မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၃

ယောယဒရဲ့ ရဲစွမ်းသတ္တိ

ယောယဒရဲ့ ရဲစွမ်းသတ္တိ

ယေဇဗေလ​မှာ အာသလိ​လို့ခေါ်တဲ့ သမီး​တစ်ယောက်​ရှိတယ်။ သူ​လည်း သူ့​အမေ​လိုပဲ ဆိုးတယ်။ အာသလိ​ရဲ့​ခင်ပွန်းဟာ ယုဒဘုရင်​ဖြစ်တယ်။ ခင်ပွန်း​ဆုံးသွား​တော့ သားက နန်းတက်တယ်။ သား​လည်း ဆုံးသွား​တဲ့အခါ အာသလိ​ကိုယ်တိုင် ယုဒပြည်​ကို အုပ်ချုပ်​ခဲ့တယ်။ မြေး​အရင်း​တွေ​အပါအဝင် ဘုရင်ဖြစ်လာ​မယ့် ဘယ်သူ့​ကို​မဆို သတ်ပစ်​ပြီး မင်းမျိုး​ဆက်​တစ်ခုလုံးကို ဖယ်ရှား​ဖို့ သူ​ကြိုးစား​တ​ယ်။ လူတိုင်း​က သူ့ကို ကြောက်​ကြ​တ​ယ်။

ပုရောဟိတ်မင်း ယောယဒ​နဲ့ ဇနီး​ဖြစ်သူ ယောရှေဘ​ဟာ အာသလိ လုပ်​နေတာ မကောင်းမှန်း သိ​ကြ​တ​ယ်။ အာသလိ​ရဲ့ မြေး​တစ်ယောက်ဖြစ်တဲ့ ယောရှ​လေး​ကို ဝှက်ထား​ကြ​လို့ သူတို့​မှာ အသက်အန္တရာယ်​ရှိတယ်။ သူတို့ဟာ ကလေး​လေး​ကို ဗိမာန်တော်​မှာ စောင့်ရှောက်​ထားတယ်။

ယောရှ ခုနစ်နှစ်​အရွယ်မှာ ယောယဒ​ဟာ အကြီးအကဲ​တွေနဲ့ လေဝိသားတွေ​အားလုံးကို စုဝေးစေပြီး ‘အိမ်တော်​တံခါး​တွေကို စောင့်ကြည့်​ထား၊ ဘယ်သူမှ မဝင်​လာ​စေ​နဲ့’ လို့ မှာ​တ​ယ်။ ပြီးတော့ ယောရှ​ကို ယုဒပြည်​ရဲ့ ဘုရင်အဖြစ် ခန့်အပ်​ပြီး သရဖူ​ဆောင်း​ပေး​လိုက်တယ်။ ဒီနောက် ယုဒပြည်​သားတွေ​က ‘မင်းကြီး အသက်​တော်​ရှည်​ပါစေ’ လို့ ကောင်းချီး​ဩ​ဘာ ပေးကြတယ်။

လူအုပ်​ရဲ့ အော်​သံ​ကို မိဖုရား​အာသလိ​ကြား​တဲ့အခါ ဗိမာန်တော်​ထဲ အတင်း​ပြေးဝင်​လာတယ်။ ဘုရင်​အသစ်​ကို တွေ့​တဲ့အခါ ‘ဒါ ပုန်ကန်မှု​ပဲ၊ ပုန်ကန်​နေကြ​တာပဲ’ လို့ အော်ဟစ်​ပါ​လေ​ရော။ အကြီးအကဲတွေ​ဟာ မိဖုရားဆိုး​ကို ဆွဲထုတ်​ခေါ်​သွားပြီး သတ်ပစ်​လိုက်​ကြ​တ​ယ်။ ဒါပေမဲ့ တိုင်းပြည်မှာ သူ​လုပ်ခဲ့တဲ့ မကောင်း​တာတွေကို ဘယ်လို​လုပ်​မလဲ။

ယေဟောဝါ​တစ်ပါးတည်း​ကိုပဲ ဝတ်ပြုမယ်လို့ ကတိသစ္စာ​ပြု​ဖို့ တိုင်းသူပြည်သား​တွေကို ယောယဒ ကူညီ​ပေးခဲ့တယ်။ ဗာလ​ဘုရားကျောင်းကို ဖြိုဖျက်​ပြီး ရုပ်တု​တွေကိုလည်း ချိုးဖဲ့ဖျက်ဆီး​ပစ်လိုက်တယ်။ ပုရောဟိတ်တွေ​နဲ့ လေဝိသားတွေ​ကို ဗိမာန်တော်​မှာ တာဝန်ပေး​လိုက်တော့ လူတွေဟာ အိမ်တော်မှာ ပြန်​ပြီး ဝတ်ပြုကိုးကွယ်​နိုင်ကြ​တ​ယ်။ အိမ်တော်ကို စောင့်ကြပ်​ဖို့ တံခါး​စောင့်​တွေကို တာဝန်ပေး​လိုက်တဲ့​အတွက် မသန့်ရှင်း​သူတွေ ဝင်​လို့​မရ​တော့ဘူး။ အဲဒီနောက် ယောယဒ​နဲ့ အကြီးအကဲတွေ​ဟာ ယောရှ​ကို နန်းတော်​ဆီ ခေါ်လာ​ပြီး ရာဇပလ္လင်​ပေါ် ထိုင်​ခိုင်း​တ​ယ်။ ယုဒပြည်​သားတွေ​လည်း ပျော်ရွှင်​ကြ​တ​ယ်။ အခုတော့ ဆိုးညစ်​တဲ့ အာသလိ​နဲ့ ဗာလ​ဝတ်ပြုမှုကနေ ကင်းလွတ်ပြီး ယေဟောဝါကို ဝတ်ပြု​နိုင်ကြ​ပြီ။ ယောယဒ သတ္တိရှိ​လို့ လူအများကြီးကို ကူညီပေး​နိုင်တာ။

“ကိုယ်ခန္ဓာ​ကို သတ်​နိုင်​ပေ​မဲ့ အသက်ကို မဖျက်ဆီး​နိုင်တဲ့ လူတွေကို မကြောက်ပါနဲ့။ ကိုယ်ခန္ဓာ​ရော အသက်​ကိုပါ ဂေဟင်နာ အရပ်​မှာ ဖျက်ဆီး​နိုင်တဲ့​အရှင်​ကိုပဲ ကြောက်ကြပါ။”—မဿဲ ၁၀:၂၈