မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၂

ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်

ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်

ဆီးရီးယား​ဘုရင် ဗင်ဟာဒဒ်​ဟာ အစ္စရေး​ပြည်​ကို တစ်ချိန်လုံး တိုက်ခိုက်​နေတယ်။ ပရောဖက်​ဧလိရှဲဟာ အစ္စရေး​ဘုရင်​ကို အမြဲ​သတိပေး​နေလို့ ရှောင်နိုင်​ခဲ့တယ်။ ဒါကြောင့် ဧလိရှဲ​ကို ဖမ်းဆီးဖို့ ဗင်ဟာဒဒ် ဆုံးဖြတ်​တ​ယ်။ ဧလိရှဲ​ဟာ ဒေါသန်​မြို့မှာ ရှိနေ​မှန်း သိသွား​တော့ သူ့ကိုဖမ်းဖို့ ဆီးရီးယား​စစ်တပ်​ကို လွှတ်လိုက်​တ​ယ်။

ဆီးရီးယား​စစ်တပ်​ဟာ ညဘက်​မှာ ဒေါသန်​မြို့​ကို ရောက်လာတယ်။ မိုး​လင်း​တော့ ဧလိရှဲရဲ့​နောက်လိုက် အပြင်ထွက်​တာနဲ့ တစ်မြို့​လုံးကို စစ်တပ်​ဝိုင်းရံ​ထားတာ တွေ့​လိုက်တယ်။ ဒါနဲ့ ‘အမ​ယ်​လေး၊ သခင်​ရေ။ ကျွန်တော်တို့ ဘယ်လို​လုပ်ကြ​မလဲ’ လို့​လန့်​ပြီး​ပြောတယ်။ ဧလိရှဲ​က ‘ငါတို့​ဘက်မှာ သူတို့​ထက် ပိုများ​တဲ့​သူတွေ ရှိတယ်’ လို့​ပြန်ပြောတယ်။ အဲဒီအချိန်​မှာ ယေဟောဝါက ဧလိရှဲ​ရဲ့ နောက်လိုက်​ကို မြို့​ပတ်လည် တောင်တန်း​တွေ​ပေါ်မှာ မီးလိုတောက်ပနေတဲ့ မြင်း​တွေ၊ စစ်မြင်းရထား​တွေကို မြင်​စေတယ်။

ဆီးရီးယား​စစ်သားတွေ ဧလိရှဲ​ကို ဖမ်း​ဖို့​ကြိုးစား​တဲ့အခါ ‘ယေဟောဝါ၊ သူတို့​မျက်စိ​ကို ကွယ်စေပါ’ လို့​ဆုတောင်း​လိုက်လို့ သူတို့​မြင်​လျက်​နဲ့ ဘယ်​ရောက်နေ​မှန်း မ​သိ​ကြဘူး။ ဧလိရှဲက စစ်သားတွေ​ကို ‘ဒီ​မြို့​ဟာ ခင်ဗျား​တို့​ရှာ​နေတဲ့ မြို့​မဟုတ်ဘူး။ ကျွန်တော့်​နောက် လိုက်ခဲ့။ ခင်ဗျား​တို့​ရှာ​နေတဲ့​လူ​ဆီ ပို့ပေး​မယ်’ လို့ပြော​လိုက်တယ်။ ဒါနဲ့ ဧလိရှဲ​နောက် သူတို့​လိုက်​သွားတာ အစ္စရေး​ဘုရင်​နေတဲ့ ရှမာရိ​မြို့​ဆီ ရောက်​သွားတယ်။

ဆီးရီးယား​စစ်သားတွေ​ဟာ ဘယ်​ရောက်နေ​မှန်း သိသွား​တဲ့အခါ အစ္စရေး​ဘုရင်​က ‘သူတို့ကို သတ်​လိုက်ရ​မလား’ လို့ ဧလိရှဲ​ကို မေးတယ်။ သူ့ကို သတ်ချင်​တဲ့​သူတွေ​ဆိုပြီး ဧလိရှဲ ကလဲ့စားချေ​ခဲ့သလား။ အဲဒီလို လုပ်​မယ့်အစား ဧလိရှဲ​က ‘သူတို့ကို မ​သတ်​နဲ့။ ကျွေးမွေး​ပြီး ပြန်လွှတ်​လိုက်ပါ’ လို့ ပြောတယ်။ ဒါနဲ့ ဘုရင်​လည်း စားသောက်ပွဲကြီး​လုပ်ပေး​ပြီး ပြန်လွှတ်​လိုက်တယ်။

“အလိုတော်​နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။” —၁ ယောဟန် ၅:၁၄