သင်ခန်းစာ ၅၁
ဗိုလ်ချုပ်ကြီးနဲ့ မိန်းကလေး
မိန်းကလေးတစ်ယောက် အစ္စရေးပြည်ကနေ ဆီးရီးယားပြည်ကို ရောက်နေတယ်။ ဆီးရီးယားစစ်တပ်က သူ့ကို ဖမ်းခေါ်သွားလို့ အခု ဗိုလ်ချုပ်နေမန်အိမ်မှာ သူ့ဇနီးရဲ့ အစေခံမလေး ဖြစ်နေတာ။ ယေဟောဝါကို တခြားလူတွေ မကိုးကွယ်ပေမဲ့ သူကတော့ ယေဟောဝါကိုပဲ ဆက်ကိုးကွယ်တယ်။
နေမန်ဟာ ရွံစရာကောင်းတဲ့ အရေပြားရောဂါကြောင့် တစ်ချိန်လုံး နာကျင်နေရှာတယ်။ မိန်းကလေးက သူ့ကို တကယ်ပဲ ကူညီပေးချင်တာ။ ဒါနဲ့ နေမန်ရဲ့ ဇနီးကို ‘သခင်မရဲ့ ခင်ပွန်း ပြန်ကောင်းသွားအောင် လုပ်ပေးနိုင်တဲ့သူကို ကျွန်မသိတယ်။ အစ္စရေးပြည်မှာ ယေဟောဝါရဲ့ ပရောဖက် ဧလိရှဲ ရှိတယ်။ သူက သခင့်ကို ကုသပေးနိုင်တယ်’ လို့ပြောတယ်။
နေမန်ရဲ့ဇနီးက မိန်းကလေးပြောတာကို ပြန်ပြောပြတယ်။ နေမန်ဟာ ရောဂါပျောက်ချင်လို့ အစ္စရေးပြည်က ဧလိရှဲအိမ်ကို သွားတယ်။ ဧလိရှဲဟာ သူ့ကို အရေးပါသူအဖြစ် ကြိုဆိုမှာပဲလို့ တွေးထားတာ။ ဒါပေမဲ့ ဧလိရှဲနဲ့ တိုက်ရိုက်မတွေ့ရဘဲ သူက လူလွှတ်ပြီး ‘ဂျော်ဒန်မြစ်ကိုသွား၊ ခုနစ်ကြိမ် ရေချိုးလိုက်။ ပျောက်သွားလိမ့်မယ်’ လို့ စကားပါးလိုက်တယ်။
နေမန် တော်တော် စိတ်ပျက်သွားပြီး ‘ဒီပရောဖက်က သူ့ဘုရားနာမည်ခေါ်၊ ငါ့ပေါ်လက်တင်ပေးပြီး ကုပေးမယ်လို့ထင်တာ။ အခုတော့ အစ္စရေးပြည်က ဒီမြစ်ကို သွားခိုင်းတယ်။ ငါတို့ ဆီးရီးယားပြည်မှာ ဒီထက်ကောင်းတဲ့ မြစ်တွေ အများကြီး။ ဘာလို့ဒီမြစ်ကို သွားရမှာလဲ’ လို့ပြောပြီး စိတ်ဆိုးဆိုးနဲ့ ဧလိရှဲအိမ်ကနေ ထွက်လာတယ်။
နေမန်ရဲ့ နောက်လိုက်တွေက သူ့ကို ဒီလို ဖျောင်းဖျတယ်– ‘ရောဂါမပျောက်ချင်ဘူးလား။ ဒီပရောဖက်ပြောလိုက်တာက ရိုးရိုးလေးပါ။ ဘာလို့ မလုပ်နိုင်ရမှာလဲ’ တဲ့။ နေမန်လည်း သူတို့ပြောတာ လက်ခံပြီး ဂျော်ဒန်မြစ်ကို သွားတယ်။ ခုနစ်ကြိမ် ရေချိုးလိုက်တယ်။ ခုနစ်ကြိမ်မြောက် ရေထဲက ထလာတဲ့အခါ နေမန်ရဲ့ရောဂါ လုံးဝပျောက်သွားတယ်။ တော်တော်လေး ကျေးဇူးတင်ပြီး ဧလိရှဲဆီ ပြန်သွားတယ်။ ‘ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားဖြစ်မှန်း အခု ကျွန်တော် သိပါပြီ’ လို့ နေမန်ပြောတယ်။ နေမန် ရောဂါပျောက်ကင်းသွားပြီး ပြန်လာတဲ့အခါ အစ္စရေးမိန်းကလေး ဘယ်လိုခံစားရမယ် ထင်သလဲ။
“ကလေးငယ်တွေနဲ့ နို့စို့ကလေးတွေရဲ့ နှုတ်ကနေ ချီးမွမ်းစကား ထွက်စေတယ်။” —မဿဲ ၂၁:၁၆