မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၅

အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား

အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား

ယေဟောဝါကို ရှောလမုန် ဝတ်ပြု​နေ​သ​၍ အစ္စရေး​နိုင်ငံ​ဟာ ငြိမ်းချမ်းနေတယ်။ ဒါပေမဲ့ ရှောလမုန်​ဟာ ရုပ်တု​တွေ ကိုးကွယ်​တဲ့ မိန်းမ​အများကြီး​ကို လက်ထပ်​ခဲ့တယ်။ တဖြည်းဖြည်း​နဲ့ ရှောလမုန် ပြောင်းလဲ​လာပြီး ရုပ်တု​တွေကို ကိုးကွယ်​တော့​တ​ယ်။ ဒါနဲ့ ယေဟောဝါ စိတ်ဆိုး​ပြီး ရှောလမုန်​ကို ‘ဒီ​နိုင်ငံ​ကို မင်း​ဆီကနေ ရုပ်သိမ်း​ပြီး နှစ်ခြမ်း​ကွဲ​စေမယ်။ ပို​ကြီးတဲ့​အပိုင်းကို မင်းရဲ့အမှုထမ်း​ကို​ပေးပြီး မင်း​ရဲ့​သားက​တော့ သေးငယ်တဲ့​အပိုင်း​ပဲ အုပ်ချုပ်​ရမယ်’ လို့ ပြောတယ်။

ယေဟောဝါဟာ ကိုယ်တော့်​ဆုံးဖြတ်ချက်​ကို နောက်​တစ်နည်း​နဲ့လည်း ဖော်ပြတယ်။ ရှောလမုန်​ရဲ့ အမှုထမ်း ယေရောဗောင်​ဟာ ခရီးသွား​နေတုန်း ပရောဖက် အဟိယ​နဲ့​ဆုံ​တ​ယ်။ အဟိယ​ဟာ သူ့​ဝတ်ရုံ​ကို ၁၂ ပိုင်း​ဆုတ်​ပြီး ယေရောဗောင်​ကို ဒီလိုပြောတယ်– ‘ယေဟောဝါက ရှောလမုန်​ဆီကနေ အစ္စရေး​ပြည်​ကို ပြန်ယူ​ပြီး နှစ်ခြမ်း​ခြမ်း​တော့မယ်။ ဒီဝတ်ရုံ ၁၀ ပိုင်း​ကို​ယူပါ။ ဆယ်နွယ်နိုင်ငံ​ကို မင်း​အုပ်စိုး​ရမယ်’ တဲ့။ ဒီ​အကြောင်းကို ရှောလမုန် ကြား​တော့ ယေရောဗောင်ကို သတ်ဖို့ ကြိုးစား​တ​ယ်။ ဒါကြောင့် ယေရောဗောင်​လည်း အီဂျစ်ပြည်​ကို ထွက်ပြေး​ရတော့​တ​ယ်။ ရှောလမုန် သေသွား​တော့ သား​ဖြစ်သူ ရောဗောင် ဘုရင်ဖြစ်လာ​တ​ယ်။ ယေရောဗောင်​ဟာ အစ္စရေး​ပြည်​ကို ပြန်သွား​ဖို့ အချိန်တန်​ပြီ​ဆိုတာ သိလိုက်​တ​ယ်။

အစ္စရေး​လူကြီး​တွေ​က ရောဗောင်​ကို ‘မင်းကြီးက မေတ္တာနဲ့​အုပ်ချုပ်​ရင် ပြည်သား​တွေ သစ္စာရှိ​လိမ့်မယ်’ လို့​အကြံပေး​တ​ယ်။ ဒါပေမဲ့ ရောဗောင်​ရဲ့ ငယ်သူငယ်ချင်း​တွေ​က ‘ပြည်သား​တွေ ပြားပြားဝပ်​နေ​အောင် အ​ကြမ်း​ကိုင်​ရမယ်’ လို့ပြောတယ်။ ရောဗောင်​ဟာ သူ့မိတ်ဆွေတွေ အကြံ​ပေးတဲ့​အတိုင်း လုပ်တယ်။ လူတွေ​အပေါ် ရက်စက်​လို့ ပုန်ကန်​ကြပါ​လေ​ရော။ အစ္စရေး ၁၀ နွယ်​ဟာ ယေရောဗောင်​ကို ဘုရင်​တင်မြှောက်​လိုက်​ပြီး အစ္စရေး​ပြည် ဖြစ်လာတယ်။ နှစ်နွယ်​က​တော့ ရောဗောင်​ကို ဆက်​သစ္စာရှိ​ပြီး ယုဒပြည် ဖြစ်လာတယ်။ အခု အစ္စရေး ၁၂ နွယ်​ဟာ နှစ်ခြမ်းကွဲသွား​ပြီ။

ယေရောဗောင်​ဟာ သူ့​ပြည်သား​တွေကို ရောဗောင်​အုပ်ချုပ်​တဲ့ ဂျေရုဆလင်မြို့ကို​သွားပြီး ဝတ်​မပြု​စေချင်ဘူး။ ဘာ​လို့လဲ​သိလား။ သူ့ကို​စွန့်ပြီး ရောဗောင်​ဘက်​ပါသွား​မှာ စိုးရိမ်​လို့ပဲ။ ဒါနဲ့ ရွှေ​နွားရုပ်​နှစ်​ရုပ်​လုပ်ပြီး လူတွေကို ‘ဂျေရုဆလင်မြို့​ဟာ ဝေးလွန်း​ပါတယ်။ ဒီ​မှာပဲ ဝတ်ပြုကိုးကွယ်​နိုင်တယ်’ လို့ပြောတယ်။ လူတွေ​လည်း ရွှေ​နွားရုပ်​တွေကို ကိုးကွယ်​ကြပြီး ယေဟောဝါကို မေ့သွား​ကြ​တယ်။

“မယုံကြည်သူ​တွေနဲ့ ဘက်​မညီ​တဲ့ ထမ်းပိုးကို မထမ်း​ကြပါ​နဲ့။ ဖြောင့်မတ်မှု​နဲ့ မတရားမှု ဘယ်လို​လုပ် ပေါင်းဖက်​နိုင်မလဲ။ . . . ယုံကြည်သူ​နဲ့ မယုံကြည်သူ ဘယ်လို​လုပ် မျှဝေခံစား​နိုင်မလဲ။” —၂ ကောရိန္သု ၆:၁၄၊ ၁၅