မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၉

မိဖုရားဆိုးကို အပြစ်ပေး

မိဖုရားဆိုးကို အပြစ်ပေး

အာဟပ်မင်း​ဟာ ယေဇရေလ​နန်းတော် ပြတင်းပေါက်​က​နေ နာဗုတ်​ရဲ့ စပျစ်ခြံ​ကို ကြည့်​နေတယ်။ အာဟပ်​ဟာ အဲဒီ​ခြံ​ကို လိုချင်​လို့ နာဗုတ်​ဆီကနေ တောင်းဝယ်​တ​ယ်။ ဒါပေမဲ့ နာဗုတ်ဟာ အမွေ​ရတဲ့​မြေ​ကို မ​ရောင်း​ရဘူး​ဆိုတဲ့ ယေဟောဝါရဲ့ ပညတ်​ကို နာခံပြီး မရောင်းဘူး။ မှန်​တာ​လုပ်​တဲ့ နာဗုတ်​ကို အာဟပ် လေးစား​သလား။ မလေးစား​ဘဲ အရမ်း​စိတ်ဆိုး​သွားတယ်။ အဲဒီ​ခြံ​ကို​မ​ရလို့ စိတ်​ကောက်​ပြီး အခန်း​ထဲက မ​ထွက်​ဘူး။ အစာ​လည်း မစား​ဘူး။

အာဟပ်​ရဲ့ မိဖုရားဆိုး ယေဇဗေလ​က ‘မောင်​တော်​ဟာ အစ္စရေး​ဘုရင်​ပဲ။ လိုချင်တာအားလုံး ရ​ရမှာ​ပေါ့။ အဲဒီ​ခြံ​ကို ကျွန်မ ယူ​ပေးမယ်’ လို့​ပြောပြီး မြို့​အရာရှိ​တွေဆီ စာရေး​လိုက်တယ်။ စာထဲမှာ နာဗုတ်​ဟာ ဘုရားကို ကျိန်ဆဲတဲ့သူ​လို့ မဟုတ်မမှန် စွပ်စွဲ​ခိုင်း​ပြီး ကျောက်ခဲ​နဲ့ ပေါက်သတ်​စေ ဆိုပြီး ရေး​ထားတယ်။ ယေဇဗေလ​ပြောတဲ့​အတိုင်း မြို့​အရာရှိ​တွေ လုပ်လိုက်တယ်။ အဲဒီနောက် ယေဇဗေလ​က အာဟပ်​ကို ‘နာဗုတ် သေသွား​ပြီ။ စပျစ်ခြံကို သွားသိမ်းပါ’ လို့ပြောတယ်။

ယေဇဗေလ သတ်​ခဲ့တဲ့ အပြစ်​မရှိ​သူတွေထဲ​မှာ နာဗုတ်​တစ်ယောက်​ပဲ မဟုတ်ဘူး။ ယေဟောဝါကို​ချစ်တဲ့​လူ အတော်များများကို သူ​သတ်​ခဲ့တယ်။ ရုပ်တု​တွေကို ကိုးကွယ်​ပြီး မကောင်း​တာ​တွေလည်း လုပ်တယ်။ ယေဟောဝါက ယေဇဗေလ​လုပ်​တဲ့ မကောင်းတာ​အားလုံးကို မြင်​တ​ယ်။ ယေဟောဝါ သူ့ကို ဘာ​လုပ်​မလဲ။

အာဟပ်​သေပြီး​နောက် သူ့​သား ယောရံ ဘုရင်ဖြစ်လာ​တ​ယ်။ ယေဟောဝါက ယေဇဗေလနဲ့ သူ့​မိသားစု​ကို အပြစ်ပေး​ဖို့ ယေဟု​ကို စေလွှတ်လိုက်တယ်။

ယေဟု​ဟာ ယေဇဗေလ​နေတဲ့ ယေဇရေလမြို့ကို မြင်းရထား​စီး​ပြီး ရောက်လာတယ်။ ယောရံ​လည်း မြင်းရထား​စီး​ပြီး ယေဟု​ကို ထွက်​ကြို​တ​ယ်။ ‘အေးအေးဆေးဆေး​ပဲ​လား’ လို့​မေး​တော့ ယေဟုက ‘မင်းကြီး​ရဲ့​မယ်တော် ယေဇဗေလ မကောင်း​တာ​တွေ လုပ်​နေ​သ​၍ ဘယ်လို အေးဆေး​နိုင်မလဲ’ လို့ ပြန်ဖြေတယ်။ ယောရံ​ဟာ သူ့​မြင်းရထား​နဲ့ ထွက်ပြေး​ဖို့ ကြိုးစား​တဲ့အခါ ယေဟု​ရဲ့ မြား​မှန်​ပြီး သေသွား​တ​ယ်။

အဲဒီနောက် ယေဟု​ဟာ ယေဇဗေလ​ရှိတဲ့ နန်းတော်ဆီ ရောက်လာတယ်။ ယေဟုလာနေကြောင်း ယေဇဗေလ​ကြား​တော့ အလှ​ပြင်​ပြီး ပြတင်းပေါက်​က​နေ စောင့်ကြည့်နေတယ်။ ယေဟု​လည်း ရောက်​ရော ရိုင်းရိုင်းစိုင်းစိုင်း နှုတ်ဆက်​လိုက်တယ်။ ဒါနဲ့ ယေဟု​က သူ့​ဘေး​မှာ ရပ်နေ​ကြတဲ့ အရာရှိ​တွေကို ‘သူ့ကို တွန်း​ချ​လိုက်’ လို့ အော်ပြောတယ်။ သူတို့က​လည်း ယေဇဗေလ​ကို ပြတင်းပေါက်​က​နေ တွန်း​ချ​လိုက်​တော့ သူကျပြီး သေသွား​တ​ယ်။

အဲဒီနောက် ယေဟု​ဟာ အာဟပ်​ရဲ့​သား ၇၀ ကို သတ်​ပြီး ဗာလ​ဝတ်ပြုမှုကို ပြည်တော်ကနေ ဖယ်ရှား​လိုက်တယ်။ ယေဟောဝါဟာ အားလုံးကို​မြင်ပြီး အချိန်တန်​တဲ့အခါ မကောင်းတာ​လုပ်သူတွေကို အပြစ်ပေး​တယ်ဆိုတာ တွေ့​တ​ယ်​မဟုတ်လား။

‘လောဘ​ကြောင့်​ရတဲ့ အမွေဟာ ကောင်းချီး​ဖြစ်​မှာ မဟုတ်ဘူး။’ —ပညာအလိမ္မာ ၂၀:၂၁