မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၇

ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်

ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်

ယေဟောဝါက ယေရမိ​ကို ယုဒလူ​တွေရဲ့ ပရောဖက်​ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်။ လူတွေကို ဟောပြော​ဖို့၊ မကောင်း​တာတွေကို မလုပ်​ကြ​ဖို့ သတိပေး​ခိုင်း​တ​ယ်။ ဒါနဲ့ ယေရမိ​က ‘ယေဟောဝါ၊ ကျွန်တော်ဟာ လူငယ်လေး​ပါ။ ပြောတတ်​ဆို​တတ်​သူ မဟုတ်ဘူး’ ဆိုပြီး တောင်းပန်​တ​ယ်။ ဒါနဲ့ ယေဟောဝါက ‘မကြောက်​ပါနဲ့၊ ဘာ​ပြော​ရ​မလဲဆိုတာ မင်း​ကို ငါပြောပြမယ်။ ငါ​ကူညီပေး​မှာပါ’ လို့ သူ့ကို ကတိ​ပေးတယ်။

ယေဟောဝါက ယေရမိ​ကို အကြီးအကဲတွေ ခေါ်​ခိုင်း​ပြီး သူတို့​ရှေ့မှာ မြေ​ရေ​တ​ခေါင်းကို ခွဲခိုင်းတယ်။ ပြီးတော့ ‘ဂျေရုဆလင်မြို့​ကို ဒီအတိုင်း​ပဲ ခွဲ​ပစ်​မယ်’ လို့ ပြော​ခိုင်းတယ်။ ယေဟောဝါ ပြောတဲ့​အတိုင်း ယေရမိ လုပ်တဲ့အခါ လူတွေ​က အကြီးအကျယ် စိတ်ဆိုး​တ​ယ်။ ပါရှုရလို့​ခေါ်တဲ့ ပုရောဟိတ်​တစ်ယောက်က ယေရမိ​ကို ရိုက်နှက်​ပြီး ထိတ်​တုံး​ခတ်​ထားတယ်။ ယေရမိ​ခမျာ တစ်ည​လုံး မလှုပ်ရှားနိုင်​ဘူး။ ပါ​ရှု​ရ​က နောက်​နေ့​မနက်​မှာ ထိတ်​တုံး​ဖြုတ်​ပေး​လိုက်တယ်။ ဒီ​အခါ ယေရမိ​က ‘ငါ မခံနိုင်​တော့ဘူး။ မဟောပြော​တော့ဘူး’ လို့ ပြော​မိ​ပေမဲ့ သူ တကယ်ပဲ အရှုံးပေး​သလား။ အရှုံးပေး​မယ့်အစား ယေရမိ​က ‘ယေဟောဝါရဲ့ နှုတ်ထွက်စကားတွေဟာ ရင်​ထဲမှာ မီး​လိုပဲ။ မ​ဟော​ဘဲ မနေ​နိုင်​ဘူး’ လို့ ပြောတယ်။ ဒါနဲ့​ပဲ လူတွေကို ယေရမိ ဆက်သ​တိ​ပေးတယ်။

နှစ်​အတော်ကြာ​တဲ့အခါ ယုဒပြည်​မှာ ဘုရင်အသစ် နန်းတက်​တ​ယ်။ ပုရောဟိတ်တွေ၊ ပရောဖက် အတုအယောင်​တွေ​က ယေရမိ​ရဲ့ စကားကို မကြားချင်​ဘူး။ ဒါနဲ့ မင်းညီမင်းသားတွေကို သူတို့က ‘ဒီ​လူ သေခံထိုက်တယ်’ လို့ ပြောတယ်။ ဒီ​အခါ ယေရမိက ‘မင်း​တို့ ငါ့ကို သတ်​မယ်ဆိုရင် အပြစ်မရှိသူကို သတ်ပစ်​တာပဲ။ ငါ​က ယေဟောဝါရဲ့ စကားကို ပြော​နေတာ’ လို့ ပြောတော့ မင်းညီမင်းသား​တွေ​က ‘ဒီ​လူ မသေထိုက်ပါဘူး’ လို့ ပြန်ပြောတယ်။

ယေရမိ​ ဆက်​ဟောပြော​တော့ မင်းညီမင်းသား​တွေလည်း စိတ်ဆိုး​လာတယ်။ ဒီတော့ ယေရမိ​ကို သတ်ပစ်​ပါ​လို့ ဘုရင်​ကို ပြောတယ်။ ဘုရင်က ‘မင်း​တို့ ယေရမိ​ကို ကြိုက်​သလို​လုပ်’ လို့ ဖြေ​တ​ယ်။ ဒါနဲ့ ယေရမိကို ဖမ်းချုပ်​ပြီး ရွှံ့နွံ​တွေ​ရှိတဲ့ ရေ​လှောင်​ကန်​ထဲမှာ သေသွားရအောင် ပစ်ချ​လိုက်တယ်။ ယေရမိ​လည်း ရွှံ့နွံ​ထဲ နစ်​နေတယ်။

အဲဒီအချိန်​မှာ မိန်းမစိုး ဧဗဒမေလက်​က ‘မင်းညီမင်းသား​တွေဟာ ယေရမိ​ကို ရေလှောင်ကန်ထဲ ပစ်ချ​ထားတယ်။ အဲဒီမှာ သူ့ကို ပစ်ထား​မယ်ဆိုရင် သေ​မှာပဲ’ လို့ ဘုရင်​ကို ပြောပြတော့ လူ ၃၀ နဲ့အတူ​သွားပြီး ယေရမိ​ကို ရေ​လှောင်​ကန်​ထဲကနေ ဆွဲထုတ်​လိုက်​ဖို့ ဧဗဒမေလက်​ကို ဘုရင် အမိန့်​ပေးတယ်။ အတားအဆီး​တွေ​ကြား​ မ​ဟော​ဘဲ​မနေ​ခဲ့တဲ့ ယေရမိ​ကို မတုပချင်ဘူးလား။

“ကျွန်တော့်​နာမည်​ကြောင့် ခင်ဗျား​တို့​ကို လူတွေ မုန်း​ကြ​လိမ့်မယ်။ ဒါပေမဲ့ အဆုံး​ထိ ခံနိုင်ရည်ရှိတဲ့​သူဟာ ကယ်တင်ခံရ​လိမ့်မယ်။”—မဿဲ ၁၀:၂၂