​ကို ဘယ်လို​သဘောထား​လဲ။ ရှောလမုန် ဆုတောင်းပြီး​တာနဲ့ ကောင်းကင်​က မီး​ကျပြီး ပူဇော်ရာပလ္လင်​ပေါ်​က ပူဇော်သက္ကာ​တွေ လောင်ကျွမ်း​ကုန်​တ​ယ်။ ဗိမာန်တော်​ကို ယေဟောဝါ လက်ခံ​တဲ့ သက်သေ​ပဲ။ ဒါကို အစ္စရေးတွေ မြင်တဲ့အခါ ပျော်ရွှင်​ကြ​တ​ယ်။

ရှောလမုန်​မင်းကြီး​ရဲ့ ဉာဏ်​ပညာ​ဟာ အစ္စရေး​ပြည်​မှာ​သာမက တခြား​ပြည်​တွေမှာပါ ကျော်ကြား​သွားတယ်။ လူတွေမှာ ပြဿနာတွေ​ရှိရင် ရှောလမုန်​ဆီ လာကြတယ်။ ရှေဘဘုရင်မ​တောင် ခက်ခဲတဲ့​မေးခွန်းတွေနဲ့ သူ့ကို ပညာ​စမ်း​ခဲ့တယ်။ ရှောလမုန်​ရဲ့ အဖြေတွေကို​ကြား​ပြီး ဘုရင်မ​က ‘လူတွေ မင်းကြီး​အကြောင်း ပြောတာ မယုံ​ခဲ့ဘူး။ အခုတော့ သူတို့​ပြောတာ​ထက် မင်းကြီး​ပို​တော်​တယ်ဆိုတာ သိ​ပြီ။ မင်းကြီး​ရဲ့​ဘုရား ယေဟောဝါက ကောင်းချီးပေး​နေတာကိုး’ လို့ပြောတယ်။ အဲဒီအချိန်​မှာ အစ္စရေး​ပြည်သား​တွေရဲ့ ဘဝဟာ ပျော်စရာ​ကောင်းပြီး ငြိမ်းချမ်းသာယာ​တ​ယ်။ ဒါပေမဲ့ မကြာခင် အခြေအနေ​တွေ ပြောင်းလဲ​တော့မယ်။

“အခု ဒီ​နေရာမှာ ရှောလမုန်​ထက် ပိုကြီး​မြတ်​တဲ့​သူ ရှိ​နေတယ်။”—မဿဲ ၁၂:၄၂