မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၈

မုဆိုးမရဲ့သား အသက်ပြန်ရှင်လာ

မုဆိုးမရဲ့သား အသက်ပြန်ရှင်လာ

မိုးခေါင်​နေချိန်​မှာ ယေဟောဝါက ဧလိယ​ကို ‘ဇရတ္တ​မြို့​ကို သွားပါ။ မုဆိုးမတစ်ယောက်က မင်း​ကို ကျွေးမွေး​လိမ့်မယ်’ လို့ပြောတယ်။ မြို့တံခါး​နား​မှာ ဆင်းရဲ​တဲ့ မုဆိုးမ​တစ်ယောက် ထင်း​ကောက်နေ​တာ ဧလိယ တွေ့​တ​ယ်။ ရေ​တစ်ခွက်​တိုက်ပါလို့ တောင်း​လိုက်တယ်။ ရေ​သွား​ယူ​တဲ့အခါ ဧလိယ​က ‘မုန့်​တစ်ချပ်​ပါ ယူလာ​ပေးပါလား’ လို့ပြော​တော့ မုဆိုးမ​က ‘ကျွန်မ​မှာ ဘာ​မုန့်​မှ မရှိဘူး။ ကျွန်မ​သားနဲ့ ကျွန်မစားဖို့ ဂျုံ​နည်းနည်း​နဲ့ ဆီ​နည်းနည်း​ပဲ ရှိတယ်’ လို့ပြောတယ်။ ဧလိယ​က ‘ကျုပ်အတွက် မုန့်​လုပ်ပေး​ရင် မိုး​ပြန်​ရွာ​တဲ့​အထိ မင်း​ရဲ့​ဂျုံ​နဲ့​ဆီ မ​ကုန်​စေ​ရဘူး​လို့ ယေဟောဝါ ကတိ​ပေးတယ်’ လို့ ပြောတယ်။

ဒါနဲ့ မုဆိုးမ​က အိမ်ပြန်​ပြီး ယေဟောဝါရဲ့ ပရောဖက်​အတွက် မုန့်​လုပ်ပေး​တ​ယ်။ ဒီနောက် ယေဟောဝါ ပြောတဲ့​အတိုင်း မုဆိုးမ​နဲ့ သူ့​သား​ဟာ မိုးခေါင်​နေချိန်​အတွင်းမှာ စားစရာ မပြတ်​ခဲ့ဘူး။ ဂျုံ​နဲ့​ဆီ အမြဲ​ရှိခဲ့တယ်။

နောက်ပိုင်း အဖြစ်ဆိုး​တစ်ခု ကြုံ​လိုက်ရတယ်။ မုဆိုးမ​ရဲ့​သားလေး အသည်းအသန်​ဖျားပြီး ဆုံး​သွားတယ်။ ဧလိယ​ကို အကူအညီတောင်း​တဲ့အခါ ဧလိယ​က မုဆိုးမရဲ့သားကို ပွေ့​ပြီး သူ့​အခန်း​ကို တက်​သွားတယ်။ ကလေးကို ခုတင်​ပေါ်​တင်ပြီး ‘ယေဟောဝါ၊ ကလေး​အသက်ပြန်ရှင်​လာအောင် လုပ်​ပေးပါ’ လို့​ဆုတောင်း​တ​ယ်။ အဲဒီလို ယေဟောဝါ လုပ်ပေး​မယ်ဆိုရင် ဘာ​လို့ အံ့ဩစရာ​ဖြစ်​မလဲ။ ဘာ​လို့လဲ​ဆိုတော့ လူသေ​က​နေ အသက်ပြန်ရှင်​လာ​သူ တစ်ခါ​မှ မရှိ​ဖူး​ဘူး။ ပြီးတော့ ဒီ​မုဆိုးမ​နဲ့ သူ့​သားလေး​က အစ္စရေးလူမျိုး​လည်း မဟုတ်ဘူး။

ဒါပေမဲ့ ကလေး အသက်ပြန်ရှင်​လာတယ်။ ဒါနဲ့ ဧလိယ​က မုဆိုးမ​ကို ‘ကြည့်ပါ၊ ခင်ဗျား​သား အသက်ပြန်ရှင်​ပြီ’ လို့ ပြောတယ်။ သူ သိပ်ပျော်​သွားပြီး ‘ရှင်​ဟာ တကယ်ပဲ ဘုရားသခင်ရဲ့​လူ၊ ယေဟောဝါရဲ့ ပရောဖက်​ပဲ’ လို့ ဧလိယ​ကို ပြောတယ်။

“ကျီးအ​တွေကို ဆင်ခြင်သုံးသပ်​ကြည့်ပါ။ မျိုးစေ့ကြဲ​တာ၊ ရိတ်သိမ်း​တာ မလုပ်​ဘူး။ သူတို့​မှာ ကျီ​တွေ၊ သိုလှောင်ခန်း​တွေ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကျွေး​ထားတာ​ပဲ။ ခင်ဗျား​တို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုး​ရှိတယ် မဟုတ်လား။”—လုကာ ၁၂:၂၄