မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၀

ယေဟောဝါ ယောရှဖတ်ကို ကာကွယ်ပေး

ယေဟောဝါ ယောရှဖတ်ကို ကာကွယ်ပေး

ယုဒဘုရင် ယောရှဖတ်​ဟာ ပြည်တော်​မှာရှိတဲ့ ဗာလ​ရဲ့ ယဇ်ပလ္လင်​တွေနဲ့ ရုပ်တုတွေကို ဖျက်ဆီး​ပစ်​တ​ယ်။ လူတွေကို ယေဟောဝါရဲ့​ပညတ်​တွေ သိ​စေချင်​လို့ မှူးမတ်​တွေနဲ့ လေဝိသားတွေ​ကို ယုဒပြည်​တစ်ဝန်း စေလွှတ်​ပြီး သင်​ခိုင်း​တ​ယ်။

ယေဟောဝါဟာ သူ့​လူမျိုး​နဲ့အတူ​ရှိမှန်း အနီးအနား​က တိုင်းပြည်​တွေ​သိ​လို့ ယုဒပြည်​ကို မတိုက်ရဲ​ကြဘူး။ ယောရှဖတ်​မင်း​ကို လက်ဆောင်​တွေတောင် ပေးကြတယ်။ ဒါပေမဲ့ မောဘပြည်၊ အမ္မုန်​ပြည်​နဲ့ စိရ​ဒေသက လူတွေ ယုဒပြည်​ကို တိုက်​ဖို့ လာ​နေတယ်။ ယောရှဖတ်ဟာ ယေဟောဝါ အကူအညီ လိုတယ်​ဆိုတာ သိတယ်။ ဒါနဲ့ ဂျေရုဆလင်​မြို့မှာ ယောက်ျား၊ မိန်းမ၊ ကလေး​ပါ​မကျန် အားလုံးကို စုရုံး​ခိုင်း​လိုက်တယ်။ သူတို့အား​လုံး​ရှေ့မှာ ဒီလို ဆုတောင်း​တ​ယ်– ‘ယေဟောဝါ၊ ကိုယ်တော်​မပါဘဲ ကျွန်တော်တို့ မတတ်နိုင်​ဘူး။ ဘာ​လုပ်​ရမယ်​ဆိုတာ ပြောပြပါ။’

ဆုတောင်း​တာ​ကို ယေဟောဝါ အခုလို အဖြေ​ပေးတယ်– ‘မကြောက်​နဲ့။ ငါ ကူညီ​မယ်။ နေရာယူ​ကြပါ။ ငြိမ်ငြိမ်လေး ရပ်နေ​ပြီး ဘယ်လို ကယ်တင်​မယ်​ဆိုတာ စောင့်ကြည့်​နေ​ပါ’ တဲ့။ ယေဟောဝါ ဘယ်လို ကယ်တင်​ခဲ့​သလဲ။

နောက်​နေ့​မနက်​မှာ ယောရှဖတ်​ဟာ သီချင်းသည်​တွေကို ရွေး​ပြီး စစ်တပ်​ရှေ့မှာ ချီတက်သွားဖို့ ပြောတယ်။ သီချင်းသည်​တွေ​က ဂျေရုဆလင်မြို့​က​နေ တေ​ကော စစ်မြေပြင်​ဆီ ချီတက်​သွား​ကြ​တယ်။

ယေဟောဝါကို သီချင်းသည်​တွေ အားရပါးရ သံ​ပြိုင်​ချီးမွမ်း​သီဆို​တဲ့အခါ ယေဟောဝါဟာ သူ့​လူမျိုး​အတွက် စစ်တိုက်​ပေးတယ်။ အမ္မုန်​လူတွေနဲ့ မောဘ​လူတွေဟာ ရှုပ်ထွေး​ကုန်ပြီး အချင်းချင်း ပြန်​တိုက်​ကြတာ အားလုံး သေ​ကုန်​တ​ယ်။ ဒါပေမဲ့ ယေဟောဝါဟာ ယုဒလူ​တွေ၊ စစ်သည်​တွေနဲ့ ပုရောဟိတ်တွေ​ကိုတော့ ကာကွယ်​ပေးတယ်။ အနီးအနား​က နိုင်ငံ​တွေဟာ ယေဟောဝါ လုပ်ပေး​တာတွေကို ကြား​တော့ သူ့​လူမျိုး​ကို ကာကွယ်​ပေး​နေတုန်းပဲ​ဆိုတာ သိသွား​ကြ​တ​ယ်။ ယေဟောဝါဟာ သူ့​လူမျိုး​ကို ဘယ်လို ကယ်တင်​ပေးခဲ့​သလဲ။ နည်းအမျိုးမျိုးနဲ့ပါပဲ။ အဲဒီလို​ကာကွယ်​ပေးဖို့ လူတွေရဲ့ အကူအညီ မလိုဘူး။

“ဒီ​စစ်ပွဲ​မှာ မင်း​တို့​တိုက်​စရာ မလိုဘူး။ နေရာယူ​ကြပါ။ ငြိမ်ငြိမ်လေး ရပ်နေ​ပြီး ယေဟောဝါ ဘယ်လို ကယ်တင်​မယ်​ဆိုတာ စောင့်ကြည့်​နေ​လိုက်ပါ။”—၂ ရာဇဝင်ချုပ် ၂၀:၁၇