မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၈

ဂျေရုဆလင်မြို့ ပျက်စီးသွား

ဂျေရုဆလင်မြို့ ပျက်စီးသွား

ယုဒလူ​တွေဟာ ယေဟောဝါကို ခဏခဏ​စွန့်ပြီး တခြား​ဘုရားတွေ​ကို ကိုးကွယ်​တ​ယ်။ ဒါတောင်မှ ယေဟောဝါက သူတို့ကို နှစ်​အတော်ကြာ ဆက်​ကူညီပေးတယ်။ သူတို့ကို သတိပေး​ဖို့ ပရောဖက်​တွေ လွှတ်​ပေးပေမဲ့ နားမထောင်​ကြဘူး။ ပရောဖက်​တွေကို လှောင်ပြောင်​သရော်​ကြတယ်။ သူတို့ ရုပ်တု​တွေကိုး​ကွယ်​နေတာကို ယေဟောဝါ ဘယ်လို အရေးယူ​သလဲ။

ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ​ဟာ တစ်နိုင်ငံ​ပြီး တစ်နိုင်ငံ​ကို သိမ်းပိုက်​နေတယ်။ ဂျေရုဆလင်မြို့​ကို ပထမဆုံးအကြိမ် အနိုင်ရ​တဲ့အခါ ဘုရင်ယေခေါနိ၊ မင်းညီမင်းသား၊ စစ်သား၊ လက်မှုပညာသည်​တွေကို ဖမ်း​ပြီး ဗာဗုလုန်​ကို ခေါ်​သွားတယ်။ ယေဟောဝါ​ရဲ့ ဗိမာန်တော်​ထဲက ဘဏ္ဍာ​တွေကိုလည်း ယူသွား​တ​ယ်။ ဒီ​နောက် နေဗုခဒ်နေဇာ​ဟာ ဇေဒကိ​ကို မင်းမြှောက်​လိုက်တယ်။

အစ​မှာတော့ ဇေဒကိ​ဟာ နေဗုခဒ်နေဇာ​စကား နားထောင်​တ​ယ်။ ဒါပေမဲ့ အနီးအနား​က နိုင်ငံ​တွေနဲ့ ပရောဖက်​အတုအယောင်​တွေဟာ ဗာဗုလုန်ဘုရင်​ကို ပုန်ကန်​ဖို့ လာ​ပြော​ကြ​တ​ယ်။ ယေရမိ​က​တော့ ဒီလို​သတိပေး​တယ်– ‘မင်းကြီး ပုန်ကန်​မယ်ဆိုရင် ယုဒပြည်​မှာ ဓား​ဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေး ရှိ​လိမ့်မယ်။’

ဇေဒကိ​ဟာ ရှစ်နှစ်​အုပ်ချုပ်​ပြီးနောက် အီဂျစ်​မင်း​ရဲ့ အကူအညီ​နဲ့ ဗာဗုလုန်​ကို ပုန်ကန်​တ​ယ်။ အဲဒီအခါ နေဗုခဒ်နေဇာ​က သူ့​စစ်သားတွေ​ကို လွှတ်​ပြီး ဂျေရုဆလင်မြို့​ကို တိုက်​ပါ​လေ​ရော။ သူတို့က မြို့​ကို ဝိုင်းထား​တ​ယ်။ ဒီ​အခါ ယေရမိ​က ‘မင်းကြီး​သာ ဗာဗုလုန်ဘုရင်​ကို အ​ညံ့​ခံရ​င် အသက်ချမ်းသာ​ရမယ်။ ဒီ​မြို့​လည်း ပျက်စီး​မှာ​မဟုတ်ဘူး။ အ​ညံ့​မခံ​ရင်​တော့ ဗာဗုလုန်​လူတွေ​က မြို့​ကို မီးရှို့​လိမ့်မယ်။ မင်းကြီး​ကို ဖမ်း​သွား​လိမ့်မယ် ဆိုပြီး ယေဟောဝါ ပြောတယ်။’ ဇေဒကိ​က ‘ငါ​အ​ညံ့​မခံ​ဘူး’ လို့ ပြန်ပြောတယ်။

တစ်နှစ်​ခွဲ​ကြာ​တော့ ဗာဗုလုန်​စစ်တပ်​က ဂျေရုဆလင်မြို့​ရိုးကို ချိုးဖောက်​ဖျက်ဆီး​ပြီး မြို့​ကို မီးရှို့​လိုက်တယ်။ ဗိမာန်တော်​ကိုလည်း မီးရှို့​ပြီး လူတွေကို သတ်ပစ်​တ​ယ်။ လူအတော်များများကို ဖမ်းခေါ်သွားတယ်။

ဇေဒကိ​က ဂျေရုဆလင်မြို့​က​နေ ထွက်ပြေး​ပေ​မဲ့ ဗာဗုလုန်​လူတွေ လိုက်​ဖမ်း​တော့ ယေရိခေါမြို့​နား​မှာ မိ​သွားပြီး နေဗုခဒ်နေဇာ​ဆီ ခေါ်လာ​တ​ယ်။ နေဗုခဒ်နေဇာ​မင်း​က ဇေဒကိ​ရဲ့ သားတွေ​ကို သူ့​အရှေ့​မှာပဲ သတ်ပစ်​တ​ယ်။ သူ့​မျက်စိ​ကို​ဖောက်​ပြီး ထောင်ချ​ထားတယ်။ ထောင်ထဲမှာပဲ သူ​သေသွား​တ​ယ်။ ဒါပေမဲ့ ယေဟောဝါက ယုဒလူ​တွေကို ‘အနှစ် ၇၀ ကုန်တဲ့အခါ ဂျေရုဆလင်မြို့​ကို ပြန်လာ​ရမယ်’ ဆိုပြီး ကတိ​ပေးတယ်။

အဖမ်းခံရ​ပြီး ဗာဗုလုန်​ကို ဖမ်းဆီးခေါ်သွား​ခံရတဲ့ လူငယ်တွေ ဘာဖြစ်​မလဲ။ ယေဟောဝါကို သူတို့ သစ္စာရှိ​ကြ​ပါ့​မလား။

“အနန္တတန်ခိုး​ရှင် ယေဟောဝါဘုရား၊ ကိုယ်တော်​ရဲ့ စီရင်ဆုံးဖြတ်ချက်တွေဟာ မှန်ကန်​ဖြောင့်မတ်​ပါတယ်။”—ဗျာဒိတ် ၁၆:၇